တစ်ချိန်မှာ တွေ့မယ့် ရှစ်လေးလုံး အောင်ပွဲနေ့သို့

တစ်ချိန်မှာ တွေ့မယ့် ရှစ်လေးလုံး အောင်ပွဲနေ့သို့

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးလည်း ၂၉ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၂၅ နှစ်တုန်းကတော့ ငွေရတုသဘင်ပွဲဆိုပြီး တစ်ပြည်လုံး ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြသေးရဲ့။ ငွေရတုတို့ဘာတို့ဆိုတာ   အောင်မြင်တာ၊ မင်္ဂလာရှိတာ စတဲ့ဘက်တွေမှာပဲ သုံးရတယ်လို့ မောင်မှန် ထင်တယ်လေ။ ဥပမာ ဦးဖြူ ကွယ်လွန်ခြင်း ငွေရတုတို့၊ စစ်ကျွန်သက် စိန်ရတုတို့ဆိုပြီး သုံးနှုန်းတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒီတော့ အရင်ဆုံး ဆန်းစစ်ဖို့ လိုတာ ရှစ်လေးလုံး ၂၅ နှစ်ပြည့်ဟာ အောင်ပွဲသဘင် ဟုတ်၊ မဟုတ်ပါပဲ။ အောင်ပွဲဆိုတာ တစ်ဝက်တို့ တစ်စိတ်တို့ ဒဿမခုနှစ်ဆယ့်ငါးတို့ဆိုပြီး မရှိပါဘူး။ ပြည့်ပြည့်တင်းတင်း ခြွင်းချက်မရှိရမှာသာ အောင်ပွဲခေါ်တာပါ။

ရှစ်လေးလုံး တောင်းဆိုချက်တွေ ၂၅ နှစ်ပြည့်တဲ့အခါ ဘယ်လောက်ရသလဲ ကြည့်ကြရအောင်ပါ။ ရှစ်လေးလုံး တောင်းဆိုချက်တွေကို အနှစ်ချုပ်လိုက်ရင် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တန်းတူရည်တူ သွေးစည်းညီညွတ်ရေးပါပဲ။ ၂၅ နှစ်ပြည့်တဲ့အခါ အဲဒါတွေ အပြည့်အဝ ရပါပြီလား။ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ မညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ လက်ခံရရှိခဲ့တာ အမှန်ပါ။ အခွင့်အရေးတစ်ချို့ ရရှိခဲ့တာ မှန်ပေမယ့် ဘာတစ်ခုမှ ပြည့်ပြည့်ဝဝ ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ငွေရတုဆုံးဖြတ်ချက် ၃ ချက်ဆိုပြီး အဲဒီသဘင်ပွဲကြီးက ဆက်လက်ထွက်ပေါ်လာရတာပေါ့။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ အားလုံးပါဝင်သော အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ် ပြန်လည်ရေးဆွဲရေး ဆိုပြီးတော့ပါ။ အဲဒါတွေကလည်း ရှစ်လေးလုံး တောင်းဆိုချက်တွေနဲ့ သိပ်မကွဲလွဲပါဘူး။ အနှစ်သာရ အတူတူပါပဲ။

၂၉ နှစ်ပြည့်တဲ့အခါမှာရော ငွေရတုဆုံးဖြတ်ချက်တွေ အကောင်အထည်ပေါ်နေပြီလား၊ လက်တို့ ပြောရရင် ရှက်ဖို့ သဘောပါပဲခင်ဗျာ။ ငွေရတု ဆုံးဖြတ်ချက် ဖော်ဆောင်ရေး ကော်မတီဆိုလား၊ ဘာလား၊ ဘယ်နားသွားရှာရမယ်မှန်းတောင် မသိတော့ပါ။ ဒါပေမဲ့ ရှစ်လေးလုံး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဌေးကြွယ်က "ငွေရတု ဆုံးဖြတ်ချက်တွေထဲက တစ်ချို့ အချက်တွေကို ဒီကနေ့ အစိုးရက ဖြစ်အောင် ကြိုးစားနေတဲ့ အပိုင်းမှာလည်း ပါပါတယ်။ ဒုတိယ ပင်လုံ စသည်ဖြင့်ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသဖြင့်ပေါ့။ အဲဒီဟာတွေက ဆက်ပြီး တွန်းသွားရမှာပါ" လို့ ပြောပါတယ်။ အော် ငွေရတုဆုံးဖြတ်ချက်တွေထဲက အချို့ကို NLD အစိုးရက ဖော်ဆောင်နေတာပါလားဆိုတာ မောင်မှန် ခုမှပဲ ဉာဏ်အလင်း ရပါတော့တယ်။ အဲသလိုကြီး ထင်ကိုထင်မထားခဲ့တာပါ။ NLD စီစဉ်တဲ့ ဒုတိယပင်လုံဆိုတာလည်း မောင်မှန် မြင်နေတာပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာလည်း မောင်မှန် တွေ့နေတာပဲ။ ထင်ကိုမထင်တာ။ ပညာရှိများ ဖြတ်သန်းမှု အတွေ့အကြံု ရင့်ကျက်တဲ့သူများကျတော့လည်း အတွင်းသားကို တန်းကနဲ မြင်ပေတော့တာပဲ။ အဲ သို့သော်လည်းပေါ့လေ မောင်မှန် တွေးမိတာလေးတစ်ခုတော့ ရှိတယ်။ မှားရင်လည်း ပြင်ပေးကြပါ။ ဒီလိုလေ NLD က ငွေရတုဆုံးဖြတ်ချက်အချို့ကို အကောင်အထည်ဖော်နေတယ်ဆိုရင် ငွေရတုကော်မတီဝင်များက ပူးပေါင်း အကောင်အထည်ဖော်သင့်တာပေါ့နော်။ NLD ကလည်း ကမ်းလှမ်းဖို့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ ဒီလို မတွေ့ကြရဘူး။ နောက်ပြီး ငွေရတုဆုံးဖြတ်ချက်က ၂၀၁၃ ကဆိုတော့ NLD အာဏာမရခင်ကပဲ။ ဒီဆုံးဖြတ်ချက်က NLD ကို အတော် စောစောကထဲက Guide Line ချပေးထားတဲ့ သဘော ဖြစ်နေတာ တွေ့ရပြန်တယ်။ လမ်းတူပေမယ့် လူချင်းမတူတာ ဆန်းတယ်နော်။ ဒါ့အပြင် ၈၈ ငြိမ်းပွင့် ခေါင်းဆောင်အချို့ ပါတီထောင်မယ်လို့ ပြောတော့လည်း ငွေရတုဆုံးဖြတ်ချက်ကိစ္စ ထည့်ပြောတာ မောင်မှန် မကြားမိပေါင်ဗျာ။ (NLD လုပ်နေလို့ သူတို့လုပ်စရာ မလိုတော့ဘူးလို့ ယူဆတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။) မောင်မှန် အတွေးခေါင်နေတာ ဆိုရင်တော့လည်း စာဖတ်သူများက ခွင့်လွှတ်ပေးကြဖို့ပါပဲ ခင်ဗျာ။

တစ်ခါ ဦးဌေးကြွယ်က "ပြီးတော့ ငွေရတုရဲ့ ရည်မှန်းချက်၊ မြန်မာနိုင်ငံမှာ တကယ်ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာ သုံးချက်ကို အားလုံး သဘောတူ ချမှတ်နိုင်ခဲ့ကြတယ်။ .......... ဒါဟာ မြန်မာပြည် နိုင်ငံရေးရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ရပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေမှာ ပါဝင်ခဲ့တဲ့ သူတွေအားလုံးဟာ အသက်အရွယ်အရရော အတွေ့အကြံုအရရော ရင့်ကျက်တဲ့ သူတွေ ဖြစ်ခဲ့ကြပြီ အဲဒါဟာ တိုင်းရင်းသားတွေကြားထဲမှာရော၊ အစိုးရ ကြားထဲမှာရော၊ တပ်မတော်ကြားထဲမှာရော၊ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာရော အငြင်းပွားစရာမရှိတဲ့ ဆုံးဖြတ်ချက်ပါ" လို့ ပြောပါသေးတယ်။ ဒီအချက်မှာတော့ မောင်မှန် ဉာဏ်အလင်းက ထင်းကနဲ ဖြစ်မသွားဘူးခင်ဗျ၊ တွေကနဲ မှိုင်သွားပါတယ်။ ငွေရတုရည်မှန်းချက်(ဆုံးဖြတ်ချက်) ဟာ ဗမာပြည်နိုင်ငံရေးအတွက် အရေးကြီးတယ်ဆိုတာ မောင်မှန် လက်ခံတယ်၊ တိုင်းရင်းသားတွေ အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေကြားထဲမှာ အငြင်းပွားစရာ မရှိဘူး၊ ဒါလည်း မှန်တာပဲ။ ဦးဌေးကြွယ်ပြောတဲ့ အထဲမှာ တစ်ခုပဲ၊ တစ်ခုပဲ၊ အဲဒါက တပ်မတော်၊ တပ်မတော်ဟာ ငွေရတု ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ငွေရတု ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာကို တပ်မတော်က အမြဲလို ကန့်ကွက်နေလေ့ ရှိတာလည်း အထင်အရှားပါ။ ဒါကို ဦးဌေးကြွယ်က ဘယ်နှယ့် ငွေရတုဆုံးဖြတ်ချက်တွေကို တပ်မတော်ကြားထဲမှာရော အငြင်းပွားစရာ မရှိတဲ့ ဆုံးဖြတ်ချက်လို့ ဆိုရတာပါလိမ့်။ တကယ်တမ်း ငွေရတု ဆုံးဖြတ်ချက်ဆိုတွေကို ဦးဌေးကြွယ်ပြောသလို အင်အားစုအားလုံးက မငြင်းကြဘူးဆိုရင် အချိန်လေးနှစ်လောက်အကြာမှာ အတော်လေး ခရီးရောက်နေရမှာ ဖြစ်ပါတယ်။ မဟုတ်လို့သာ မရောက်တာပါ။

ရှစ်လေးလုံး ငွေရတုသဘင်ပွဲကြီးမှာ ဦးဌေးကြွယ်က ၈၈ တုန်းက လူမိုက်တွေလိုပြီး ၂၀၁၃ မှာ လူလိမ္မာတွေပဲ လိုတော့ကြောင်း ပြောခဲ့ပါတယ်။ ၂၀၁၇ မှာတော့ ဗမာပြည်မှာ လူလိမ္မာတွေ အတော်များနေပါပြီ။ သမိုင်းမသိ၊ မှိုင်းမိသတဲ့ ကျောင်းသားသမဂ္ဂတွေတောင် ပေါ်နေပါပြီ။ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့ ကျောင်းသားထုကြီးလည်း တိုးပွားလာပါပြီ။ 

တကယ်တမ်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၉ နှစ်ပြည့်ခဲ့သော်လည်းပဲ အဲဒီ တောင်းဆိုချက်တွေ ဘာမှ အပြည့်အဝ မရပါဘူး။ အခြေခံ လူထုဘဝလည်း ဘာမှ မပြောင်းလဲပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သိကြားမင်း နားကင်းကြီးနဲ့ ဆင်းပြီးလုပ်လည်း ဘယ်လိုမှ ပြောင်းလဲချိန်တန်မှာ မဟုတ်ပါဘူး။ ဒါကို မောင်မှန်တို့ ပြည်သူတွေ ကောင်းကောင်းကြီး (ကျောနဲ့ရင်းပြီး)နားလည် သဘောပေါက်ခဲ့ပါပြီ။ မနိုင်တာကို နိုင်သယောင််၊ မအောင်တာကို အောင်သယောင် ပြောဆိုရေးသားနေကြခြင်းဟာ ပြည်သူလူထုကို လမ်းလွဲကို အတင်းတွန်းလွှတ်နေသလို ဖြစ်စေနိုင်ပါကြောင်းပါခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly