ဂရင်းဖဲတာဝါ မီးလောင်ကျွမ်းမှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို အဒဲလ်က Despicable Me 3 ရုပ်ရှင်ပြသ

ဂရင်းဖဲတာဝါ မီးလောင်ကျွမ်းမှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို အဒဲလ်က Despicable Me 3 ရုပ်ရှင်ပြသ

ဂရင်းဖဲတာဝါမီးလောင်ကျွမ်းမှုအတွက် ရန်ပုံငွေများရှာဖွေပေးလျက် ရှိနေသော ဗြိတိန်အဆိုတော်အဒဲလ်သည် ထိုမီးလောင်မှု၌ အသက်ရှင်ကျန်ရစ်ခဲ့သူများကို ပျော်ရွှင်စရာများ ဖန်တီးပေးနိုင်ရန်အတွက် Despicable Me 3 ကာတွန်းဇာတ်ကားကို သီးသန့်ပြသပေးခဲ့သည်။

ဂရမ်မီဆုရအဆိုရှင်ဖြစ်သူ အဒဲလ်သည် ထိုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို ကြံုတွေ့ခဲ့ရသည့် ကလေးငယ်များနှင့် သူတို့၏ မိသားစုဝင်များအတွက် ပြီးခဲ့သော ကြာသာပတေးနေ့က သီးသန့် ရုပ်ရှင်ပြသပွဲတစ်ခု ပြုလုပ်ပေးခဲ့ သည်။

The Sun သတင်းစာ၏အဆိုအရ အဒဲလ်သည် သူမ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပပြီးစီးသွားပြီ ဖြစ်တာ ကြောင့် သူမ၏ လန်ဒန်မြို့သူမြို့သားများအတွက် အကူအညီများ အချိန်ပြည့်ပေးနိုင်ပြီ   ဖြစ်ကြောင်း သိရသည်။

“သူမဟာ မီးလောင်ကျွမ်းမှုအတွက် ရန်ပုံငွေများကို အပူတပြင်းရှာဖွေ နေယုံသာမက ဒီဖြစ်ရပ်ဆိုးကို ကြံုတွေ့ ခဲ့ရတဲ့သူတွေအတွက် ပျော်ရွှင်စရာညချမ်းလေးတစ်ခုကို ဖန်တီးပေးချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Despicable Me 3 ကာတွန်းဇာတ်ကားကို သူတို့အတွက် သီးသန့်ပြသပေးခဲ့တာပါ” ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သော ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် အဒဲလ်၏ သီးသန့်ရုပ်ရှင်ပြသပွဲကို ဒါဇင်ပေါင်းများစွာသော ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

လွန်ခဲ့သော ဇွန်လ ၁၄ရက်နေ့က လန်ဒန်အနောက်ပိုင်းတွင် ၂၄ထပ်မြင့်သော ဂရင်းဖဲလ် အထပ်မြင့်အဆောက် အဦး၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၈၀ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၂၅၅ဦးခန့် အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထိုဖြစ်ရပ်အတွင်း ထပ်မံ မြင့်တက်လာခဲ့သော သေဆုံးသူအရေအတွက်ကို အစိုးရမှ ၂၀၁၈ ခုနှစ် အနှောင်းပိုင်းမှသာ ထုတ်ပြန်ကြေညာသွားရန် စီစဉ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly