မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (နိဂုံးပိုင်း)

08 August 2017
မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (နိဂုံးပိုင်း)

 

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ခွဲခြားဆက်ဆံခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းတယ် ဒါမှမဟုတ်ရင် လျော့နည်းတယ်ပေါ့နော်။ မသန်စွမ်းတွေအတွက်ပေါ့။ တခြားရော ဆိုးကျိုး ဘာတွေများ ဖြစ်နိုင်သေးသလဲ။ ခွဲခြားဆက်ဆံတဲ့ အတွက်ပေါ့။

ဦးဒေးဗစ် (မသန်စွမ်းသူများ အလုပ်အကိုင် ရှာဖွေရေးစင်တာ)

ဟုတ်ကဲ့ ခွဲခြားဆက်ဆံဖို့ဆိုတာက မသန်စွမ်းသူတွေမှ မဟုတ်ဘူး လူတိုင်း ခွဲခြားဆက်ဆံဖို့ ခံရပြီဆိုတာနဲ့ တချို့ဆိုရင်လည်း သူ့ကို ဒီလိုမျိုး ခွဲခြားလိုက်တဲ့အတွက် သူ့ရဲ့တုန့်ပြန်မှုက စိတ်လိုက်မာန်ပါ လုပ်မိလိုက်တာမျိုးပေါ့နော် တစ်ဖက်လူကို တစ်ခုခု တုန့်ပြန်မှုက မကောင်းတဲ့တုန့်ပြန်မှုမျိုးနဲ့ ပြန်တုန့်ပြန်တာတွေလည်း ကျွန်တော်တို့ ကြံုတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ သူကိုယ်တိုင်ကလည်း သိမ်ငယ်စိတ်ဖြစ်ပြီးတော့ ထပ်ပြီးတော့ သူကြိုးစားဖို့အတွက် ဆက်လုပ်ဖို့အတွက် အင်အားမရှိတော့တဲ့ အခြေအနေမျိုးတွေလည်း ကျွန်တော်တို့ ကြံုတွေ့နိုင်ပါတယ်ခင်ဗျ။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

အဲတော့ ဆရာပြောသွားတဲ့အခါကျတော့ စိတ်ဓာတ်ရေးရာ ကျဆင်းတာပေါ့နော်။ အဲတော့ မလုပ်ချင်ဘူး မကိုင်ချင်းဘူး မမှန်မကန်နဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်မယ်ဆိုတဲ့အခါကျတော့ ဒီ စိတ်ဓာတ်ရေးရာ ကျဆင်းသွားတဲ့အတွက် ဒါကိုရော ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတွေ မရှိဘူးလား။ ဘယ်လိုမျိုးလုပ်မလဲ။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီအတွက်ကတော့ ကျွန်မတို့ မသန်စွမ်းအဖွဲ့အစည်းတွေ ရှိပါတယ်။ ကျွန်မတို့ DPO လို့ခေါ်တယ်။ Disable People of Organization တွေရှိတယ်။ ပြီးတဲ့အခါကျတော့ မသန်စွမ်းတွေ စုနေတဲ့ အဖွဲ့လေးတွေက နေရာတော်တော်များများမှာ ရှိနေပါတယ်။ ကျေးရွာတွေအထိပါ ရှိပါတယ်။ ဒါဟာ မသန်စွမ်းသူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမတာပါ။ အဲဒီကနေပြီးတော့မှ မသန်စွမ်းသူတစ်ယောက်က စိတ်ဓာတ်ကျသွားရင်တောင် အချင်းချင်း ကူညီဖေးမမယ်။ နောက်တစ်ခါ အခြားသော အောင်မြင်နေတဲ့ မသန်စွမ်းတွေကို သူတို့ နမူနာကြည့်ချင်းအားဖြင့် ဒီလူတွေဟာလည်း အကြိမ်ကြိမ် လဲကျခဲ့ကြတယ်။ အကြိမ်ကြိမ် ပြန်ကြိုးစားကြတယ်။ ဒါပေမယ့် ကျွန်မတို့က မသန်စွမ်းသူတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူများထက်ပိုပြီး ကြိုးစားရမယ်ဆိုတဲ့ အချင်းအချင်း ပြန်ပြီးအားပေးတဲ့ အခြေအနေမျိုးတွေ ကျွန်မတို့မှာ ရှိပါတယ်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲတော့ အလုပ်အကိုင်အခွင့်အလမ်းဘက်ကို ကျွန်တော် ပြန်ပြီးတော့ သွားရလို့ရှိရင် အလုပ်အကိုင်အခွင့်အလမ်း ရနိုင်ဖို့အတွက် သင်တန်းတွေပေါ့ အသိပညာပေးတာက တစ်ပိုင်း သင်တန်းတွေ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပညာအတွက် သူနဲ့သင့်တော်တဲ့ လုပ်ငန်းတွေ ဒါမျိုးတွေ ဘယ်လိုမျိုး လုပ်ပေးသင့်သလဲ ဘယ်အတိုင်းအတာထိ လုပ်ပေးသင့်သလဲ လုပ်ပေးနေတာရော ရှိလား။

မစိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ဒီအလုပ်အကိုင်နဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အတန်းပညာ တက်ခွင့်မရတဲ့သူတွေအတွက် ရန်ကုန်မှာဆိုလို့ရှိရင် လူမှုဝန်ထမ်းက ဖွင့်ထားတဲ့ ကျောင်းရှိတယ် ပေါ့နော်။ မသန်စွမ်း သက်ကြီးသင်တန်းကျောင်းပေါ့။ အတန်းပညာ ဘွဲ့ရတဲ့အထိ သင်ကြားခွင့် မရတဲ့ဟာတွေ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပညာတွေ သင်ကြားလို့ရတယ်ပေါ့နော်။   နောက်တစ်ခုကတော့ AAR ဆိုတဲ့ ဂျပန်နိုင်ငံကနေပြီးတော့ လာပြီးတော့ ဖွင့်ထားတဲ့ အဖွဲ့ပေါ့။ အဲဒီမှာဆိုလို့ရှိရင်လည်း မသန်စွမ်းတဲ့သူတွေအတွက် အသက်မွေးဝမ်းကြောင်း ပညာတွေ သင်လို့ရတယ်။ ဆံပင်ညှပ်၊ စက်ချုပ်၊ ကွန်ပျူတာ စသဖြင့် ဒါမျိုးတွေ သင်လို့ရတယ်။ အဲလိုမျိုး သင်တန်းကျောင်းတွေက ကျွန်မတို့ မြန်မာနိုင်ငံမှာက အခုဆိုရင် ပြောရမယ်ဆိုရင်တော့ ရန်ကုန်မှာပဲ ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း အဲလိုမျိုး ကျောင်းတွေသာ ရှိမယ်ဆိုလို့ရှိရင် အဲလိုမျိုး ကျောင်းတွေ များများရှိဖို့ လိုအပ်တာပေါ့နော်။ ကျွန်မတို့ နယ်ကလူတွေလည်း ဥပမာ ကချင်ပြည်နယ်ကလူက သူတို့ မြစ်ကြီးနားမှာပဲ လေ့လာသင်ယူလို့ရမယ်။ မကွေးကလူက မကွေးမှာပဲ လေ့လာသင်ယူလို့ရမယ်ဆိုရင် အတန်းပညာ သင်ယူလို့မရတဲ့သူတွေ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးတော့ ရလာနိုင်တယ်။ နောက်တစ်ခုကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အတန်းပညာကိုပဲ ကြည့်ပြီေးတာ့ ဆုံးဖြတ်တာမျိုး မဟုတ်ပဲနဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ လုပ်နိုင်ရည်ပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ပေးနိုင်မယ်ဆိုရင်တော့ မသန်စွမ်းတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးတော့ တိုးလာနိုင်ပါတယ်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲတော့ ကျနော်တို့နိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော် အချုပ်လေးအနေနဲ့ ဆရာကို ပြန်မေးပါရစေ။ ကျနော်တို့နိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် သာမန်လူတွေပဲ ထားပါတော့နော် သာမန်လူတွေတောင်မှ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့အတွက် ပြည်ပမှာထွက်ပြီးတော့ အလုပ်လုပ်ရတယ်ဆိုတဲ့ အနေအထားပေါ့။ ဆိုတော့ ကျွန်တော်တို့ ဒီ မသန်စွမ်းတွေဆိုရင် ပိုပြီးတော့ ဆိုးမယ့်အနေအထားပေါ။ အဲတော့ အဲဒီအခြေအနေတွေကို ဘယ်လိုထိန်းသိမ်းသင့်သလဲ။

ဦးဒေးဗစ် (မသန်စွမ်းသူများ အလုပ်အကိုင် ရှာဖွေရေးစင်တာ)

ဟုတ်ကဲ့ပါ။ မသန်စွမ်းသူအများစုက ပညာရေးအခြေအနေအရရော သူတို့ရဲ့ အသက်မွေးမှုပညာ ကျွမ်းကျင်မှု အခြေအနေအရရော အလုပ်လုပ်ဖို့အတွက် အခွင့်အလမ်းတွေ နည်းပါးတယ်။ အဲတော့ သူတို့ကို အလုပ်အခွင့်အလမ်းတွေ တိုးမြင့်ဖို့ဆိုရင် မသန်စွမ်းသူများရဲ့ အခွင့်အရေး ဥပဒေကလည်း သူတို့ကို ဝေပုံကျ ခွဲတမ်းတစ်ခုအနေနဲ့ တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရအနေနဲ့   ဖော်ဆောင်ပေးတာတွေ ရှိတယ်။ အဲဒါကို လက်တွေ့ အကောင်အထည်ဖော်ဖို့ကိုလည်း စောနက ပြောသလိုပဲ အသက်မွေးပညာတွေကို များများသင်ပေးဖို့လိုပါတယ်။

တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရအနေနဲ့ သူတို့ကို အလုပ်အခွင့်အလမ်း ပိုတိုးလာအောင် ကျနော်တို့ အခွင့်အရေး ဖော်ဆောင်ပေးတာတွေလည်း များများလုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြိးတော့ သူတို့အတွက် အခွင့်အလမ်းတွေ ပိုတိုးလာနိုင်ပါတယ်။ နောက်တစ်ခုကတော့ လက်ရှိ မသန်စွမ်းသူတွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ အဲတော့ သူတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် SME ကဏ္ဍဆိုရင် နိုင်ငံတော်အဆိုးရက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေတယ်။ အဲဒီအထဲမှာ မသန်စွမ်းသူတွေရဲ့ လုုပ်ငန်းလေးတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်ဆိုရင် ဒီမသန်စွမ်းသူတွေကလည်း သူတို့ရဲ့ ဘဝတူ မသန်စွမ်းသူတွေကို ပြန်ပြီးတော့ အလုပ်ခန့်ထားနိုင်တဲ့ ပုံစံမျိုးတွေအထိလည်း ဖော်ဆောင်ပေးမယ်ဆိုရင်တော့ ကျနော်တို့ မသန်စွမ်း လူမှုအသိုင်းအဝိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းအပြင်ကို သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ကျွန်တော် မြင်ပါတယ်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာမအနေနဲ့လည်း နည်းနည်းလေး ဖြည့်ပြောပေးပါဦး။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

ဟုတ်ကဲ့ပါ။ အသက်မွေးဝမ်းကြောင်းလို့ ပြောတဲ့အခါမှာ ကျွန်မတို့ မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကြောင်းက ဆရာမ ဒေါ်စိုးမိုးဦးလည်း ပြောသွားတယ်ပေါ့နော်။ တကယ်တော့ ကျွန်မတို့နိုင်ငံမှာ အသက်မွေးဝမး်ကြောင်းသင်တန်းတွေ အများကြီးရှိပါတယ်။ အခြားသော သင်တန်းတွေ ကျွန်မတို့ မသန်စွမ်းသူတွေသာ အတားအဆီးမရှိ တက်ခွင့်ရမယ်ဆိုရင် သီးခြားသင်တန်းတွေ တည်ထောင်နေခြင်းကို စောင့်နေမယ့်အစား ဥပမာပြောမယ်ဆိုရင် နတ်မောက်ကဖွင့်ပြီ အဲလိုပဲ အခြားသော အသက်မွေးဝမ်းကြောင်းသင်တန်းတွေ အများကြီးပဲ ရှိပါတယ်။ အဲလိုမျိုး သင်တန်းမျိုးတွေကို ကျွန်မတို့ မသန်စွမ်းသူတွေအတွက် လက်လှမ်းမီတဲ့ အခြေအနေသာ ဖြစ်မယ်ဆိုရင် ကျွန်မတို့ အလုပ်အကိုင်ခွင့်အလမ်းမှာလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါတယ်။ အဲဒါကြောင့်မို့ မသန်စွမ်းသူတွေအတွက် သီးခြားအသက်မွေးဝမ်း သင်တန်းကြောင်းတွေ တစ်ဖက်က စဉ်းစားသလိုမျိုး တစ်ဖက်က ရှိနေတဲ့ သင်တန်းတွေမှာ ကျွန်မတို့တွေ တက်ရောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ဖို့ကိုလည်း ကျွန်မအနေနဲ့ တိုက်တွန်းချင်တာပါ။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://www.mizzimaburmese.com/article/30051

အပိုင်း (၂ )ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/30172

အပိုင်း (၃) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/30380

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly