ထူးခြားထင်ရှား ပုပ္ပါးတောင်မကြီးပေါ်သို့

05 August 2017
ထူးခြားထင်ရှား ပုပ္ပါးတောင်မကြီးပေါ်သို့

ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသမှာ ပေ ၅၀၀၀ လောက်မြင့်တဲ့ တောင်ကုန်းကြီးတခု ရှိပါတယ်။ အဲဒါကတော့ လူသိများထင်ရှားဖြစ်တဲ့ ပုပ္ပားတောင်ဖြစ်ပါတယ်။ အပူပိုင်း မြေပြန့်ဒေသရဲ့ အလယ်မှာ စိမ်းလန်းနေတဲ့ တောအုပ်ကြီးနဲ့အတူ ပုပ္ပါးတောင်မကြီးဟာ မြင့်မားထိုးထွက်နေပါတယ်။ တောင်ခိုးတောင်ငွေ့တွေ၊ မိုးတိမ်တိုက်တွေက တောင်မကြီးရဲ့ အမြင့်ပိုင်းကို ဖုံးအုပ်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောအုပ်ကြီးကြောင့် သဘာဝက တောင်မကြီးကို အေးမြစေပါတယ်။

တောင်မကြီးရဲ့ တောင်ခြေ အမြင့်ပိုင်းတနေရာမှာ တည်ဆောက်ထားတဲ့ ပုပ္ပါး Mountain Resort ဒီနေရာတဝိုက်ရဲ့ အလှပဆုံးနေရာတွေကို လွှမ်းခြံုတွေ့မြင်နိုင်မယ့် နေရာကောင်းတခုပါ။ အေးစိမ့်နေတဲ့ သစ်ပင်တွေကြားမှာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားတဲ့ အဆောင်ငယ်လေးတွေက တမူထူးခြားတဲ့ အလှတွေကို ပိုင်ဆိုင်ထားကြပြန်ပါတယ်။

ဒီနေရာကနေ တောင်ခြေတနေရာက ပုပ္ပါးတောင်ကလပ်ရဲ့အလှကို အထူးခြားဆုံးမြင်ကွင်းတွေနဲ့ တွေ့နေရပါတယ်။ သာမန်နဲ့မတူပဲ တမူထူခြားနေတဲ့ ပုပ္ပါးတောင်ကလပ်ဟာ ကျောက်တိုင်ကြီးတခုကို စိုက်ထူးထားဖြစ်နေပါတယ်။ ဒဏ္ဍာရီထဲမှာတော့ ဇာတ်လမ်းပေါင်းများစွာနဲ့ သမိုင်းအဆက်ဆက်ကို ဖြတ်ကျော်ခဲ့တဲ့ ဆန်းကြယ်လွန်းတဲ့နေရာလည်း ဖြစ်ပါတယ်။

တကယ်တော့ တောင်ကလပ်အပါအဝင် ပုပ္ပါးဒေသတခုလုံးဟာ အံ့သြစရာတွေအပြည့် ရှိနေပါတယ်။ ပုပ္ပါးတောင်မကြီးဟာ မြေပြန့်ဒေသ အလယ်မှာ ထူးထူးခြားခြား   မြင့်မားထိုးထွက်နေတဲ့   တောင်ကြီးတလုံးဖြစ်သလို ပဒေသရာဇတ်ခေတ် ဧကရာဇ်ဘုရင်တွေနဲ့ သမိုင်းကြောင်းတွေနဲ့လည်း ဆက်စပ်နေတဲ့ ဒေသကြီးလည်း ဖြစ်ပါတယ်။

ပေပေါင်း ၅၀၀၀ လောက်မြင့်တဲ့ ပုပ္ပားတောင်မကြီးရဲ့ ဟိုးအမြင့်ဆုံးနေရာထိ ကျွန်မတို့ တက်ကြည့်ကြမှာပါ။ တောင်ပေါ်ကိုတက်ဖို့အတွက် တောလမ်းအတိုင်းသွားကြမှာပါ။ သဘာဝအလှတွေကို ပိုပြီးထိတွေ့နိုင်ဖို့ ရည်ရွယ်ထားလို့ပါ။

ကျွန်မတို့ရဲ့ ပုပ္ပါးတောင်တက်ခရီးစဉ်မှာ ကျွန်မအပါအဝင် အဖွဲ့သား ၆ ယောက်အဖွဲ့ ဖြစ်ပါတယ်။ မှတ်တမ်းတင် ကင်မရာရိုက်ကူးရေးအဖွဲ့အပြင် ပုပ္ပါး Mountain Resort ကနေ လိုက်လာတဲ့ လမ်းပြတစ်ယောက်လည်း ပါပါတယ်။ ဒီခရီးက ကျွန်မအတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။

ကျွန်မတို့ အခု ဦးတည်သွားနေတာက ပုပ္ပါးတောင်မကြီးထိပ် တည့်တည့်ဆီကိုတော့ မဟုတ်ပါဘူး။ သဘာဝ ရေထွက်ပေါက်တခုဆီကို သွားနေကြတာပါ။ သာမာန်သွားနေကြလမ်းကြောင်း မဟုတ်ပေမယ့် ထူးခြားတဲ့တောတောင်သဘာဝ အလှတွေကို ထိတွေ့ခွင့် ရမှာတော့ သေချာပါတယ်။

ကျွန်မတို့ အခု တောလမ်းခရီးကို စနေပါပြီ။ တောတောင်ထဲကို ရောက်လာတာနဲ့ ငှက်ကလေးတွေ ရဲ့အသံကို စပြီးတော့ ကြားနေရပါတော့တယ်။ ကျန်တာတွေကတော့ အရမ်းကို တိတ်ဆိပ်နေပါတယ်။

ချောင်းရိုးတခုအတိုင်း အပေါ်ဘက်ကို ဦးတည်ပြီး တက်နေတာပါ။ သစ်ပင်ကြီးတွေ မရှိပေမယ့် တောက စိမ်းစို အုံ့မှိုင်းနေပါတယ်။ မိုးတွင်းကာလဖြစ်နေတော့ နေရာတိုင်းမှာ စိုစွတ်နေပြီး သစ်ပင်တွေကလည်း ပိုပြီးတော့တောင် စိမ်းလမ်းနေကြသလိုပါပဲ။ ကျမအတွက် အမျိုးအမည်မသိတဲ့ သဘာဝပေါက်ပင်တွေထဲမှာတော့ ဆေးဖက်ဝင် အပင်အမျိုးမျိုးပါ၀င်နေမှာတော့ သေချာပါတယ်။ ပုပ္ပားဒေသဟာ ဆေးဖက်ဝင် အပင်တွေပေါများတဲ့ နယ်မြေကြီးဖြစ်နေတော့ ဒီနေရာမှာ ဘယ်လိုတွေဆန်းကျယ်နေမလဲ ကျွန်မ မတွေးဆနိုင်ပါဘူး။

ပုပ္ပားတောင်ကြီးဟာ စိမ့်ရေထွက်ပေါက်ပေါများရာ ဒေသဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၉၈၁ ပေတိတိမြင့်တဲ့ ဒီတောင်မကြီးရဲ့ အမြင့်ပိုင်းတနေရာက စိမ့်ရေထွက်ပေါက် တခုကို တွေ့ရတော့မှာပါ။ ဒီလမ်းက တောလမ်းဆိုပေမယ့် လူအသွားအလာရှိပြီး တောင်တက်ခရီးသွားတွေလည်း သွားလေ့ရှိတဲ့ နေရာတခုပါ။

သဘာဝစိမ့်ရေထွက်ပေါက်ကို တမံခံပြီး လှောင်ထားတာဖြစ်ပါတယ်။ အဲဒီရေကို သုံးရေအဖြစ် ပိုက်တွေနဲ့ သွယ်ယူကြတာပါ။ ပုပ္ပားဒေသမှာတော့ အခုလိုပုံစံနဲ့ ရေသုံးစွဲကြတာကို အများကြီးတွေ့ရမှာပါ။

ကျွန်မတို့အဖွဲ့ရဲ့ ပုပ္ပားတောင်တ က်ခရီးစဉ်က စိမ့်ရေထွက်ပေါက်ရှိရာနေရာကနေ ခရီးဆက်ခဲ့ကြပါတယ်။ တကယ်တော့ စိမ့်ရေထွက်ပေါက်နေရာက တောင်မကြီးပေါ်တက်တဲ့လမ်းမှာ ရှိနေတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် တောင်မကြီးအတက်လမ်းရှိရာဆီကို ကန့်လန့်ဖြတ် တောင်ပတ်လမ်းအတိုင်း ကျွန်မတို့ သွားရပါအုံးမယ်။

လမ်းက မတ်စောက်ပြီး တောက ပိုနက်လာပါတယ်။ လမ်းသွားရင်း မှတ်တမ်းတင်နေကြတဲ့ ကင်မရာသမားတွေအတွက်လည်း အခက်အခဲတော့ များပါတယ်။ မိုးအစိုဓါတ်၊ သစ်တောရဲ့ အအေးဓါတ်ကြောင့် မောသင့်သလောက် မမောကြပါဘူး။ အေးမြတဲ့ လေကိုရှုရင်း ကျမတို့အဖွဲ့သားအားလုံး တက်ကြွနေကြပါတယ်။ တကယ်တော့ ဒါက ခရီးအစပဲ ရှိပါသေးတယ်။

ကျွန်မတို့ အခုချိန်ထိ ရေပိုက်သွယ်တန်းထားရာ လမ်းကြောင်းအတိုင်း တက်လာကြတာပါ။ တောင်တက်လမ်းတလျှောက် ငှက်မြည်သံလေးတွေတော့ ကြားနေရပါတယ်။ အားလုံးလဲ မောစပြုနေကြပါပြီ။ ဒါပေမယ့် ကျွန်မတို့တွေ ဆက်ပြီးတက်နေကြပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံထဲမှာ ရှိနေတဲ့ ပုပ္ပားတောင်ဟာ ထင်မှတ်မထားလောက်အောင် အေးစိမ့်အုံ့မှိုင်းနေပါတယ်။ ကျွန်မတို့ တက်လာရောလမ်းတလျှောက်လုံး   တောင်အောက်မြင်ကွင်းတွေကို ပြန်ကြည့်နိုင်တဲ့နေရာ အခုထိ မတွေ့သေးပါဘူး။

ပုပ္ပားတောင်ဟာ မြန်မာနိုင်ငံရဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတခုအဖြစ်လည်း ပါ၀င်နေပါတယ်။ ထူးခြားတဲ့ သဘာဝသစ်တောတွေ ရှားပါးတဲ့ သားငှက်တိရစ္ဆာန်တွေကို ပုပ္ပားတောင်မကြီးပေါ်မှာ   တွေ့ရမှာပါ။ သားငှက်တိရိစ္ဆာတွေထဲမှာတော့ အလွန်ရှားပါးနေပြီဖြစ်တဲ့ မျောက်မျက်ကွင်းဖြူတွေ ဒီတောင်မကြီးပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလွယ်တကူတော့ တွေ့နိုင်မှာ မဟုတ်ပါဘူး။

ပုပ္ပားတောင်မှာရှိတဲ့ သစ်တောတွေကို ၁၉၀၂ ခုနှစ်ကစလို့ ဘေးမဲ့တောအဖြစ် သတ်မှတ်ထားခဲ့ဖူးပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ပုပ္ပားတောင်ဥယျာဉ်ကို စတင်တည်ထောင်ခဲ့ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအနေနဲ့ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ပုပ္ပားတောင်ဟာ စူးစမ်းလေ့လာစရာ သဘာဝအကြောင်းအရာပေါင်းများစွာကို တွေ့နိုင်တဲ့ နေရာဖြစ်ပါတယ်။

ကျွန်မတို့ တက်လာရာလမ်းမှာ အဆောက်အဦးတခုကို တွေ့ရပြန်ပါပြီ။ ဒီနေရာက စခန်းတခု ဖြစ်ပါတယ်။

ရေငယ် ရေထွက်စခန်းရှိရာကနေ ကန့်လန့်ဖြတ် တောင်ပတ်လမ်းတိုင်း ကျွန်မတို့တွေ ခရီးဆက်ကြပါပြီ။ တောင်ကုန်းဆင်ခြေလျောကို ကန့်လန့်ဖြတ်ဖောက်ထားတဲ့ လမ်းကြောင်းဖြစ်တာကြောင့်   စောစောက တက်လာခဲ့သလောက်တော့ မတ်စောက်တဲပလမ်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် တောင်ပေါ်ကို တက်တဲ့ လမ်းဆုံအထိ အတော်လေး လမ်းလျှောက်ရအုံးမှာပါ။

ကျွန်မတို့ ရောက်နေတဲ့ လူသွားလမ်းဟာ ပုပ္ပားတောင်မကြီးရဲ့အနောက်ဘက်ခြမ်း အမြင့်ပေ ၂၈၀၀ ၀န်းကျင်လောက်မှာ ဖြစ်ပါတယ်။ သစ်ပစ် ကြီးကြီးမားမားမတွေ့ရပေမယ့် တောကတော့ သစ်ပင်ခြံုနွယ်တွေနဲ့ ပြည့်နေပါတယ်။ ပုပ္ပားတောင်ဟာ သားငှက်တိရစ္ဆာန်တွေပေါများတဲ့နေရာ ဖြစ်တာကြောင့် ငှက်အော်သံတွေတော့ တလမ်းလုံး ကြားနေခဲ့ရပါတယ်။ ပြီးတော့ ဒီတောတွေထဲမှာ ရှားပါးလိပ်ပြာမျိုးစိပ်တွေလည်း ရှိတယ်လို့ သိထားရပါတယ်။

ကျမတို့ ဖြတ်သန်းလာတဲ့ လမ်းကြောင်းဟာ ဂြိုလ်တုမြေပုံအရတော့ တောင်ကုန်းရဲ့ အလယ်ပိုင်းနေရာလောက်ကနေ ကန့်လန့်ဖြတ် ဖောက်ထားတဲ့ ကားလမ်းနေရာဖြစ်ပါတယ်။ ပုံမှန် တောင်တက်လမ်းကို ဆက်မိတဲ့ လမ်းဆုံအထိ ၁ မိုင်ခွဲလောက် ရှည်ပါတယ်။ တောင်ကုန်း ဆင်ခြေလျောကို ကန့်လန့်ဖြတ်ဖောက်ထားတဲ့လမ်းဖြစ်သလို .. အနိမ့်အမြင့်မရှိ ပြင်ညီလမ်းဖြစ်တာကြောင့် အချိန်တိုတိုနဲ့ ခရီးတော်ရောက်လာပါပြီ။ လမ်းမှာတော့ သစ်ပင်ခြံုနွယ်တွေ၊ကလွဲပြီး ဘာမှ မတွေ့ရပါဘူး။ တခါတရံ တောတိုးသံလိုလို ကြားရပေမယ် .. လေတိုက်တဲ့အသံတွေသာ ဖြစ်ပါတယ်။ ကျမအတွက် တွေ့လိမ့်နိုးနိုး စိတ်ဝင်စားမိတာကတော့ မျောက်မျက်ကွင်းဖြူဖြစ်ပါတယ်။ ဒါပေမယ့် တွေ့ဖို့တော့ မလွယ်ပါဘူး။

ပုပ္ပားတောင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အလွယ်တကူ ခရီးသွားလာနိုင်တဲ့ နေရာအတော်များများနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီဒေသကို အလွယ်တကူလာနိုင်သလို သဘာဝ ခရီးသွားလာလိုသူတွေအတွက်လည်း ရွေးချယ် သင့်တဲ့နေရာဖြစ်ပါတယ်။ တောတောင်တွေရဲ့ သဘာဝအရသာဟာ ကျမအတွက်တော့ အထူးခြားဆုံးလို့ ခံစားမိပါတယ်။ သဘာဝ သစ်တော်စိမ်းစိမ်းတွေကြားမှာ နေထိုင်ရတဲ့ အရသာက မွန်းကြပ်မှုတွေအားလုံး လွင့်စင်သွားသလိုတောင် ခံစားရပါတယ်။ ဒီအရာတွေကြောင့်ပဲ ခရီးကြမ်းပေမယ့် မောပန်းတယ်လို့တောင် မထင်ရပါဘူး။

တဖြည်းဖြည်းနဲ့ ပုံမှန်တောင်တက်လမ်းနဲ့ ဆက်သွယ်မိတဲ့ လမ်းဆုံနေရာကို ရောက်လာပါပြီ။ ဒီနေရာမှာ ကျမတို့ နေ့လည်စာ စားကြပါမယ်။ ပြီးရင်တော့ မတ်စောက်လှတဲ့ လမ်းကြောင်းတွေအတိုင်း ကျမတို့ရဲ့ တောင်တက်ခရီးစဉ်ကို ဆက်ပြီးသွားကြတော့မှာပါ။

ပုပ္ပါးတောင်တက်လမ်းဟာ ကားလမ်းအဖြစ်တော့ ဖောက်ထားပါတယ်။ ဒီကားလမ်းဟာ အမြင့်ပေ ၄၃၀၀ ကျော်အထိ ဖောက်ထားပြီး အဲဒီအထက်ကိုတော့ လမ်းလျှောက်တက်ရမှာပါ။ ကားလမ်းရှိတယ် ဆိုပေမယ့်လည်း အရည်အသွေးမြင့် တောင်တက်ကားတွေနဲ့သာ တက်နိုင်မယ့်လမ်းဖြစ်ပါတယ်။

ကျွန်မတို့တွေ အမြင့်ပေ ၃၀၀၀ ကျော်ကို ရောက်လာပါပြီ။ ကျွန်မတို့အဖွဲ့ရဲ့ လမ်းပြ ပြောပြတာကတော့ ဒီနေရာဟာ ပုပ္ပားဒေသမှာ ထင်ရှားတဲ့ စကားဝါပန်းပင်တွေ ပေါက်တဲ့နေရာလို့ သိရပါတယ်။ စကားဝါတော ရှိတဲ့နေရာပါ။

မတ်စောက်တဲ့ တောင်တက်လမ်းပိုင်းတွေကို ရောက်လာသလို ကျွန်မတို့အဖွဲ့တွေလည်း နဲနဲတော့ ပိုမောလာကြပါပြီ။ တဖြည်းဖြည်း နားရင်းနဲ့ လျှောက်လာကြပါတယ်။ မိုးဖွဲဖွဲကျနေတာကြောင့် ခရီးသွားရတာ သက်တောင့်သက်သာရှိနေပါတယ်။ တောင်တက်လမ်းတွေက လူသွားလို့ ရရုံ လမ်းကျဉ်းလေးတွေပါ။ ဒီလမ်းကျဉ်းလေးအတိုင်းပဲ ကျွန်မတို့တွေ တရွေ့ရွေ့ ခရီးဆက်လာကြပါတယ်။ အခုဆိုရင် ခရီးအတော် ပေါက်လာပါပြီ။

ကျွန်မတို့ တက်လာရာ တောင်တက်လမ်းတလျှောက် အုံ့မှိုင်းနေတဲ့ တောလမ်းတွေကနေသာ ဖြတ်လာရပါတယ်။ အခုတော့ တောင်တက်လမ်းကနေ တောင်ခြေရှုခင်းတွေကို မြင်နိုင်တဲ့ နေရာကို   ရောက်လာပါပြီ။

တကယ့်ကို အံ့သြစရာကောင်းတဲ့အလှတွေဖြစ်ပါတယ်။ မှုန်ပျပျအဝေးဆီမှာ ပုပ္ပားတောင်ကလပ်ကို သေးသေးလေးပဲ လှမ်းမြင်နေရပါတယ်။ မကြာခင်မှာ ပုပ္ပားတောင်မကြီးရဲ့ ထိပ်ကို ရောက်ဖို့ အတော့ကို နီးလာပါပြီ။ အခုဆိုရင် ပေ ၄၀၀၀ အမြင့်လောက်ကို ကျွန်မတို့ ရောက်နေတာဖြစ်ပါတယ်။

အမြင့်ပေ ၄၀၀၀ ကျော်တာနဲ့ တောင်ပေါ်တောတွေကို တွေ့လာရပါပြီ။ ဒီနေရာမှာတော့ မြက်ခင်းတွေ၊ နာနတ်လျှော်တွေနဲ့ ရှားစောင်းပင်တွေကို တွေ့နိုင်ပါတယ်။ အမြင့်ပေ ၃၀၀၀ ကျော် ၄၀၀၀ အောက်မှာတော့ ထင်းရှူးတောတွေကို တွေ့ရပါတယ်။

ပုပ္ပားတောင်မကြီးဟာ တောင်တစ်လုံးထဲမဟုတ်ပဲ တောင်ထွဋ်ပေါင်းများစွာ ပါ၀င်နေတဲ့ တောင်မကြီးဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ တောင်ထဋ်လေးလုံး ရှိပြီး အဲဒီအလယ်မှာတော့   ရှေးနှစ်ပေါင်းများစွာကတည်းက ပေါက်ကွဲဖြစ်ပေါ်ခဲ့တဲ့ မီးတောင်တွင်းဝကြီး ရှိနေပါတယ်။ အခုရောက်နေတဲ့နေရာဟာ ဆိုရင် တောင်ထွဋ်လေးလုံးထဲမှာ ပါ၀င်တဲ့နေရာပါ။

တောင်ရဲ့ အမြင့်ဆုံးနေရာတွေကို ရောက်ာလာပါပြီ။ သစ်တောက ပိုပြီးကျဲလာသလို မြင်ကွင်းတွေကလည်း တဖြည်းဖြည်းနဲ့ ထူးခြားလှပလာပါတယ်။ ရှေ့နားမှာဆို ကျွန်မအရမ်းတွေ့ချင်နေတဲ့ မီးတောင်ထိပ်ဝနေရာကို ရောက်တော့မှာပါ။ မီးတောင်ထိပ်ဝနေရာမှာတော့ ရဟတ်ယဉ်ကွင်းရှိပါတယ်။ ပြီးတော့ နားနေစရာအဖြစ် တည်ဆောက်ထားတဲ ့အဆောင်တလုံးလည်း တွေ့ရပြီး ပျက်စီးယိုယွင်းနေပါပြီ။ အခုတော့ မီးတောင်ထိပ်ဝဆီကို သွားကြည့်ကြပါမယ်။

ပုပ္ပားမီးတောင်ကြီးဟာ ဘူမိဗေဒ ပညာရှင်တချို့ရဲ့  အဆိုအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ သန်းလောက်ကတည်းက ပေါ်ထွက်လာခဲ့တာလို့ ဆိုပါတယ်။ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ ကာလကတော့   နှစ်ပေါင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်း ၅ သောင်းကျော်ကာလဖြစ်ပါတယ်။ ပုပ္ပားမီးတောင်ကြီးဟာ မြောက်ဘက်တည့်တည့်ကို ပေါက်ကွဲခဲ့တာဖြစ်မယ် ထင်ပါတယ်။ မီးတောင်ဝဟာ တွင်းချိုင့်ပုံစံ   ဖြစ်မနေပဲ မြောက်ဘက်ကို ပွင့်ထွက်ထားတဲ့ပုံစံဖြစ်နေပါတယ်။ ဒါအဲ အဲဒီဘက်ပိုင်းဟာ ချော်ရည်တွေ စီးထွက်ရာနေရာဖြစ်သလို ပစောက်ပုံစံ ဖြစ်နေပါတယ်။

နတ်တို့စံပျော်ရာအဖြစ် ထင်ရှားတဲ့ ပုပ္ပားတောင်ကလပ်ကတော့ ဒီမီးတောင်ကြီး ပေါက်ကွဲစဉ်အခါက လွင့်စင်သွားတဲ့ မီးတောင်အဆို့တခုရယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပုပ္ပားတောင်ကလပ်ဟာ အခု ပုပ္ပားတောင်မကြီးရဲ့ အနောက်ဘက်မှာဖြစ်ပြီး မီးတောင်ထိပ်ဝ နေရာကနေ ၃ မိုင်လောက် အကွာမှာ ရှိနေပါတယ်။

ဒီနေရာဟာ အရမ်းကို လှပလွန်းတဲ့နေရာပါ။ တွေ့နေရာတဲ့ မီးတောင်ဝ တွင်းချိုင့်ကြီးဟာ ပေပေါင်း ၃၀၀၀ လောက်နက်ပြီး အဲဒီအတွင်းပိုင်းမှာတော့ ရှားပါး ငှက်မျိုးစိတ်တွေ၊ ဆေးဘက်ဝင် သစ်ပင်တွေ များစွာ ရှိနေတယ်လို့ သိရပါတယ်။

အခု ကျွန်မရောက်နေတဲ့ မီးတောင်ဝနေရာဟာ အမြင့်ပေ ၄၅၀၀ လောက်မှာဖြစ်ပါတယ်။ ရာသီဥတုကြည်လင်နေချိန်မို့ ဒီနေရာကနေ ရှုမျှော်ခင်းအလှတွေကို ကောင်းကောင်း ခံစားခွင့်ရတာဖြစ်ပါတယ်။ အပေါ်ဘက်မှာတော့ တောင်ခိုးတောင်ငွေ့တွေ ပြည့်နေတာကြောင့် ဘာမှ မမြင်ရတော့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဦးတည်ရာ ဖြစ်တဲ့ တောင်မကြီးထိပ်ကိုတော့ အရောက်တက်ကြမှာပါ။

မြန်မာနိုင်ငံအလယ်ပိုင်း အမြင့်ဆုံး၊ တကယ့်အမြင့်ဆုံးနေရာကို ကျွန်မတို့ ရောက်နေကြပါပြီ။ ပုပ္ပားတောင်မကြီးထိပ်မှာတော့ ရုပ်မြင်သံကြားထပ်ဆင့်အသံလွှင့်စက်ရုံနဲ့ စေတီတဆူ တည်ထားတာကို တွေ့ရပါတယ်။

Tasty Trip ခရီးစဉ်ရဲ့ အထူးခြားဆုံးနေ့တနေ့ပါ။ ထင်ရှားကျော်ကြားလှတဲ့ ပုပ္ပားတောင်မကြီးထိပ်ကို ဘယ်လို ခရီးနှင်ရမလဲဆိုတဲ့ ထူးခြားတဲ့ အတွေ့အကြံုကိုလည်း ရလိုက်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly