ဆီးဂိမ်းအပြီးသတ် လူစာရင်းတွင် ငြိမ်းချမ်းအောင် မပါဝင်

ဆီးဂိမ်းအပြီးသတ် လူစာရင်းတွင် ငြိမ်းချမ်းအောင် မပါဝင်

သြဂုတ် ၅၊ ရန်ကုန်။             ။ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂လက်ရွေးစင်ဘောလုံးအသင်း လူစာရင်းတွင် ဒဏ်ရာမှပြန်လည်သက်သာပြီး   ဘောလုံးပြန်ကစားနိုင်ပြီဖြစ်သော ငြိမ်းချမ်းအောင် ပါဝင်လာခြင်း မရှိပေ။

ငြိမ်းချမ်းအောင်မှာ ဒဏ်ရာကြောင့် နှစ်နှစ်ကျော်အနားယူနေရာမှ ဘရူနိုင်းယူ-၂၂နှင့်ကစားခဲ့သော အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲတွင် ပြန်လည်ပါဝင်ကစားနိုင်ခဲ့ကာ နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ငြိမ်းချမ်းအောင်မှာ ကြံ့ခိုင်မှုအခြေအနေအရ အင်အားပြည့်ကစားရန်အချိန်လိုနေသေးသည့်အတွက် အပြီးသတ်လူစာရင်းမှ နည်းပြ ဂတ်ဇီဆီက ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၂အသင်း အပြီးသတ်လူစာရင်းတွင် ငြိမ်းချမ်းအောင်အပြင် အဓိက ကစားသမားတစ်ဦးဖြစ်သော မျိုးကိုထွန်းလည်း လွဲချော်ခဲ့သည်။

မြန်မာယူ-၂၂အသင်းအပြီးသတ်လူစာရင်းတွင် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းမှ စည်သူအောင်၊ ဟိန်းသီဟဇော်၊ လှိုင်းဘိုဘို၊ ရှိုင်းသူရတို့ပြန်လည်ပါဝင်လာပြီး ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှ ထိုက်ထိုက်အောင်၊ နန်းဝေမင်း၊ သီဟထက်အောင်၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ အောင်သူ၊ မောင်မောင်လွင်၊ မောင်မောင်စိုး၊ သန်းပိုင်တို့ ပါဝင်သည်။ မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းပြိုင်ပွဲကို ကစားသမား ၂၀ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သြဂုတ်လ ၁၁ ရက်တွင် မလေးရှားနိုင်ငံသို့ထွက်ခွာမည်ဖြစ်ကာ သြဂုတ် ၁၄ ရက်တွင် စင်ကာပူအသင်းနှင့်အဖွင့်ပွဲကစားရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly