မြို့သစ်စီမံကိန်း အနီးဝန်းကျင်မှမြေများ အရောင်းအဝယ်ဖြစ်ကာ ဈေးမြောက်

မြို့သစ်စီမံကိန်း အနီးဝန်းကျင်မှမြေများ အရောင်းအဝယ်ဖြစ်ကာ ဈေးမြောက်

မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြောက်ဦးမြို့သစ်စီမံကိန်း တည်ရှိရာနေရာနှင့် အနီးဝန်းကျင်မှ မြေများ အရောင်းအဝယ်ဖြေစ်ကာ မြေဈေးများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

ရှေးဟာင်းသမိုင်းဝင် နယ်မြေတစ်ခုဖြစ်သည့် မြောက်ဦးမြို့တွင်းရှိ လူနေရပ်ကွက်တချို့တို့မှာ ရှေးဟောင်း အမွေအနှစ်များနှင့် နီးကပ်စွာတည်ရှိသည့်အတွက် ယင်းနေရာမှ လူနေအိမ်များအား ပြောင်းရွှေ့ကာ မြို့သစ်စီမံကိန်းတစ်ရပ် ကို အကောင်အထည်ဖော်ရန် ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

“မြို့သစ်စီမံကိန်း ဧရိယာအတွင်းမှာတော့ အရောင်းအဝယ်လုပ်တာ မရှိဘူး။ အဲဒီနဲ့ အနီးတဝိုက်နေရာတွေမှာတော့ အများကြီးပါ။ မြို့သစ်စီမံကိန်းချထားတဲ့ မောင်ရီကန်ကနေ ထမ္မရာဇ်ရပ်ကွက်အထိကို အရောင်းအဝယ် တော်တော်ဖြစ်နေပါတယ်။ အိမ်ရာ မြေကွက်တွေအဖြစ် အကွက်ရိုက်ပြီး ရောင်းချနေကြတာတွေလည်း တွေ့ရပါတယ်။”ဟု မြောက်ဦးမြို့ခံ ဦးမောင်ကျော်ဇောက ပြောသည်။

မြောက်ဦးမြို့သစ်စီမံကိန်းမှာ လက်ရှိအချိန်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးသော်လည်း ယင်းအနီးဝန်းကျင်မှမြေများမှာ ကာလပေါက်ဈေးထက် မြင့်တက်လျှက်ရှိနေကြောင်း သိရသည်။

“စီမံကိန်းအတွက် လောလောဆယ် လျာထားတာကတော့ ဧက ၄၀၀ လို့ ပြီးခဲ့တဲ့အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အရင်ကတော့ မြေဈေးတွေ ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး။ အခုဈေးပေါက်နေတာ ကတော့ ၆၀×၄၀ တစ်ကွက်ကို သိန်းတစ်ရာထိ ရှိနေပါတယ်။”ဟု ဆက်လက်ပြောကြား ခဲ့သည်။

အဆိုပါဧရိယာနှင့် အနီးတဝိုက်ရှိမြေများမှာ လယ်မြေများဖြစ်ပြီး ယခင်က ကာလပေါက်ဈေး တစ်ဧကလျှင် ဆယ်သိန်း ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း မြို့သစ်စီမံကိန်းအတွက် လျာထားခဲ့သည့်အချိန်မှစတင်ကာ စီးပွားရေးသမားများ၏ ဈေးကြီးပေး ဝယ်ယူနေမှုကြောင့် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly