တရုတ်နိုင်ငံသား အများစုပါ၀င်သည့် မူးယစ်ဂိုဏ်းတစ်ခု စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်း

တရုတ်နိုင်ငံသား အများစုပါ၀င်သည့် မူးယစ်ဂိုဏ်းတစ်ခု စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်း

သြဂုတ် ၅ ။              ။ နိုင်ငံတွင် တရားမဝင် ဆေးခြောက်စိုက်ပျိုးပြီး ဗြိတိန်နိုင်ငံသို့ တင်ပို့နေသည့် မူးယစ်ဂိုဏ်းအဖွဲ့တစ်ခုကို စီးနင်းဖြိုခွဲနိုင်ခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ မူးယစ်ဂိုဏ်းမှ အဖွဲ့ဝင် စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးခဲ့ရကြောင်းနှင့် အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်နေကြသည်ကို တွေ့ရှိရသည်ဟု စပိန်ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းမူးယစ်ဂိုဏ်းမှာ ဆေးခြောက်ပင်များကို တရားမဝင် လျို့ဝှက်စိုက်ပျိုးနေခဲ့ပြီး ပုဂ္ဂလိကပိုင် ပစ္စည်းပို့ကုမ္ပဏီတစ်ခုမှတဆင့် ဗြိတိန်သို့ ဆေးခြောက်များတင်ပို့ရောင်းချနေခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟုလည်း သိရသည်။

စပိန်နိုင်ငံတွင်  ၎င်းတို့ စိုက်ပျိုးလုပ်ဆောင်နေသည့် မိုးလုံလေလုံ လျို့ဝှက် ဆေးခြောက်စိုက်ခင်းများကိုပါ စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆေးခြောက်ပင်ပေါင်း ၃၀,၀၀၀ ကျော်ကိုလည်း ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

စပိန် စစ်ဘက်နှင့်အရပ်ဘက်တပ်ဖွဲ့နှင့် အကောက်ခွန်အေဂျင်စီတို့ ပူးပေါင်းအဖွဲ့က သတင်းအရ နိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းရှိ ဒေသရှစ်ခုတွင်ရှိနေသည့် နေအိမ်တိုက်ခန်းများနှင့် စက်မှုအလုပ်ရုံ ၂၁ ခုတို့ကို ၀င်ရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယခု ဖြိုခွင်းနိုင်ခဲ့သည့် မူးယစ်ဂိုဏ်းမှာ စနစ်တကျ ဖွဲ့စည်းထားသည်ကိုလည်း စစ်ဆေးတွေ့ရှိရပြီး ၎င်းဂိုဏ်းသားများကိုလည်း လုပ်ငန်းပုံသွင်းစီစဉ်သူ၊ လုပ်ငန်းဖော်ဆောင်သူ၊ စိုက်ပျိုးသူ၊  လုပ်ငန်းကာကွယ်စောင့်ရှောက်သူ စသည့် အုပ်စုခွဲများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required