ဂူအမ်ဂျွန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

ဂူအမ်ဂျွန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

ဆိုးလ်၊ သြဂုတ် ၉  ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြံုယမ်းအစိုးရအပေါ် သတိပေးမှု အရှိန်မြှင့်တင်သည့်အနေဖြင့် ကိုရီးယား ကျွန်းဆွယ်သို့ B-1B ဗုံးကြဲလေယာဉ်များ ထပ်မံစေလွှတ်ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားတို့ ကလည်း ဂူအမ်ကျွန်းပေါ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ယခုအချိန်တွင် မြောက်ကိုရီးယားတို့သည် ဂူအမ်ကျွန်း ပတ်ပတ်လည်ကို တာလတ်မှတာဝေးအထိ ပစ်နိုင်သော ပဲ့ထိန်းတပ်ဒုံးကျည် ဟွာဆောင်-၁၂ ဖြင့် ပစ်ခတ်နိုင်ဖို့ စစ်ဆင်ရေးအစီအမံများကို ဂရုတစိုက် ဆန်းစစ်နေသည် ဟု မြောက်ကိုရီးယားပြည်သူ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို KCNA သတင်းစာ၌ ဖော်ပြခဲ့သည်။

ဂူအမ်ကျွန်းပေါ်ရှိ အမေရိကန်၏ အန်ဒါဆန်လေတပ်စခန်း၌ လွန်ခဲ့သောအင်္ဂါနေ့က စေလွှတ်လိုက်သော နျူကလီးယားထိပ်ဖူး ပစ်လွှတ်နိုင်သည့် စစ်မဟာဗျူဟာမြောက် B-1B ဗုံးကြဲတိုက်လေယာဉ်များရှိကြောင်း တောင်ကိုရီးယားစစ်တပ်၏ သတင်းအရင်းအမြစ်များအရ သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကယ်၍ ကင်မ်ဂျံုအမ်းအစိုးရအနေဖြင့် အမေရိကန်အပေါ် ခြိမ်းခြောက်မှု များအား ရပ်တန့်ခြင်းမရှိပါက တစ်ကမ္ဘာလုံးတွင် တစ်ခါမှမကြံုတွေ့ဖူးသည့် ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ကြံုတွေ့ရမည်ဖြစ်ကြောင်း သတိပေးခဲ့အပြီးတွင် မြောက်ကိုရီးယားမှလည်း ယခုလိုပြန်လည် ခြိမ်းခြောက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂမှ မြောက်ကိုရီးယားနိုင်ငံအပေါ် ဒေါ်လာ ၁ ဘီလျံခန့် ဆုံးရှုံးနိုင်သည့် ပြင်းထန်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့သည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီးနောက်တွင် ပြံုယမ်းအစိုးရက အမေရိကန်နိုင်ငံအပေါ် ကာယကံမြောက် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြောက်ကိုရီးယားတို့က ၄င်းတို့အား ကုလသမဂ္ဂမှ အရေးယူဒဏ်ခတ်အောင် အမေရိကန်တို့ဘက်မှ တွန်းအား ပေးခဲ့သည်ဟု ယူဆသောကြောင့် ယခုလို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required