ယာကူဇာလောင်းရိပ်အောက်က ဂျပန်တက်တူး ယဉ်ကျေးမှု

ယာကူဇာလောင်းရိပ်အောက်က ဂျပန်တက်တူး ယဉ်ကျေးမှု

တိုကျို၊ သြဂုတ် ၈ ။          ။ ဂျပန်နိုင်ငံမှာ ဆေးမင်ကြောင်ထိုးထားသူတွေကို အဝတ်နဲ့ ဖုံးကွယ်ခိုင်းတာ၊ အားကစားခန်းတွေ၊ ရေကူးကန်တွေ၊ ရေပူစမ်းနဲ့ ကမ်းခြေတွေလို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို ဝင်ခွင့်ငြင်းတာမျိုးတွေဟာ ထူးဆန်းတဲ့ အဖြစ်မဟုတ်ပါဘူး။

ဒါဟာ အမြစ်တွယ်နေတဲ့ အမြင်တစ်ရပ်ကြောင့်ပါပဲ။ ဆေးမင်ကြောင် တက်တူးထိုးသူတွေဟာ ယာကူဇာ ခေါ်တဲ့ ဂျပန်မာဖီးယားဂိုဏ်းတွေနဲ့ ပတ်သက်ဆက်စပ်နေမယ်လို့ အထင်အမြင်ကြောင့် မတူမတန်သလို အထင်သေးစွာ ဆက်ဆံနေကြတာပဲဖြစ်ပါတယ်။

ဒီအနေအထားကို ပြောင်းလဲသွားအောင် တက်တူးမြတ်နိုးသူတွေ၊ အနုပညာရှင်တွေဟာ တက်တူးယဉ်ကျေးမှုအတွက် ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲနေကြရပါတယ်။

“တက်တူး မထိုးထားသူပဲဖြစ်ဖြစ်၊ ထိုးထားသူပဲဖြစ်ဖြစ် ယာကူဇာနဲ့ ပတ်သက်တယ်ဆိုတာက တက်တူးနဲ့တော့ မဆိုင်ပါဘူး။”လို့ ဂျပန်နိုင်ငံမှာ ရိုးရာလက်လုပ်မင်ဆေးရည် (ဂျပန်အခေါ် တီဘိုရီ)နဲ့ ဆေးမင်ထိုးပေးနေသူ ထိပ်တန်းတက်တူးအနုပညာရှင် ဟိုရီမတ်ဆုက အီးပီအေသတင်းဌာနကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တည်းက အိုင်ကီဘူကူရိုအရပ်မှာ စတီဒီယိုဖွင့်ထားတဲ့ တိုကျိုအခြေစိုက် တက်တူးပညာရှင် ဟိုရီမတ်ဆုဟာဆိုရင် ကေတီပယ်ရီနဲ့ ဂျွန်မေယာလို ကမ္ဘာ့ကျော် ပေါ့ပ်ကြယ်ပွင့်တွေ အပါအဝင် နိုင်ငံခြားဖောက်သည်တွေ ပိုရရှိနေပြီဖြစ်ပါတယ်။

“လက်မှုအနုပညာ ဆေးမင်ကြောင်ဟာ ဂျပန်မှာထက် ပြည်ပမှာ ပိုပြီး တန်ဖိုးထားခံရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီဂျပန်မှာက ဆေးမင်ကြောင်ထိုးတာကို မြေအောက်လောက အပြုအမူမျိုးလို့ သတ်မှတ်နေတုန်းပဲ။”လို့ ဟိုရီမတ်ဆုက ပြောပြီး ရှေးရိုးဆေးမင်ကြောင် နည်းစနစ်တွေဟာ ဆေးသားစိုပြီး ကြာရှည်ခံတယ်လို့ အလေးထားဆိုပါတယ်။

“ကျွန်တော်တို့ ဂျပန်ကိုလည်း ချစ်သလို ဆေးမင်ကြောင်ကိုလည်း ချစ်တယ်။ ဟိုရီမတ်ဆုဟာ အတော်ဆုံး ဆေးမင်ကြောင်ပညာရှင်ပါ။ သူ့လက်ရာ တော်တော်များများကို ကျွန်တော် ကြိုက်တယ်။ ဒါကြောင့် ခုလို ကျွန်တော်တို့ လင်မယား ဒီကို လာပြီး တက်တူးထိုးတာ ဖြစ်တယ်။”လို့ ဟိုရီမတ်ဆုဆီ လာရောက်ဆေးမင်ကြောင်ထိုးတဲ့ အီတလီဧည့်သည် စုံတွဲတစ်တွဲက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ဆေးမင်ကြောင်ထိုးတဲ့ လုပ်ငန်းဟာ အခက်အခဲအကျပ်အတည်းတွေ ကြားမှာ ရှိနေပါတယ်။ တက်တူးပညာရှင်တွေအနေနဲ့က ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ထောက်ခံချက်နဲ့မှ လိုင်စင်ယူပြီး လုပ်ကိုင်ခွင့် ရရှိတာကို ဥပဒေနဲ့ သတ်မှတ်ပြဌာန်းထားတာပါ။ ဒီလို တင်းကြပ်ထားတာကို ယုတ္တိမရှိတဲ့ လုပ်ရပ်လို့ ဟိုရီမတ်ဆုက ပြောပါတယ်။

အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေလိုမျိုး လွတ်လွတ်လပ်လပ် ခွင့်ပြုပေးဖို့ အစိုးရကို လူထောင်ပေါင်းများစွာ လက်မှတ်ထိုး တောင်းဆိုတာကို Save Tattooing အဖွဲ့ကလည်း ဦးစီးပြုလုပ်ထားခဲ့ပါတယ်။

အိုဆာကာအရပ်က စတီဒီယိုကို ရဲ ဝင်စီးခံရလို့ တရားရုံးမှာ အမှုဆိုင်နေရပါတဲ့ တက်တူးပညာရှင် တိုင်ကီမတ်ဆူအိုက အစိုးရဟာ ဆေးမင်ကြောင်လုပ်ငန်းအပေါ်   ပြစ်မှုကျူးလွန်နေပြီး   မြေအောက်ရောက်အောင် တွန်းပို့နေတာပဲလို့ စွပ်စွဲပြောဆိုပါတယ်။

ဂျပန်မှာ ဆေးမင်ကြောင် ထိုးတဲ့ ယဉ်ကျေးမှုဟာ အီဒိုခေတ် (၁၆၀၃-၁၈၆၈)က စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ သိဒ္ဓိစွမ်းရည်ထူး ရရှိတယ်လို့ ယုံကြည်မှုနဲ့ အထိုးများလာခဲ့ကြရာက ယာကူဇာတွေရဲ့ ယဉ်ကျေးမှုလို ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly