နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင် နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင် နှင့် တွေ့ဆုံခြင်း အပိုင်း(၂)

4R Health Talk Episode (5), Part-2 (ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်)

အပိုင်း (၂)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြ 4R Health Talk ကျန်းမာရေးရာအဖြေရှာ အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျ။ ဒီနေ့မှာတော့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၂) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးမှာပဲ ဖြစ်ပါတယ် ခင်ဗျ။

မဇ္စျိမ - ဘယ်ဘက်စောင်းအိပ်ရင် ဘယ်ဘက်နှာခေါင်းပိတ်ပါတယ်။ ညာဘက်စောင်းအိပ်တော့ ညာဘက် ပိတ်တယ်။ ထိုင်နေရင် လည်ချောင်းထဲမှာ ကပ်နေတယ် အန္တရာယ် ရှိနိုင်ပါသလား ဘာလုပ်သင့်ပါလဲ ခင်ဗျာ။

Prof: MMK - အန္တရာယ်မရှိပါဘူး။ ဒီရောဂါကလည်း စောစောကပြောသလိုပဲ ဓာတ်မတည့် နှာခေါင်းရောင်ရဲ့ လက္ခဏာတစ်မျိုးပါပဲ။ ဓာတ်မတည့်နှာခေါင်းရောင်ဆိုတာက တစ်ခုခုနှင့် မတည့်လို့ နှာခေါင်းရောင်တာ ဖြစ်တဲ့အတွက် သူက စိတ်တော့ ရှည်ရတယ်။ မတည့်တာကို မတွေ့အောင်ရှောင်ခြင်းဟာ သူ့ရောဂါကို အမြစ်ပြတ်အောင် ကုခြင်းပါပဲ။ ရောဂါဖြစ်လာပြီဆိုရင်တော့   စောစောကပြောသလိုပဲ နှာခေါင်းဆေးတာ နှာခေါင်းကို ဆေးဖျန်းတာ ဆေးသောက်တာတွေ လုပ်လို့ ရပါတယ်။ အဓိက ပြောချင်တာကတော့ မတည့်တာတွေကို မတွေ့အောင် ရှောင်ခြင်းဟာ သူ့အတွက် ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

မဇ္စျိမ - ဟုတ်ကဲ့ နောက်တစ်ယောက်ကတော့ မော်မော်ဝင်း ဖြစ်ပါတယ်။ မော်မော်ဝင်းက ဘာမေးထားလဲဆိုတော့ နားတစ်ဖက်က ဆူညံပေါက်ကွဲသံကြောင့် မကြားရပါ အားရုံစိုက်ရင်တော့ နည်းနည်းကြားရပါတယ် နားစည်ပိတ်သွားတယ်လို့ သိရပါတယ်။ တစ်ဖက်လူနဲ့ စကားပြောရင် ဘာသာပြန်ရှိမှ အဆင်ပြေပြီး အော်ပြောမှ ကြားရပါတယ်။

Prof: MMK -ဒီဟာကတော့ စောစောက သူပြောထားတဲ့ အထဲမှာ ပါတယ်ပေါ့နော်။ ဆူညံတဲ့ ပေါက်ကွဲသံကြားလို့ နားလေးသွားတာပေါ့နော်။ နားလေးရောဂါထဲမှာ တစ်ခုအပါဝင်ပေါ့။ အဲဒါ သူက ဘယ်လောက်လောက် လေးသွားသလဲဆိုတာ သိအောင်က ကျွန်တော်တို့ နားကို စက်နဲ့ စမ်းသပ်ကြည့်ဖို့ လိုတယ်ပေါ့။ စမ်းသပ်ပြီးတော့ အခုဆေးရုံတွေကို ရန်ကုန်ဆေးရုံတွေကော အခု နယ်ဆေးရုံတွေရော နားစမ်းတဲ့ ကရိယာတွေကို နိုင်ငံတော်အစိုးရက ဝယ်ယူပေးထားပါတယ်။ ပေးထားတယ်ဆိုတော့ ကျွန်တော်တို့ ဆေးရုံကို လာပြီးတော့ စမ်းကြည့်ပါ။ စမ်းကြည့်လို့ ရှိရင် အာရုံကြော ချို့ယွင်းလို့ နားလေးသွားတာ ရှိတယ်။ နားစည်းတွေ ပေါက်ပြီးတော့မှ နားလေးသွားတာလည်း ရှိတယ်။ contention system ပျက်ပြီးတော့ လေးတဲ့ ဟာနဲ့ နောက်တစ်ခုက အာရုံကြော ချို့ယွင်းတာ မတူဘူးပေါ့။ အကြမ်းဖျင်းအားဖြင့်တော့ အာရုံကြော ချို့ယွင်းပြီး လေးလို့ ရှိရင် နားကြားကရိယာ တပ်လို့ ရပါတယ်။ စောစောတုန်းက ပြောတဲ့ နားစည်ပေါက်လို့ contention system ပျက်တယ်ဆိုရင်တော့ လိုအပ်ရင် ခွဲစိပ်ကုသတာတွေ လုပ်လို့ ရပါတယ်။ အဲတော့ ပထမဆုံး သူကို အကြံပေးချင်တာကတော့ နားကို စက်နဲ့ စမ်းကြည့်ပါ။ စမ်းကြည့်ပြီးတော့ ဘယ်လိုမျိုး နားလေးတာလည်း ဆိုတာ ပေါ်လာမှ သူရဲ့ ဆက်ပြီးတော့မှ ကုသမယ့် နားကြားကရိယာ တပ်တာတို့ ခွဲစိပ်ကရိယာ ထည့်တာတို့ ဒါတွေ လုပ်သင့်ပါတယ်။

မဇ္စျိမ - နောက်တစ်ခုက ဆရာကြီး အသက်ကြီးလာရင် နားလေးသွားတာ ကျတော့ ရော။

Prof: MMK -ဟုတ်ကဲ့ အသက်ကြီးလို့ နားလေးတာက အာရုံကြော ချို့ယွင်းလို့ လေးတာပါပဲ။ အသက်ကြီးလာရင် လူတွေက မျက်စိမှုန်မယ် သွားကျိုးမယ်။ နားလေးမယ်။ ဆံပင်ဖြူမယ်ပေါ့။ ဒါတွေက လူတိုင်း ရှောင်လွဲလို့ မရဘူပေါ့။ အဲတော့ သူတို့ကို ကာကွယ်ဖို့ဆိုရင်တော့ အဟာရ ပြည့်ပြည့်ဝဝ စားမယ်။ လိုအပ်ရင် ဗိုက်တာမင် စီ စားမယ်ပေါ့။ နောက်တကယ်လို့ ကြီးလာလို့မှ နားလေးတယ်ဆိုရင်တော့ မျက်မှန်တပ်သလိုပဲ နားကြားကရိယာ တပ်လို့ ရပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ အောင်မြတ်သူ ဖြစ်ပါတယ်။ သူက ကလေးအတွက်ပါတဲ့။ ၄နှစ်သားပါ  နှာခေါင်းသွေး ခဏခဏ ယိုလို့ ဘယ်လို လုပ်ရမလဲ။ သူအမေကိုယ်ဝန်နဲ့ ဆေးပူတွေ မသိလို့ သောက်ခဲ့တာတွေတော့ ရှိတယ်။ ဘယ်လို ကုရမှန်း မသိလို့ပါ။

Prof: MMK - အဲတော့ ကလေးတွေ ၄နှစ်သားအရွယ်မှာ နားခေါင်းသွေး လျှံတာ အဖြစ်များပါတယ်။ ဖြစ်တတ်တယ်ပေါ့နော်။ အဲတော့ ဖြစ်တာလည်း အဲလို ကိုယ်ဝန်နဲ့ ဆေးပူတွေ သောက်လို့ မဟုတ်ပါဘူး။ အဲတော့ မွေးရာပါ နှားခေါင်းထဲမှာရှိတဲ့ သွေးကြောလေးတွေ ဖောင်းပြီးတော့ ယိုတဲ့ ရောဂါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒါ အင်မတန်နည်းပါတယ်။ အဲတော့ ဒီလို လေးနှစ်သား အရွယ်လေးတွေ ဖြစ်တာ များတာကတော့ နှာခေါင်းရောင်လို့ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကလေးဆိုတော့ နှာခေါင်း နှိုက်လို့ပဲ ဖြစ်တယ်။ များသေားအားဖြင့့် ကလေးတွေဟာ နှာခေါင်းနှိုက်တယ်။ တွေ့ရာ ပစ္စည်းတွေကို နှာခေါင်းထဲ ထည့်မယ်။ ပါးစပ်ထဲ ထည့်မယ် ဒါမျိုးတွေကြောင့် အဖြစ်များတတ်ပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကို ကျွန်တော် အလှည့်ပေးပါရစေ။ နာမည်ကတော့ အောင်မျိုးမင်းပါ။ သူက ဘာလဲဆိုရင် ကျွန်တော် နှာခေါင်းက ဘာအနံမှ မရတာ လေးလလောက် ရှိပါပြီ ခင်ဗျာ။ အထူးကုနဲ့ ပြပြီး မှန်ပြောင်းကြည့်တာလည်း စိုးရိမ်စရာ မရှိလို့ ပြောပါတယ် ခင်ဗျာ။ ပေးတဲ့သောက်ဆေး စားတာလည်း မသက်သာဘူး ဖြစ်နေပါတယ် ခင်ဗျာ။ ဘာလုပ်သင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျာ။

Prof: MMK - အဲဒါ နှာခေါင်း အနံမရတာတော့ သူရဲ့ ဖြစ်တဲ့ အကြောင်းအရာတွေကလည်း အများကြီး ရှိတယ်။ စောစောကပြောတဲ့ ဓာတ်မတည့် နှာခေါင်းရောင်ခြင်းကြောင့် ဖြစ်တဲ့အရာမှာလည်း အနံမရဘူး ဖြစ်တတ်တယ်။ နောက်တစ်ခုက နှာခေါင်းထဲမှာ အသားပိုတွေ ထွက်တဲ့ အခါမှာလည်း ဖြစ်တတ်တယ်။ နှားခေါင်းထဲမှာ အကျိတ်တွေ ဖြစ်ရင်လည်း ဖြစ်တတ်တယ်။ နှာခေါင်းထဲမှာ ရှိတဲ့ အကနု့်လေးတွေပေါ့နော် နှာခေါင်းထဲမှာ အရိုးနုလေးတွေ ရှိတယ်။ အဲတော့ နှာခေါင်းအကန့်လေးတွေ ကောက်နေတဲ့ သူတွေကလည်း နှာခေါင်း အနံမရဘူး ဖြစ်တတ်တယ်။ နောက်ဆုံးတစ်ခုကတော့ အခုခေတ်မှာ ပေါ်တယ်။ ခေါင်းတွေ ခိုက်မိတဲ့ သူတွေပေါ့နော်။ အဲလို ခေါင်းခိုက်မိတဲ့ သူတွေမှာလည်း အနံကို အာရုံခံတဲ့ အာရုံကြောလေးတွေ ပြတ်သွားလို့ ရှိရင်လည်း အနံမရဘူး ဖြစ်တတ်တယ်ပေါ့။ အဲတော့ အခု ဒီမေးခွန်းရှင်ဟာ ခေါင်းခိုက်မိဖူးသလားပေါ့။ ခေါင်းခိုက်မိဖူးတယ်ဆိုရင် ဦးနှောက်က လာတဲ့ နှားခေါင်း အနံခံတဲ့ အာရုံကြောလေးတွေ ပြတ်သွားတာ ဖြစ်နိုင်တယ်ပေါ့။ အဲလို ပြတ်သွားရင်တော့ အနံမရဘူး အမြဲတမ်းပဲ ဖြစ်တတ်တယ်။ စောစောတုန်းက ပြောသလို အကျိတ်အဖုတွေကြောင့်ဆိုရင်တော့ ခွဲစိပ်လိုက်ရင် အနံပြန်ရနိုင်ပါတယ်။ နောက်တစ်ခုက ဓာတ်မတည့် နှာခေါင်းရောင်တာကြောင့်ဆိုရင် သေချာစွာ ကုသရင် အနံပြန်ရနိုင်ပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်က ကျွန်မ သားလေးက အသက် ၉နှစ် ရှိပြီ။ ပါးစပ်က နံတယ်။ နှားခေါင်းကလည်း ဟတ်ချိုးဆိုရင် သလိပ်တွေလည်း ထွက်တယ်ပေါ့နော်။ ဘယ်လိုမျိုး ကုသရမလဲ။

Prof: MMK - အသက် ၉နှစ်နဲ့ အာပုတ်စော် နံတယ်ဆိုတာ ဒီအရွယ်လေးတွေက သွားပိုးစားတတ်တယ်ပေါ့နော်။ ပိုးစားတော့ သွားတွေများ ကောင်းသလား မကောင်းဘူးလားဆိုတာ စစ်ဆေးသင့်ပါတယ်။ အချို့ကတော့ ရေစီးကမ်းပြိုဆိုတဲ့ သွားဖုံးတွေ ရောင်တဲ့ ရောဂါရှိတယ်။ ဒီအရွယ်လေးတွေကလေ။ အဲဒီဟာတော့ သွားဖုံးရောင်ပြီး သေချာကုသရင် အာပုတ်စောနံတာ သက်သာပါတယ်။ နောက်တစ်ခုကတော့ စောစောကပြောတဲ့ အာသီးရောင်တာပေါ့နော်။ အားသီးမှာ ပြည်တည်နာတွေ ပြည်ဝက်တွေ ရှိရင်လည်း အာပုတ်စော နံတတ်တယ်ပေါ့နော်။ အဲတော့ အဲဒီဟာတွေကို သေချာစစ်ဆေးပြီးတော့ သူဖြစ်တဲ့ ရောဂါပေါ် လိုက်ပြီး ကုသရင်တော့ ကောင်းနိုင်ပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ နိုင်လင်းဆိုတဲ့ တစ်ယောက်က မေးလာတာ။ သူက ခဏခဏ ခေါင်းကိုက်လို့ပါတဲ့။ အဲဒါ ဘာဖြစ်လို့ပါလဲ။

Prof: MMK -အဲတော့ ခေါင်းကိုက်တဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။  အသက်အရွယ်က ဘယ်လောက်လဲ။ သွေးတိုးရောဂါ ရှိသလား။ လည်ပင်းကျီးပေါင်းတက်ရောဂါ ရှိသလား။ ဒါမှ မဟုတ်လို့ ရှိရင်လည်း မျက်စိပဲ ကိုက်နေသလား မျက်စိပဲ မှုန့်နေသလားပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ထိခိုက်နာများ ရှိသလားပေါ့။ ဒါမှ မဟုတ်ရင်လည်း ဦးနှောက်နဲ့ အာရုံကြောထဲမှာ အကျိ်တ်အဖုတွေများ ရှိနေသလား။ အဲတော့ သူရဲ့ အသက်အရွယ်နဲ့ သူခံစားနေရတဲ့ ဝေဒနာကို စစ်ဆေးတော့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကို ပြသပြီးတော့မှ ကုသပြီးတော့မှ စစ်ဆေးရင်တော့ ကောင်းနိုင်ပါတယ် ခင်ဗျ။

မဇ္စျိမ - နောက်တစ်ခုက ကျွန်တော်တို့ ကင်ဆာပဲ ဖြစ်ဖြစ် လည်ပင်းကင်ဆာပဲ ဖြစ်ဖြစ် နောက် အရိုးကျီးပေါင်း တက်တာပေါ့နော်။ အဲဒါတွေက လက္ခာတွေက ဘယ်လိုပြလဲ ဆရာ။

Prof: MMK - အဲတော့ လည်ပင်းကင်ဆာ လက္ခာက တစ်မျိုးပေါ့နော်။ ကျီးပေါင်း လက္ခာက တစ်မျိုး။ လည်ပင်းကင်ဆာ လက္ခာတွေက များသော အားဖြင့်က စောစောက ကျွန်တော် ပထမဆုံး ပြောခဲ့သလိုပဲ အမျိုးသားတွေမှာ လူလတ်ပိုင်းတွေ အသက် ၄၀၊ ၅၀၊ ၆၀ မှာ အဖြစ်များတယ်ပေါ့။ ဖြစ်လို့ ရှိရင်လည်း ဆေးလိပ်သောက်တယ်။ ကွမ်းစားတယ်။ အရက်သောက်တဲ့ သူတွေမှာ အဖြစ်များတယ်ပေါ့။ သူက ဘာနဲ့ လာမလဲဆိုရင် တစ်ချို့သူတွေကတော့ အသံပြောင်းသွားတာပေါ့နော်။ အသံမူးရင်းအသံကနေပြီးတော့ အသံတွေ ပျက်သွားတယ်။ အသံတွေ ပြောင်းသွားတယ်။ အဲတာကလည်း တစ်ပတ်နှစ်ပတ်နဲ့ မသက်သာဘူး တစ်လ နှစ်လလောက်ထိ မသက်သာဘူးဆိုရင်တော့ နား၊ နှားခေါင်း၊ လည်ချောင်း ဆရာဝန်တွေကို ပြသပြီးတော့ အထဲထဲမှာ အနာရှိလား မရှိလားဆိုတာ ကြည့်ပြီးတော့မှ သိသင့်တယ်။ အချို့သူတွေကတော့ ဘာနဲ့ လာလဲဆိုရင် လည်ပင်း အကျိတ်အဖုတွေနဲ့ လာတယ်ပေါ့။ အဲတာတွေကတော့ အထူးသဖြင့် နယ်တွေမှာ တောတွေမှာ နေတဲ့ သူတွေက ဆေးရုံဆေးခန်းနဲ့ ဝေးနေတော့ သူတို့က သတိမထားမိဘူး။ ကျန်းမာရေးပေါ့နော်။ အဲတော့ နောက်ကျတယ်ပေါ့။ လည်ပင်းမှာ အကျိတ်အဖုဆိုတာ ပေါ်လာပြီ ဆိုတဲ့ အခါကျမှ ပြတဲ့ အနေနဲ့ လာကြပါတယ်။ တစ်ချို့တွေက အစာမြိုလို့ ခက်နေတာကနေ လာကြပါတယ်။ အစာမြိုတဲ့ အခါမှာ လည်ပင်းထဲမှာ ခက်တယ်။ ခုတယ်။ နင်တယ်ဆိုရင် ပုံမှန်ဆိုရင်တော့ လျောလျောရှုရှုပဲ ဖြစ်ရမှာပေါ့နော်။ အဲတော့ တစ်ပတ်ဆိုရင်တော့ ပျောက်သင့်ပြီပေါ့။ အဲတော့ တစ်ပတ်မကတော့ဘူး တစ်လလောက်လည်း ကြာနေပြီ အစာနင်တာတွေ တစ်ဖြေးဖြေးနဲ့ ဆိုးဆိုးလာတယ်ဆိုရင်တော့ ကင်ဆာလက္ခာ ဖြစ်နိုင်ခြေရှိတဲ့ အတွက် နားလည်တတ်ကျွမ်းတဲ့ နား နှာခေါင်း ဆရာဝန်တွေကို ပြသပြီးတော့ စစ်ဆေးမှု ခံယူသင့်ပါတယ်။

မဇ္စျိမ - မေးခွန်းတွေ မေးမြန်းကြတဲ့ မဇ္စျိမ ပရိတ်သတ်များကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။ နောက်တစ်ယောက်ကတော့ ဆရာရေ လည်ပင်းထဲမှာ လေ တက်ဆို့သလို ဖြစ်နေတယ်။ လေတက်လိုက်ရင် သက်သာသွားတယ်။ နှလုံးသွေးကြောကျဉ်းရောဂါလည်း ရှိတော့ သိချင်ပါတယ်။ နှလုံးရောဂါကြောင့်လား တစ်ခါတလေတော့ ပျောက်တယ်။ မကြာခဏ ဖြစ်နေတယ်လို့ ပြောပါတယ် ခင်ဗျာ။

Prof: MMK - များသောအားဖြင့် လည်ပင်းထဲမှာ လေတက်ဆို့သလို ဖြစ်နေတဲ့ ရောဂါ ကျွန်တော်တို့ ဆေးရုံက ပြင်ပလူနာဌာနကို ခဏ ခဏ လာကြတယ်ပေါ့နော်။ များသောအားဖြင့် အဖြစ်များတာကတော့ အစာအိမ်ထဲကနေမှ အစာချေရည်တွေ အထွက်များပြီးတော့မှ အပေါ်ကို လျံထွက်တဲ့ ရောဂါဟာ သူတို့ လက္ခာနဲ့ လာတတ်တယ်ပေါ့နော်။ အဲတော့ အစာအိမ်ထဲမှာ အစားချေတဲ့ အက်ဆစ်တွေ ထွက်တာ များတယ်။ များပြီးတော့ သူ့နေရာနဲ့သူ အစာအိမ်ထဲမှာ နေရင် သူက မလောင်ဘူးပေါ့။ အစာအိမ်က ချွဲတွေ ရှိတဲ့အတွက် သူက ကာဗွန်မလောင်ဘူး။ သူ့နေရာမှာ မရှိဘဲနဲ့ အပေါ်မှာ ရှိတဲ့ လည်ပင်းထဲကို အစာအိမ်ပြွန်တွေ တစ်လျှောက် တက်လာပြီးတော့ အပေါ်ကို တက်လာလို့ ရှိရင်တော့ သူ့မှာ ချွဲတွေ မရှိတဲ့ အတွက် ဒီအက်ဆစ်တွေက လောင်တယ်ပေါ့။ လောင်လို့ ရှိရင် စောစောကပြောသလိုပဲ လေတက်လာသလို ဖြစ်မယ်။ ရင်ခေါင်းပူမယ်။ လည်ပင်းထဲမှာ အဖတ်တစ်ခု ခံနေသလိုမျိုး တက်စို့ တက်စို့ ဖြစ်နေမယ်ပေါ့နော်။ ဒီလိုလူတွေက အခု အဖြစ်များတယ်ပေါ့။ အဖြစ်များတာ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့ တွက်ကြည့်တော့ အစားအသောက် အနေထိုင် ပုံစံပြောင်းလို့ ဖြစ်နိုင်ပါတယ်။ အစားအသောက်မှာ အစပ်တွေ များတဲ့ အစားအစာတွေ မဆလာတွေ ငရုပ်သီးတွေ ဒါ အစားများတဲ့ သူတွေပေါ့နော်။ နောက်တစ်ခုက အချဉ်တွေပေါ့။ လက်လုပ်ချဉ်တွေ အစားများတဲ့ သူတွေမှာလည်း အဖြစ်များတယ်။ နောက်တစ်ခုက ဂတ်စ်ထွက်တဲ့ အရည်တွေပေါ့။ အချိုရည်တွေ တော်တော်သောက်ကြတယ်။ ဂတ်စ်ထွက်တဲ့ အရည်တွေ သောက်ရင်လည်း အဖြစ်များပါတယ်။ နောက် လက်ဖက်၊ ဂျင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကျွန်တော်တို့ ဗမာလူမျိုးက လဖက်ရည် ကော်ဖီ တော်တော် ကြိုက်ကြတော့ ဒါသောက်များတဲ့ သူတွေမှာလည်း ဖြစ်တယ်ပေါ့။ အဲလို ဖြစ်ရင်တော့ ကျွန်တော်တို့က စမ်းသပ်စစ်ဆေးပြီးတော့မှ အစာအိမ် အက်ဆစ် အထွက်နည်းစေတဲ့ ဆေးတွေ သောက်မယ်။ အစားအသောက် အနေထိုင်ကို ပုံစံပြောင်းမယ်ဆိုရင် ရောဂါကုသလို့ ရပါတယ်။ သူက စိတ်တော့ရှည်ရတယ်။ ဆေးတွေက နှစ်လ သုံးလလောက် သောက်ရတယ်ဗျ။

မဇ္စျိမ - ကျေးဇူးတင်ပါတယ် ခင်ဗျ။ နောက်တစ်ယောက်ကတော့ ကျွန်တော့်သားက သုံးနှစ်အရွယ်တုန်းက အာသီးကြီးလို့တဲ့ နား၊ နှားခေါင်းဆေးရုံမှာ ပြတုန်းက ပြောပါတယ်တဲ့။ အသက် ရနှစ်လောက် ရောက်တော့ ခွဲစိပ်ဖို့ ပြောပါတယ်။ အခု အသက်က ရနှစ်ကျော်ပါပြီတဲ့ ခွဲလိုက်လို့ အသံပြောင်းလဲမှု ဖြစ်တတ်ပါသလား။ မခွဲဘဲနေရင်ရော ဘာ ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ပါသလဲခင်ဗျာ။

Prof: MMK - ဟုတ်ကဲ့။ အာသီးကြီးတဲ့ ရောဂါဟာ ကလေးတွေ အရွယ်မှာ ကလေးရဲ့ အရွယ်နဲ့ အာသီးရဲ့ အရွယ်အစားနဲ့ ဆိုရင် အာသီးရဲ့ အရွယ်အစားက ကြီးနေလို့ ရှိရင် ကလေးမှာ အစာမြိုတဲ့အခါမှာ အခက်ခဲ ရှိနိုင်တယ်။ အသက်ရှုတဲ့အခါမှာလည်း အခက်အခဲ ရှိတယ်။ အထူးသဖြင့် အချို့ကလေးတွေဟာ ညအိပ်တဲ့ အခါမှာ ဟောက်တယ်ပေါ့နော်။ ပုံမှန်ဆိုရင်တော့ မဟောက်နိုင်ဘူး။ အာသီးကြီးတဲ့ ကလေးတွေကျတော့ အသက်ရှုတဲ့ လေလမ်းကြောင်းကို ပိတ်နေတော့ ဟောက်တယ်ပေါ့။ အဲသလို ဟောက်လို့ ရှိရင် သူက အောက်ဆီဂျင်ဓာတ် အပြည့်အဝ မရဘူးပေါ့။ အောက်ဆီဂျင်ဓာတ် အပြည့်အဝ မရဘူးဆိုတာ လေလမ်းကြောင်းကို အာသီးကြီးက ပိတ်နေလို့ အဲလို အပြည့်အဝ မရတဲ့ ကလေးတွေဟာ သာမန် အောက်ဆီဂျင်ဓာတ် အပြည့်အဝ ရတဲ့ ကလေးထက်စာရင် ဉာဏ်ရည် နည်းသွားတတ်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ များသောအားဖြင့်တော့ အဲသလိုမျိုး အသက်ရှုရင်း ဟောက်တယ်။ အစာမြိုရင် တက်တယ်။ အဲလိုမျိုး ကလေးတွေကိုတော့ အာသီးကြီးကလည်း ကြီးနေတယ်ဆိုရင်တော့ ဆရာတို့ကတော့ ခွဲစိပ်ဖို့အတွက် တိုက်တွန်းပါတယ်။ နောက်တစ်ခုက အာသီး ခဏ ခဏ ရောင်တယ်။ နာတယ်ဆိုလို့ ရှိရင်လည်း ခွဲစိပ်ဖို့ တိုက်တွန်းပါတယ်။ အဲတော့ အာသီးခွဲစိပ်လို့ ဘာအန္တရာယ်တွေဖြစ်တတ်လည်း ဆိုတော့ စောစောက ပြောသလိုပေါ့နော်။ အာသီးခွဲစိပ်တာ လိုအပ်မှ ခွဲတာပေါ့။ မလိုအပ်ရင်တော့ ခွဲစိပ်စရာ မလိုပါဘူး။ လူတိုင်းမှာ အာသီးက ရှိပြီးသား ဖြစ်တဲ့ အတွက်ပေါ့။ အဲတော့ လိုအပ်လို့ ခွဲစိပ်ရင် အသံပြောင်းသွားသလား ဆိုတော့ အသံပြောင်းတဲ့ အင်္ဂါနဲ့ အာသီးနဲ့ တစ်ခြားစီ ဖြစ်တဲ့ အတွက် အသံပြောင်းခြင်း မရှိပါဘူး။ အဲတော့ အသံပြောင်းတာသည် လည်ပင်ကြီး ရောဂါတွေ ခွဲစိပ်ကုသရာမှာ ဖြစ်တတ်ပါတယ်။ အာသီး ခွဲစိပ်တာနဲ့တော့ မဆိုင်ပါဘူး။ ခွဲစိပ်လို့ ရပါတယ်။

ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဆရာ ..။

မဇ္စျိမ ပရိတ်သတ်များခင်ဗျာ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၂) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ခင်ဗျ။ နောက်နေ့တွေမှာလည်း အပိုင်း (၃) (၄) တွေကို ဆက်လက် ထုတ်လွှင့်ပေးသွားဦးမှာလည်း ဖြစ်ပါတယ် ခင်ဗျ။

အပိုင်း (၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/30445

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly