နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခြင်းမှာ ငြိမ်းချမ်းရေး မရှိခြင်းကြောင့်ဖြစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခြင်းမှာ ငြိမ်းချမ်းရေး မရှိခြင်းကြောင့်ဖြစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရန်ကုန်၊ သြဂုတ်လ ရ ။            ။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေခြင်းမှာ ငြိမ်းချမ်းရေး မရှိခြင်းကြောင့်ဖြစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ရ ရက်နေ့တွင် ပြောကြားလိုက်သည်။

မန္တတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်ချမ်းရေး စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က   ပြောကြားခဲ့ ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ငြိမ်းချမ်းမှုမရှိခြင်းမှာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းမှုမရှိသည့် နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများ မပြုလုပ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရခြင်း၊ နောက်ကျရခြင်းရဲ့ အကြောင်းအရင်း တစ်ခုက ငြိမ်းချမ်းရေး မရှိလို့ပါ။ ငြိမ်းချမ်းရေး မရှိခြင်းဟာ နိုင်ငံတော်ကို အများကြီးကို ထိခိုက်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်တယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်တယ်။ ဥပမာအားဖြင့် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေကဆိုရင် မတည်ငြိမ်တဲ့ မအေးချမ်းတဲ့ နိုင်ငံမှာသိပ်ပြီးတော့ သူတို့ ရင်းနှီးမြှုုပ်နှံမှု မလုပ်ချင်ကြဘူး။ သူတို့ရဲ့ ရင်းနှီးမြှုုပ်နှံမူတွေ အတွက် သူတို့ကနေပြီးတော့ အာမခံချက် ရှိစေချင်တယ်။ တည်ငြိမ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံရတာထက် မတည်ငြိမ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံရတာ မတူဘူး။ ဒါကတော့ လူတိုင်းနားလည်တယ်။ ငြိမ်းချမ်းရေးဟာ ကျွန်မတို့ နိုင်ငံတစ်နေရာမှ မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံအနှံအပြားမှာ အကျိုးသက်ရောက်မှုရှိတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂို
လ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံသည့်  ငြိမ်းချမ်းရေးစကားဝိုင်းကို မြေတိုင်ကန် ကျေးရွာတွင် သြဂုတ်လ ရ ရက်၊ နံနက် ၁ဝ နာရီမှ စတင်ကျင်းပခဲ့ပြီး ၂၁ ရာစု ပင်လုံမှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသို့ ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးအပြီးတွင် မြေတိုင်ကန်ကျေးရွာအတွက် လျှပ်စစ်မီးရရှိရေးအတွက် ငွေကျပ် သိန်းနှစ်ရာနှင့် ကျောင်းတစ်ဆောင်တို့အား လှူဒါန်းသူများပေါ်ပေါက်ခဲ့သည်။

ထိုစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျောင်းဆရာ ဦးထွန်းဝင်း၊ MBA ကျောင်းသူ မထက်ထက်အောင်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ဦးရဲစိန်၊ သီးနှံကုန်သည်ပွဲစား ဒေါ်ပိုးတီ၊ ဆန်စက်လုပ်ငန်းရှင် ဦးကျော်ဖုန်း၊ ယက္ကန်းလုပ်ငန်းရှင် ဦးဝင်းဇော်၊ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ခင်ရွှေ၊ တောင်သူ ဦးအောင်တင့်တို့ ၈ ဦးက ပါဝင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကျေးလက်ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံသည့် ငြိမ်းချမ်းရေးစကားဝိုင်းခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါခဲ့သည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံသည့် ငြိမ်းချမ်းရေးစကားဝိုင်းကို ယခုနှစ် ၂ဝ၁၇ ခုနှစ်အတွင်း လေးကြိမ်ထိ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly