“ထိပ်သီးဆွေးနွေးပွဲပြီးရင် NCA လက်မှတ် ထိုးဖြစ်မှာလား”

“ထိပ်သီးဆွေးနွေးပွဲပြီးရင် NCA လက်မှတ် ထိုးဖြစ်မှာလား”

ခုဆိုရင် အစိုးရကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အဆင့်မြင့် ကိုယ် စားလှယ်တွေရဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲ အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးသွားပါပြီ။ ဆွေး နွေးပွဲအပြီး နှစ်ဖက်ထုတ်ပြန်ချက်တွေအရ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA ပါ အချက်အလက်တွေ အားလုံးကို သဘောတူ ညှိနှိုင်းနိုင်ခဲ့ပြီ၊ ဒီစာချုပ်ကိုလည်း မကြာခင် တိုင်းရင်းသား ပြည်သူတွေကို ချပြဖို့လည်း သဘောတူထားကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာ ဝင်ရောက် လက်မှတ်ရေးထိုးခွင့်ရမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အရည်အတွက်နဲ့ ပတ်သက်လို့ကတော့ နှစ်ဖက် သဘောတူညီချက် မရခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒီအတွက် နောက်ဆုံးလို့ တကယ်ပြောနိုင်မယ့် နှစ်ဖက် ထိပ်သီးခေါင်း ဆောင်တွေ တွေ့ဆုံပွဲတစ်ခု အခုသြဂုတ်လ မကုန်ခင် ကျင်းပသွားဖို့ ရှိတယ်လို့ ဆိုကြပါတယ်။ 

လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား နှစ်ဖက် ဘာသဘောတူညီချက်တွေ ရထားပြီလဲ၊ ကျန်နေတဲ့ လက်မှတ်ထိုးမယ့် တိုင်းရင်းသား အဖွဲ့တွေရဲ့ ပြဿနာဟာဘာလဲ၊ သိပ်မကြာခင် အပစ်ရပ်စာချုပ်ကို တကယ်ပဲ လက်မှတ်ရေးထိုးဖြစ်မှာလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့ မယ်။
တကယ်တော့ လက်ရှိ နှစ်ဖက်သဘောတူညီချက် ရသွားတဲ့ NCA စာချုပ်ဆိုတာဟာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ အချိန် တစ်နှစ်ခွဲလောက်ယူ၊ ညှိနှိုင်းဆွေးနွေးခဲ့ပြီးမှ ရလာတဲ့ ရလာဒ်ပါ။ ဆွေးနွေးပွဲတွေ ပထမ စစချင်းတုန်းက နှစ်ဖက် အင် အားစုတွေဟာ အပစ်ရပ် စာချုပ်ဆိုင်ရာ မူကြမ်းတစ်ခုစီ တင်ပါတယ်။ အစိုးရဘက်က အဲဒီနှစ်ခု ပေါင်းစပ်ဖို့ ကြိုးစားပါတယ်။ မအောင်မြင်ပါဘူး။ နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်က တင်ပြတဲ့ မူကြမ်းစာချုပ်ကို အခြေခံပြီး တစ်ဖြေးဖြေး ညှိလာတာ အခုနောက်ဆုံး ပြည်သူ တွေကို ချပြတော့မယ့် အဆင့်ရောက်လာတာပါ။

ဒီ စာချုပ်ကို NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်လို့ ခေါ်ပေမယ့် တကယ့်တ ကယ် စာချုပ်ပါ အချက်တွေကို ကြည့်ရင် အပစ်အခတ်ရပ်စဲဖို့ သက်သက်လောက် အချက်တွေ တင်မကပဲ တစ်ချို့ နိုင်ငံရေးဆိုင်ရာ ကတိကဝတ်ပြုချက်တွေ ပါဝင်တာလည်း တွေ့နိုင်ပါတယ်။ စာချုပ်ကို အကြမ်းဖျဉ်း အဓိပ္ပါယ်ဖွင့်ဆိုရရင် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အပစ်အခတ် ရပ်စဲကြမယ်၊ ပြီးရင် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဆောင် ရွက်ကြမယ်၊ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးတာနဲ့ သတ်မှတ်ကာလ တစ်ခုအတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်အောင် မူဘောင်သတ်မှတ်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပကြမယ်၊ အဲဒီ မူဘောင် ဆွေးနွေးပွဲတွေက ရလာတဲ့ ရလာဒ်တွေ အပေါ်မူတည်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး စတင်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံး အချက်အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရှိမချင်း တိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်လက်နက် ကိုယ်ကိုင်ဆောင်ထားခွင့်၊ ကိုယ့်နယ်မြေကို ကိုယ်ထိမ်းသိမ်းထားနိုင်ခွင့်၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်ဆက်လက်ရှင်သန် ရပ်တည်ခွင့်တွေ ရထားကြမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆို စာချုပ်မှာပါတဲ့ အချက်အားလုံးကို နှစ်ဖက် သဘောတူညီချက် ရပါပြီ။ စာချုပ်ထဲမှာ နှစ်ဖက်အဖွဲ့အစည်းတွေထဲ ဘယ်အဆင့်တွေက ပါဝင်လက်မှတ်ရေးထိုး ကြမလဲ ဆိုတာကိုလည်း ညှိနှိုင်းနိုင်ခဲ့ပါပြီ။ ဒါ့အပြင် စာချုပ်မှာ အသိသက်သေ အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးမယ့် ပြည်တွင်း ပုဂ္ဂိုလ်၊ နိုင်ငံတကာ အဖွဲ့အစည်း၊ တိုင်းပြည် ဆိုင်ရာကိစ္စတွေမှာ လည်း သဘောတူညီချက် ရခဲ့ကြပါပြီ။ သဘောတူညီချက်မရပဲ ကျန်ခဲ့တဲ့ တစ်ချက်တည်းသော ပြဿနာက တိုင်းရင်းသားတွေဘက်က လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ ကိစ္စပါ။ လက်ရှိ လက် နက်ကိုင် တိုင်းရင်းသားတွေ အုပ်စုဟာ အစိုးရက လက်မှတ်ရေးထိုးခွင့် ပေးမယ်ဆိုပြီး သဘော တူညီထားတဲ့ အဖွဲ့တွေအပြင် နောက်ထပ် (၆) ဖွဲ့ကိုလည်း ဒီသဘောတူညီချက်ထဲမှာ လက်မှတ် ရေးထိုးစေချင်နေပါတယ်။ 

အဲဒီအဖွဲ့တွေကတော့ တလောလေးကမှ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး နာမည်ကြီး သွားတဲ့ ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့၊ တအာန်း ပလောင် တပ်ဖွဲ့၊ AA ရခိုင်အဖွဲ့၊ WNO လို့ခေါ် တဲ့ ဝ အဖွဲ့ (လက်ရှိ ဝ ဒေသကို ချုပ်ကိုင်ထားတဲ့ ဝ အဖွဲ့မဟုတ်၊ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက်၊ လက်နက်ကိုင် တပ်ဖွဲ့မရှိတဲ့ အရင်မဟာဆန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ငယ်၊)၊ လားဟူအဖွဲ့၊ ANC အဖွဲ့တွေ ဖြစ်ကြပါတယ်။ အစိုးရဘက်ကတော့ အဲဒီ အဖွဲ့(၆) ဖွဲ့ထဲမှာ WNO, ANC နဲ့ လားဟူ အဖွဲ့တွေဟာ လက်နက်ကိုင်တပ်ဖွဲ့ မရှိသလို အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်း မရှိ၊ လက်ရှိ လက်မှတ်ထိုးမှာက အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်တဲ့အတွက် သူတို့ လက်မှတ်ထိုးဖို့ မလို၊ နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ ပါဝင်ခွင့်ရှိတယ် ဆိုပြီး ပြောထားပါတယ်။ ကိုးကန့်တပ်ဖွဲ့၊ တအာန်း ပလောင် တပ်ဖွဲ့၊ AA ရခိုင်အဖွဲ့ တွေနဲ့ ပတ်သက်လို့ကတော့ အောက်ခြေအဆင့် ပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးတာတောင် မရှိသေးဘူး၊ ဒါကြောင့် အဲဒီအဖွဲ့တွေ အနေနဲ့ အောက်ခြေ အဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်၊ နောက်ပိုင်းမှ အပစ်ရပ်စာချုပ် NCA မှာ ဝင်ရောက် လက်မှတ်ထိုး၊ လတ်တ လော လက်မှတ်ထိုးပွဲမှာ ပါဝင်ခွင့် မရပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲမှာတော့ ပါဝင်ခွင့်ပြုမယ် ဆိုပြီး အကြောင်းပြပါတယ်။

တကယ့် လက်တွေ့ အခြေအနေအရတော့ ကိုးကန့်လို တပ်ဖွဲ့မျိုးဟာ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးနေချိန်၊ ငြိမ်းချမ်းရေး လုပ်နေချိန်မှာ အစိုးရထိန်းချုပ်တဲ့ ဒေသကို အစီအ စဉ်တကျ ဝင်တိုက်၊ အစိုးရတပ်ကို ကျဆုံးဒါဏ်ရာရ အထိနာစေ၊ လေကြောင်း ပစ်ကူမှုတွေ ကြောင့် တစ်ဖက်တရုတ်နိုင်ငံနဲ့ စကားပြောရ၊ အရှက်ရစေခဲ့တဲ့ အဖွဲ့ဖြစ်တာကြောင့် တပ်မတော်နဲ့ အစိုးရဘက်က အဲဒီအဖွဲ့ကို တိုင်းရင်းသား အဖွဲ့အဖြစ် အသိအမှတ်လည်း မပြုချင်သလို၊ အခြား လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့လည်း တန်းတူ သဘောမထားနိုင်တာ တွေ့ရပါတယ်။ သူ တို့လိုလားတာကတော့ ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ အကျွင်းမဲ့ လက်ချက်ချဖို့ ဆိုတာမျိုးပါ။ ဒါကြောင့် တိုင်းရင်းသားတွေဘက်ကလည်း အဲဒီအချက်ကို လက်မခံပါဘူး။ တစ်တိုင်းပြည်လုံး အ ပစ်ရပ်စာချုပ် ဆိုမှတော့ အားလုံးနဲ့ အပစ်ရပ်ရမှာပေါ့။ တစ်ဖွဲ့နှစ်ဖွဲ့ကို ချန်ထားရင် နောင်အဲဒီ အဖွဲ့တွေကို ဖိပြီး စစ်ရေးအရ တိုက်ခိုက်မှာ စိုးရိမ်ရတယ် ဆိုပြီး အားလုံးပါဝင်ရေး တောင်းဆိုနေ တာ ဖြစ်ပါတယ်။ တကယ့်တကယ် နောက်ဆုံး ထိပ်သီးအဆင့် ဆွေးနွေးကြရင်တောင် အဲဒီ ကိုးကန့်တပ်ဖွဲ့ ကိစ္စကသာ အခက်ခဲဆုံး ပြဿနာ ဖြစ်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာ ခင် လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတ၊ တပ်ချုပ်တို့လို ခေါင်းဆောင်တွေ နောက်ဆုံး အနေနဲ့ တွေ့ဆုံဆွေးနွေး ကြပါလိမ့်မယ်။ နှစ်ဖက် အင်အားစုတွေဟာ တိုင်းရင်းသား ပြည်သူတွေ မျက်နှာ၊ တိုင်းပြည် မျက်နှာကို ထောက်ထားပြီး တတ်နိုင်သမျှ အပေးအယူ အလျော့ အတင်းလုပ်၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်အောင် ဆွေးနွေး ညှိနှိုင်းသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags