H1N1ပိုးတွေ့သည့် ဖျာပုံဆေးရုံအုပ် အပါအဝင် ၅ဦး ရောဂါပျောက်ကင်းပြီဟုဆို

H1N1ပိုးတွေ့သည့် ဖျာပုံဆေးရုံအုပ် အပါအဝင် ၅ဦး ရောဂါပျောက်ကင်းပြီဟုဆို

ဧရာဝတီတိုင်းဒေသကြီးတွင် H1N1 ပိုးတွေ့ရှိသည့် ဖျာပုံဆေးရုံအုပ်နှင့်လူနာငါးဦးမှာ ရောဂါ သက်သာပျောက်ကင်းသွားပြီး ဖြစ်ကြောင်း တိုင်းလူမှုရေးဝန်ကြီးက မဇ္ဈိမသို့ပြောသည်။ 

"ကျွန်မတို့ ပညာရေးကောလိပ်မှာ တွေ့ရှိခဲ့တယ်။ ကလေးငါးယောက်ဟာ ပျောက်ကင်းသွားပါပြီ။ သူတို့ကျောင်းတက်နေပါပြီ။ ဝေဘာဂီဆေးရုံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့တဲ့ ဖျာပုံဆေးရုံအုပ်လည်း သက်သာပြီးဆေးရုံဆင်းပြီ။ သူ နှစ်ပတ်လောက်အနားယူနေပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီးတွင် H1N1ဖြစ်ပွားသူ ၂၈ဦးအထိရှိပြီး သေဆုံးသူ၆ဦးအထိရှိခဲ့သည်။ ရောဂါပိုးတွေ့ရှိသူများထဲမှ ဖျာပုံဆေးရုံအုပ်နှင့် ပုသိမ်မြို့၊ ပညာရေးကောလိပ်က   ကျောင်းသူငါးယောက်မှာ   ရောဂါ သက်သာပျောက်ကင်းသွားပြီဖြစ်သည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၇) ရက်၊ နေ့လည် ၂နာရီမှ သြဂုတ်လ (၈) ရက်နေ့၊ ၂နာရီအထိ သံသယလူနာ (၂၄) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၂) ဦး တွေ့ရှိခဲ့သည်။ ဇူလိုင်လ (၂၁) ရက်နေ့မှ သြဂုတ် ၈ရက် မွန်းလွဲ (၁၄းဝဝ) နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူစုစုပေါင်း လူနာ (၄၃၃)ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၆၆) ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း (၁၇)ဦး ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် H1N1 ပိုး တွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် သေဆုံးသူစုစုပေါင်း (၁၃)ဦး ရှိပါသည်။ 

သို့ဖြစ်ပါ၍ ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန် အဆုတ်တီဘီရောဂါ စသည့် အခြားရောဂါအခံရှိသောသူများနှင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ အထူးသတိပြုလိုက်နာကြရန်နှင့် ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ အချိန်မီထိရောက်စွာ ကုသမှုခံယူသင့်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required