မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၃)

07 August 2017
မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၃)

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ခွဲခြားဆက်ဆံတာကြောင့် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် တခြားတစ်ယောက်ကပဲဖြစ်ဖြစ် ခွဲခြားတာ ကျောင်းမှာခွဲခြားတာ လုပ်ငန်းခွင်ထဲမှာ ခွဲခြားတာ အဲဒီရဲ့ သက်ရောက်မှုက အလုပ်ကိုင်အခွင့်အလမ်း ရရှိဖို့အတွက် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ။

မစိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ကျွန်မ မကြာသေးခင်ကမှ ဒီ ကျောင်းဖွင့်ရာသီမှာ ဖြစ်သွားတဲ့ အခြေအနေတစ်ခုဆိုရင် ကျောင်းဆရာမ လျှောက်ဖို့အတွက် ပညာရေးကောလိပ်မှာ တက်ဖို့အတွက် ကျောင်းဆရာမ လျှောက်တဲ့အခါမှာ ကျွန်မတို့ရဲ့ ကိုယ်လက်အင်္ဂါ မပြည့်စုံမှုအပေါ်မှာ မူတည်ပြီးတော့ လက် တစ်ချောင်း နှစ်ချောင်း မပါတဲ့သူတွေ ရှိတယ်။ ပြီးရင် ခြေချောင်းလေးတွေ မစုံတဲ့သူတွေ ရှိတယ်ပေါ့နော်။ နောက် ကျွန်မလိုပဲ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေလည်းရှိတယ်။ သူတို့ဆိုရင် ကိုယ်လက်အင်္ဂါ မပြည့်စုံလို့ဆိုပြီးတော့ ပညာရေးကောလိပ်ကနေပြီးတော့ ပယ်ချခံရတာ ရှိတယ်ပေ့ါ။ ကျွန်မတို့ ဖြေရှင်းခဲ့ရတာဆိုရင် လေးဦးပေါ့ မသန်စွမ်းအမျိုးသမီး သုံးဦးနဲ့ ယောကျ်ားလေး တစ်ဦးအဲဒီမှာဆိုရင် ကျွန်မတို့ ခွဲခြားဆက်ဆံခံရတဲ့အခါမှာ မသန်စွမ်းတဲ့သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကျွန်မတို့ မသန်စွမ်းတဲ့သူတွေမှာ နဂိုကတည်းက မသန်စွမ်းဖြစ်လို့ဆိုပြီးတော့ အားငယ်စိတ်တွေ ရှိတယ်ပေါ့။ အခုလိုမျိုး အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုမျိုး ခွဲခြားဆက်ဆံခံလိုက်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ ပိုပြီးတော့ ဖြစ်သွားစေနိုင်တယ်ပေါ့နော်။

နောက်တစ်ခုက ကျွန်မတို့ ဒီလိုမျိုးကိစ္စတွေ ဖြစ်လာတဲ့အခါမှာ မသန်စွမ်းအဖွဲ့တွေသာ ဒီလိုမျိုး စုပေါင်းပြိးတော့ သူတို့တွေကို လူကြီးတွေနဲ့ လိုက်လံပြီးတော့ ဌာနတွေနဲ့ တွေ့ဆုံပေးတာမျိုးတွေ   ဆွေးနွေးပေးတာမျိုးတွေ မလုပ်ခဲ့ဘူးဆိုရင် သူတို့တွေကလည်း ပညာရေးကောလိပ်ကနေ တက်ခွင့်တွေ ဆုံးရှုံးမယ် ပြီးလို့ရှိရင် အလုပ်အကိုင်တွေလည်း သူတို့မှာ ဆုံးရှုံးမယ်ပေါ့နော်။ ပြီးရင် သူတို့ရဲ့ အနာဂါတ်မှာလည်း မသန်စွမ်းဖြစ်လို့ ဒီလိုမျိုး ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ စိိတ်ဒဏ်ရာကြီးက ဖြစ်သွားစေနိုင်တယ်။

ကျွန်မကိုယ်တိုင်လည်း အဲဒီလိုမျိုး အတွေ့အကြံု ခံရခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကျွန်မ တက္ကသိုလ်က ဘွဲ့ရလို့ ကျောင်းဆရာမ သွားပြီးတော့ လျှောက်တဲ့အချိန်မှာ ကျွန်မရဲ့ မသန်စွမ်းမှုကြောင့်   ကျောင်းဆရာမလျှောက်တဲ့အခါမှာ လူတွေ့ဖြေတဲ့နေရာမှာ ကျွန်မနဲ့ အတူသွားဖြေတဲ့ သူငယ်ချင်းတွေကတော့ သူတို့ရဲ့ အင်တာဗျူးအဖြေက ဘယ်တော့ထွက်မလဲဆိုတာကို မျှော်လင့်ဖို့ အခွင့်အရေးရှိတယ်။ ကျွန်မမှာတော့ ချက်ခြင်းပဲ အင်တာဗျူးအဖြေကို မျှော်လင့်ခွင့်မရဘဲနဲ့ ကိုယ်အင်္ဂါမသန်စွမ်းတဲ့သူဖြစ်လို့ ဒီသင်တန်းကို တက်ခွင့်မရဘူးဆိုပြီးတော့ ငြင်းပယ်ခံလိုက်ရတာမျိုး ကျွန်မကိုယ်တိုင် ခံစားခဲ့ရပါတယ်။

ဒီလိုမျိုး စိတ်ဒဏ်ရာတွေ ခံခဲ့ရတဲ့အခါမှာ ကျွန်မတို့ မသန်စွမ်းတဲ့သူတွေအနေနဲ့ ပြန်ပြီးတော့ နလန်ထူဖို့ကို အချိန်တွေ အများကြီးပေးပြီးတော့ ကြိုးစားခဲ့ရတယ်။ ဒါမျိုးလေးတွေ ခွဲခြားဆက်ဆံခံရတာနဲ့ ပတ်သက်ပြီေးတာ့ ကျွန်မတို့ ခံခဲ့ရတာလေးတွေ ရှိပါတယ်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာတို့ဘက်ကရော အကူအညီပေးခဲ့ရတာ ဒါမျိုးအခြေအနေတွေ ဘယ်လိုမျိုး အကူအညီပေးခဲ့ရတာတွေ ရှိလဲ။ ဆရာတို့ ဆီကို လာပြီးတော့ အကူအညီတောင်းတာမျိုးရော ရှိလား။

ဦးဒေးဗစ် (မသန်စွမ်းသူများ အလုပ်အကိုင် ရှာဖွေရေးစင်တာ)

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ မသန်စွမ်းသူတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတဲ့ဟာမျိုးဆိုရင် သူတို့အနေနဲ့ကတော့ ဖြေရှင်းပေးတာမျိုးဆိုရင် သူတို့ရဲ့ ဖြစ်လာတဲ့အခြေအနေကို ကျွန်တော်တို့   မေးပါတယ်။ သူတို့ ဘာကြောင့် ဒီလိုမျိုး ဖြစ်တာလဲပေါ့နော်။ အဲဒီအပိုင်းမှာ တချို့ကလဲ မသန်စွမ်းသူကိုယ်တိုင်က သူ့ရဲ့ သိမ်ငယ်စိတ်နဲ့ နားလည်မှုလွဲတာမျိုးလည်း   ဖြစ်မှာစိုးလို့ပေါ့နော်။   သေချာမေးတယ်။ တကယ်ပဲ သူ့ကို ခွဲခြားဆက်ဆံတာမျိုးဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းနိုင်အောင်ဆိုရင်လည်း သူ့ကို ကျွန်တော်တို့ အသိပညာပေးတဲ့ အစီအစဉ်တွေလည်း ကြိုတင်လုပ်ထားပါတယ်။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

များသောအားဖြင့် ခွဲခြားဆက်ဆံမှုဆိုတာ ဖြစ်နိုင်တဲ့ အခြေအနေမျိုးက မသန်စွမ်းသူတစ်ယောက်ကို ရာထူးတိုးပေးတော့မယ့် အခြေအနေမျိုးမှာ အင်တာဗျူးဖြေမယ် ရေးဖြေစာမေးပွဲဖြေမယ် ကျွန်မတို့ လူမှုဝန်ထမ်း ဦးစီးဌာနမှာ မသန်စွမး်ဝန်ထမ်းတွေ အများကြီးပဲ ရှိပါတယ်။ အဲတော့ သူတို့ ရာထူးတိုးစာမေးပွဲ ဖြေမယ်ဆိုရင် သူများတွေကတော့ ရာထူးတိုးဖြေရမယ့် စာတွေကို ကျက်လို့ရတယ်။ သူတို့မှာ ကျက်စရာ မျက်မမြင်စာနဲ့ ရာထူးတိုးဖြေရမယ့် ဝန်ထမ်းစည်းကမ်းတွေ စသည်ဖြင့် ကျွန်မတို့ ဌာနထုတ်တဲ့စာတွေရှိပေမယ့် သူတို့ဖတ်လို့မရဘူး။ အဲတော့ သူတို့အတွက်ကို ဖြေတဲ့အခါမှာလည်း သူတို့ ရေးဖြေဖြေတဲ့အခါမှာလည်း ကျွန်မတို့ သီးခြားစီစဉ်ပေးဖို့လိုတယ်။ အဲတော့ ခွဲခြားဆက်ဆံတယ်ဆိုတာ အဲလိုမျိုးပေါ့နော်။ ရာထူးတိုးဖို့အတွက်ကို တချို့က ဝင်ပြီးတာနဲ့ မသန်စွမ်းဖြစ်လို့ သူ ဆက်ပြီးတော ့ရာထူးတိုးခွင့် မရှိတော့ဘူး။ အဲလိုပဲ ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ရုံးတွေမှာ သင်တန်းတွေ ပေးကြတယ်။ မသန်စွမ်းဖြစ်လို့ သူ ဒီသင်တန်းမတက်ရဘူးဆိုတာ ဒါ သူ့ကို ခွဲခြားဆက်ဆံတာ။ သူများတွေက အချိန်ပိုဆင်းကြတယ်။ အချိန်ပိုဆင်းတဲ့ လုပ်ခလစာတွေ ရကြတယ်။ မသန်စွမ်ဖြစ်လို့ မင်း အချိန်ပိုဆင်းလို့ မရဘူး။ အဲဒါကြောင့် သူ အချိန်ပိုလစာ မရဘူး။ ဒါဟာ သူ့ကို ခွဲခြားဆက်ဆံတာ။ နောက်တစ်မျိုး ခွဲခြားဆက်ဆံတာကြတော့ ဌာနအတွင်းမှာ Recreation တွေ လုပ်ကြမယ် ပျော်ပွဲစားသွားတာပဲဖြစ်ဖြစ် နောက်ဆုံး ဌာနအတွင်းမှာ အားလုံး ဝန်ထမ်းတွေ စုတဲ့နေ့မျိုးတွေရှိတယ်။ မသန်စွမ်းမို့လို့ မင်းတို့တော့ နေခဲ့တော့ဆိုတာ ဒါ သူ့ကို ခွဲခြားဆက်ဆံတာ။ သူ့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ခွင့် မပြုတာကလည်း ခွဲခြားဆက်ဆံတာပဲ။ အဲလို အခြေအနေမျိုး မဟုတ်ပဲနဲ့ အားလုံးတန်းတူ ဖြစ်ဖို့အတွက်ကို ကျွန်မတို့ အလုပ်ရှင်တွေဘက်ကိုလည်း အသိပညာပေးဖို့လိုတယ်။ မသန်စွမ်းသူကိုယ်တိုင်က သူသည်လညး် အခြားသော ဝန်ထမ်းတွေလိုပဲ အရေးပါတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနိုင်ဖို့တော့ လိုပါတယ်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာမကတော့ ခုနကပြောတဲ ့ခွဲခြားဆက်ဆံမှု ဆက်ဆံပုံ ဆက်ဆံနည်းတွေကို ပြောခဲ့တယ်ဆိုတော့ အဲလိုမျိုး ဥပဒေတွေလည်း ပြဌာန်းထားပြီးပြီဆိုတော့ ဒီအခြေအနေတွေကို မဖြစ်ဖို့ မပေါ်ပေါက်ဖို့ ဒါမျိုး မဖြစ်နိုင်ဖို့ကို ကျွန်တော်တို့ ဘယ်လိုမျိုး ထိန်းသိမ်းကြမလဲ။ ဒါမှမဟုတ်ရင် အသိပညာပေးတွေ ဘယ်လိုမျိုး လုပ်ကြမလဲဆိုတာကို ဆရာမအနေနဲ့ အရင်ဆုံး စပြောပေးပါဦး။

မစိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ဟုတ်ကဲ့ ကျွန်မပြောချင်တာကတော့ ဒီလိုမျိုးအသိပညာပေးတွေလုပ်ဖို့ ဒီလိုမျိုးအခြေအနေတွေ မဖြစ်ပေါ်ဖို့ဆိုတာက ကျွန်မတို့ မသန်စွမ်းအဖွဲ့အစည်းတွေပဲ ကြိုးစာလို့ မအောင်မြင်နိုင်ဘူး။ လူမှုဝန်ထမ်းအဖွဲ့အစည်းနဲ့ မသန်စွမ်း အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ကြိုးစားလို့လည်း မအောင်မြင်နိုင်ဘူးပေါ့။ ဌာနတိုင်းမှာ ကဏ္ဍတိုင်းကလူတွေက သိဖို့လိုတယ်။ ပူးပေါင်းဖို့လိုတယ် ဆိုလိုချင်တာကတော့ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်လို့ ပြောလိုက်ရင် လူမှုဝန်ထမ်းနဲ့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူးပေါ့နော်။

အလုပ်သမားဝန်ကြီးဌာနနဲ့လည်း သက်ဆိုင်တယ် အခြား နိုင်ငံတော်အစိုးရပိုင်းက ကဏ္ဍတွေနဲ့ အများကြီး သက်ဆိုင်တယ်။ ပြီးလို့ရှိရင်တော့ လုပ်ငန်းရှင်တွေပေါ့နော် လုပ်ငန်းရှင်တွေ အများကြီးနဲ့လည်း သက်ဆိုင်ပါတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုးအခြေအနေတွေကနေပြီးတော့ ကျော်လွှားဖို့အတွက် အသိပညာပေးတွေ အများကြီးလုပ်ဖို့ လိုအပ်သလို အသိပညာပေးဆိုတဲ့အပိုင်းမှာ နိုင်ငံတော်က ပံ့ပိုးပေးဖို့အပိုင်းလည်း လိုအပ်သလို မသန်စွမ်းကဏ္ဍတွေကလည်း လုပ်ဖို့အတွက် အများကြီး လိုအပ်တယ်။ အဲဒီအချိန်မှာ တစ်ဦးချင်း နှစ်ဦးချင်း လုပ်လို့ အဆင်မပြေပါဘူး။ အားလုံး ပူပေါင်းပါဝင်ဖို့ အတွက် လိုအပ်ပါတယ်ရှင့်။

ကိုမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဆရာမလည်း နည်းနည်း ပြောပေးပါဦး

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

မသန်စွမ်းမှုဆိုတာက ကျွန်မတို့ဆီမှာ အထူးအဆန်းကြီး ဖြစ်မနေဖို့ လိုပါတယ်။ မသန်စွမ်းသူတွေက သာမန် တန်းတူပါ။ သူတို့မှာ အများနဲ့မတူတဲ့ ကွဲပြားမှုတစ်ခု ရှိနေတယ်ဆိုတာကို ကျွန်မတို့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးမယ်။ အားလုံးရဲ့စိတ်ထဲမှာ အဲဒါ ရှိနေမယ်ဆိုရင် ကျွန်မတို့အတွက် ခွဲခြားမှုဆိုတာ အလိုလို လျော့နည်းသွားပါလိမ့်မယ်။ အဲဒီအတွက်ကို ကျွန်မတို့ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်မှုကို ကျွန်မတို့ ပြမယ်ဆိုရင် သူတို့တွေသည် မသန်စွမ်းသော်လည်း တန်းတူ လုပ်နိုင်ပါသလားဆိုတာကို မြင်လို့ရှိရင် တဖြည်းဖြည်းနဲ့ မသန်စွမ်းမှုဆိုတာ မကွဲပြားဘူးဆိုတာကို ကျွန်မတို့ တွေ့နိုင်ပါတယ်။ အဲဒီအခါမှာ ခွဲခြားဆက်ဆံမှုတွေ လျော့သွားပါလိမ့်မယ်။ အခုလက်ရှိမှာတော့ ကျွန်မတို့က အများနည်းတူ မသန်စွမ်းနဲ့ မယဉ်ပါးသေးဘူးပေါ့နော်။ အဲတော့ အားလုံးက မသန်စွမ်းသူတစ်ယောက်ကို တွေ့တဲ့အခါမှာ သူတို့ လုပ်နိုင်ပါ့မလားဆိုတာ ခွဲခြားဆက်ဆံမှုရဲ့ အဓိက အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ မသန်စွမ်းသူတွေကို တစ်ဖက်က စွမ်းရည်မြင့်တင်ပေးတယ်။ တစ်ဖက်ကလည်း အသိပညာပေးတာတွေ နောက်တစ်ခုက မသန်စွမ်းမှုက ထူးခြားတဲ့ ခွဲခြားမှုကြီး မဟုတ်ဘူးဆိုတာကို အများသိဖို့အတွက် ကျွန်မတို့ ကြိုးစားပြီးတော့ ဆောင်ရွက်ရပါမယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://www.mizzimaburmese.com/article/30051

အပိုင်း (၂ )ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/30172

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly