မာလီဟိုတယ် စီးနင်းမှုတွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ဟုဆို

မာလီဟိုတယ် စီးနင်းမှုတွင် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ဟုဆို

ဘာမာကို၊ သြဂုတ်-၉ ။         ။ အစိုးရတပ်များက အဆောက်အအုံကို တိုက်ခိုက်ပြီးနောက် အဆုံးသတ်သွားခဲ့သည့် မာလီနိုင်ငံအလယ်ပိုင်းမှ ဟိုတယ်တစ်ခုကို စီးနင်းဓားစာခံလုပ်မှုတစ်ခုတွင် ကုလကန် ထရိုက်တာ ၄ဦးအပါအဝင် အနည်းဆုံး လူ၁၂ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အားလုံးပေါင်း ၁၂ယောက်သေဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၅ဦး၊ စစ်သား ၅ဦးနှင့် လူဖြူ၂ဦးပါဝင်သည်ဟု ဆီဗဲရှိ ဟိုတယ်ဘိုင်ဘလော့စ် (Hotel Byblos)ကို စစ်ဆင်တိုက်ခိုက်အပြီးတွင် စစ်တပ်အရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

သို့ရာတွင် မာလီစစ်တပ် အကြီးတန်းအရာရှိတစ်ဦးကမူ နောက်ဆုံးသေဆုံးသည့်စာရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် ထို့ထက်မြင့်မားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

Mali MINUSMA ရှိ ကုလမစ်ရှင်ကမူ တစ်ရက်နီးပါးကြာဖြစ်စဉ်အတွင်း ယူကရိန်းနိုင်ငံသားနှစ်ဦး၊ နိပေါနိုင်ငံသားတစ်ဦးနှင့် တောင်အာဖရိကနိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရပြီး မစ်ရှင်နှင့် စာချုပ်ချုပ်ထား သည့် ကုမ္ပဏီတစ်ခုမှ မာလီနိုင်ငံသာ ယာဉ်မောင်းတစ်ဦးလည်း အသတ်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။နောက်ထပ် ကုလကန်ထရိုက်တာ၄ဦးဖြစ်သည့်တောင်အာဖရိကန်၂ဦး၊ ရုရှ၁ဦးနှင့် ယူကရိန်း ၁ ဦး ကိုမူ ကယ်တင်နိုင်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သည့်အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ တိုက်ခိုက်သူများက ဟိုတယ်ထဲတွင် အဆိုပါ ကန်ထရိုက်တာ၄ဦးရှိနေသေးကြောင်းကို မသိရှိခဲ့ဘဲ၊ ၎င်းတို့က တိုက်ခိုက်နေစဉ်တစ်လျှောက်လုံးတွင် ကုလမစ်ရှင်နှင့် မပြတ်တမ်း ဆက်သွယ်နေခဲ့သည်ဟု ဆိုသည်။

စစ်သွေးကြွအုပ်စုများ၏ ဂျီဟတ်တိုက်ခိုက်မှုများ မြင့်မားလာမှုကြောင့် မငြိမ်မသက်ဖြစ်နေသော်လည်း မာလီအစိုးရက ဇွန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေချိန်တွင် ယခုကဲ့သို့ ဟိုတယ်ကို စီးနင်းဓားစာခံလုပ်မှု ဖြစ်ပွားလာခဲ့ခြင်းပင်ဖြစ်သည်။

''ဒီတိုက်ခိုက်မှုက မာလီပြည်သူတွေ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အဖော်သဟဲပြုပေးဖို့ ကုလရဲ့ ဆုံးဖြတ်ချက်ကို ယိမ်းယိုင်လျော့ပါးစေမယ်မဟုတ်ဘူး''ဟု ကုလထွေချုပ် ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဒေသမြို့တော် မော့တီမှ ကီလိုမီတာအနည်းငယ်အကွာတွင်ရှိသော ဆီဗဲမှာ ၂၀၁၂ခုနှစ်က အစ္စလာမ်စစ်သွေးကြွများလက်သို့ ကျဆင်းသွားခဲ့သည့် မြောက်ပိုင်း သဲကန္တာရသို့ သွားရာလမ်းပေါ်ရှိ အဓိကကျသော စခန်းမြို့တစ်မြို့ဖြစ်သည်။

သြဂုတ်လ ရက်နေ့ နံနက်၇နာရီအချိန်တွင် သေနတ်သမားများ ဟိုတယ်အတွင်းသို့ တစ်ဟုန်ထိုးဝင်ရောက်လာမှုနှင့် စတင်ခဲ့သည့် တိုက်ခိုက်မှုအတွက် မည်သည့်အုပ်စုကမှ တာဝန်ခံခဲ့ခြင်းမရှိခဲ့ပေ။ တိုက်ခိုက်သူများအနက် အနည်းဆုံးတစ်ယောက်မှာ ဗုံးခါးပတ်ကို ပတ်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required