အစိုးရနှုတ်ထွက်ပေးရန် တောင်းဆိုနေသည့် သပိတ်စခန်းများကို အာဏာစက်ဖြင့် ဖြိုခွင်းသွားမည်ဟု သာဝန်ပြော

အစိုးရနှုတ်ထွက်ပေးရန် တောင်းဆိုနေသည့် သပိတ်စခန်းများကို အာဏာစက်ဖြင့် ဖြိုခွင်းသွားမည်ဟု သာဝန်ပြော
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန်၊ သြဂုတ် ၅ ။          ။ အစိုးရနှုတ်ထွက်ပေးရန် တောင်းဆိုနေသည့် သပိတ်စခန်းများကို ပထမဆုံးအနေဖြင့် ဓမ္မစက်ဖြင့်အသိပေးတားမြစ်သွားမည်ဖြစ်ပြီး တားမြစ်၍ မရရှိပါက အာဏာစက်ဖြင့် ဖြိုခွင်းသွားမည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

"လုပ်ထုံးလုပ်နည်းနှင့်အညီ ပထမ ဓမ္မစက်နဲ့ သတိပေးပါတယ်။ သတိပေးလို့မှ ဆန္ဒပြသပိတ်စခန်းဖွင့်တာ မရုတ်သိမ်းဘူးဆိုရင်တော့ အာဏာစက်နဲ့ ရှင်းလင်းရပါတယ်။ ဒီနေ့မနက် ၂ နာရီတုန်းက ဘုရားကြီး သပိတ်စခန်းကို အေးချမ်းစွာ ရှင်းလင်းခဲ့ပါတယ်"ဟု သူရဦးအောင်ကိုက ပြောသည်။

သြဂုတ်လ ၅ ရက်က ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြံုရေးဆိုင်ရာ ညီလာခံတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရဟန်းသံဃာအချို့ပါ၀င်ပြီး ဆွမ်းခံသည့်သပိတ်ကို မြှောက်ပြရုံမျှဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်မှောက်ခြင်း အထမမြောက်ကြောင်း၊ သပိတ်မှောက်ရာတွင် လုပ်ငန်းစဉ်များ အကြောင်းပြချက်များ ခိုင်လုံစွာရှိရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းအပြင် တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့သည့်သူများအား ရဟန်းလည်း ရဟန်းအလျောက်၊ လူပုဂ္ဂိုလ်လည်း လူပုဂ္ဂိုလ်အလျောက် အရေးယူသွားမည်ဟု သူရဦးအောင်ကို၏   ပြောဆိုချက်အရ သိရသည်။

ရန်ကုန် နှင့် မန္တလေးတွင် ရဟန်းသံဃာအချို့နှင့် မျိုးချစ်ပုဂ္ဂိုလ်အချို့က အစိုးရနှုတ်ထွက်ပေးရေး သပိတ်စခန်းများကို သြဂုတ်လ ၂ ရက်က မန္တလေးရှိ ဘုရားကြီး နှင့် ရန်ကုန်ရှိ ကြေးသွန်းဘုရားရှေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးရှိ သပိတ်စခန်းကို သြဂုတ် ၅ရက် နံနက် ၂ နာရီ ၀န်းကျင်ခန့်က အစိုးရမှ ဖြိုခွဲခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly