ဘာစီလိုနာနှင့်သတင်းထွက်နေသည့် ဟာဇက်ကိုရောင်းမည်မဟုတ်ဟု ကွန်တီပြော

ဘာစီလိုနာနှင့်သတင်းထွက်နေသည့် ဟာဇက်ကိုရောင်းမည်မဟုတ်ဟု ကွန်တီပြော

သြဂုတ် ၅၊ လန်ဒန်။                  ။ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသည်ဟု သတင်းထွက်နေသည့် အီဒင်ဟာဇက်ကို ရောင်းမည်မဟုတ်ကြောင်း ချယ်လ်ဆီး အသင်းနည်းပြ အန်တိုနီယိုကွန်တီက ပြောသည်။

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် နေမာကို ပီအက်စ်ဂျီအသင်းထံကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ရောင်းချပြီးနောက် ကစားသမားသစ်ရှာဖွေနေသည်။

၂၀၁၇-၁၈ ရာသီစခါနီးတွင် နေမာရုတ်တရက်ထွက်ခွာသွားသဖြင့် ချက်ချင်းအစားထိုးနိုင်ရန်ခက်မည်ဖြစ်သော်လည်း ဘာစီလိုနာ အသင်းတွင် ငွေကြေးပေါများစွာရှိနေသည်။

ကော်တင်ဟို၊ အမ်ဘတ်ပီတို့နှင့်ကောလာဟလများစွာထွက်နေရာမှ ယခင်ကတည်းကအပြောင်းအရွှေ့ကြီးတစ်ခုအဖြစ် လာလီဂါ သို့ရောက်ရန် သတင်းထွက်ဖူးသည့် ဟာဇက်လည်းပါဝင်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာဆင်နယ်နှင့် ယခုတစ်ပတ်ကွန်မြူနတီးဒိုင်းပြိုင်ပွဲကိုလွဲချော်မည့် ဘယ်လ်ဂျီယံကြယ်ပွင့်ကို ရောင်းချမည် မဟုတ်ကြောင်းကွန်တီကဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ကစားသမားသစ်ဝယ်ရန် စျေးကွက်အတွင်းရှိနေဦးမည်ဟုလည်း အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ကစားသမားတွေ ရောင်းဖို့မဟုတ်ဘဲ ဝယ်ဖို့ကြိုးစားနေပါတယ်။ တစ်ဖက်မှာလည်း စျေးကွက်ထဲကစားသမား နည်းလာတော့ ဒုက္ခတွေ့နေတယ်။

ထွက်နေတဲ့သတင်းတွေက ကောလာဟလတွေလို့ထင်ပါတယ်။ အီဒင် (ဟာဇက်) အနေနဲ့ ကျွန်တော်တို့နဲ့ ဆက်နေဖို့၊ ချယ်လ်ဆီးအတွက်ကစားပေးဖို့၊ ဒဏ်ရာကနေပြန်ကောင်းလာဖို့နဲ့ ရာသီသစ်စဖို့အတွက်ကိုပဲ အာရုံစိုက်ပြီးပျော်နေပါတယ်”ဟု ကွန်တီက ဆိုသည်။

အသစ်ခေါ်ယူမည့်ကစားသမားအမည်နှင့် အရေအတွက်ကိုအတိအကျပြောရန် ကွန်တီကငြင်းဆန်ခဲ့သော်လည်း လိုချင်သည် များကို အသင်းထံအသိပေးထားပြီးဖြစ်သည်ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required