နေ့စဉ်နှင့်အမျှ အစွန်းရောက်အကြမ်းဖက်မှုများကို တွန်းလှန်တိုက်ခိုက်နေရဟု အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြော

နေ့စဉ်နှင့်အမျှ အစွန်းရောက်အကြမ်းဖက်မှုများကို တွန်းလှန်တိုက်ခိုက်နေရဟု အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြော
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ သြဂုတ်လ ၅ ။             ။ မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်နှင့်အမျှ အစွန်းရောက်အကြမ်းဖက်မှုများကို တွန်းလှန်တိုက်ခိုက်နေရကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။

ရန်ကုန်မြို့၊ သီတဂူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်၌ သြဂုတ်လ ၅ ရက်မှ ၆ ရက်ထိ နှစ်ရက်တာပြုလုပ်သည့် ကမ္ဘာ့နိုင်ငံအသီသီးမှ ဘာသာရေးခေါင်းဆောင်များ နှင့် ပညာရှင်များပါဝင်သည့်   ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြံုရေးဆိုင်ရာဘာသာပေါင်းစုံညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညီလာခံတွင် ဦးသောင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် အစွန်းရောက်အကြမ်းဖက်မှုများကို အစဉ်တွန်းလှန်ဆန့်ကျင်လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း လွတ်လပ်စွာကိုးကွယ်မှုကိုလည်း အလေးထားဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် “အမုန်းတရားများ ဖြစ်ပေါ်ပွားများစေမည့် မဟုတ်မမှန် လိမ်လည်လုပ်ဇာတ်များကိုလည်း ရင်ဆိုင် ‌ဖြေရှင်းနေရပြီး ထိုလိမ်လည်ဇာတ်လမ်းများ ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာက ထွက်ရှိလာသည်ဖြစ်စေ ဆိုးဝါးသည့်ပြဿနာကို ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ အရောင်စုံ၊ အလွှာစုံသော လူ့ဘောင်အဖွဲ့အစည်းအတွင်း မရှိအပ်သည့် အရာဖြစ်ကြောင်း” အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ညီလာခံတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအ‌ခြေခံဥပဒေတွင်လည်း “နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင် သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင် သောအခွင့်အရေးကို အညီအမျှရရှိစေရမည်”ဟု အတိအလင်းပြဌာန်းထားပြီး ဘာသာတရားလွတ်လပ်မှုကို ထိန်းသိမ်းဖော်ဆောင်ပေးရန် ဆုံးဖြတ်ချက်ရှိ ထားသကဲ့သို့  ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆုံးဖြတ်ချက်အခိုင်အမာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကွဲပြားခြားနားသည့် ကိုးကွယ်ရာဘာသာများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်မှုများဖြင့် တူညီသည့် အယူအဆ တန်းဖိုးထားမှုများကို ဖော်ထုတ်အားပေးကြရန် ၂ဝဝ၃ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်ဖြင့် ကမ္ဘာ့နိုင်ငံများမှ ဆုံးဖြတ်အတည်ပြုထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly