လူကုန်ကူးမှုလျော့ကျစေရန် ပိုမို ပညာပေးမှု လိုအပ်နေသည်

လူကုန်ကူးမှုလျော့ကျစေရန် ပိုမို ပညာပေးမှု လိုအပ်နေသည်
မွန်ပြည်နယ်၊ မုဒုံမြို့ ကျေးလက်ဒေသတစ်ခုရှိ နေအိမ်ရှေ့တွင် ဈေးဆိုင်ငယ်ဖွင့်ပြီး ဘဝသစ် ပြန်လည် အစပြုရန် ကြိုးပမ်းနေသော မမေခိုင်ဦး  (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

၃ နာရီကျော်ကြာမည့် အိမ်အပြန်ခရီးမှာ မမေခိုင်ဦးအတွက် ၁၃ နှစ်ကြာမြင့်ခဲ့သည်

မုဒုံ(Myanmar Now) ။                 ။ အိမ်အပြန်ခရီးတွင် အစပြုသည့် အိပ်မက်ဆိုးက နှစ်ပေါင်းများစွာကြာမှ အဆုံးသတ်သွားသည်။

ယခု အသက် ၃ဝ အရွယ်၊ ထိုစဉ်က ၁၇ နှစ်အရွယ် မမေခိုင်ဦးသည် အဘွားဖြစ်သူ နေထိုင်ရာ မြန်မာပြည်တောင်ပိုင်း ရေးမြို့နယ်မှ မုဒုံမြို့နယ်သို့ အပြန် ရထားပေါ်တွင် လင်မယားနှစ်ယောက်နှင့် စကားလက်ဆုံ ကျမိသည်။

သူတို့နှင့် လိုက်ပြီး အလုပ်လုပ်ရန် ဖိတ်ခေါ်သော်လည်း အိမ်ပြန်ရမည်ဖြစ်သောကြောင့် မလိုက်နိုင်ကြောင်း ငြင်းဆိုလိုက်သည်။ သူတို့တိုက်သည့်ရေကိုတော့ သောက်လိုက်မိသည်။ ရေသောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် သတိလစ်သွားသည့် မမေခိုင်ဦးမျက်လုံးဖွင့်၍ ရချိန်တွင် ရထားကဘူတာ လွန်သွားပြီဖြစ်သည်။

“ဆင်းရမယ့် နေရာလည်းကျော်လာပြီဆိုတော့ အိမ်လည်းမပြန်တတ်၊ ပိုက်ဆံအပိုလည်း မပါဘူးဆိုတော့ သူတို့သွင်းပေးတဲ့ အလုပ်လုပ်ပြီး ပိုက်ဆံရမှာပဲ မေးစမ်းပြီး အိမ်ပြန်မယ် ဆုံးဖြတ်လိုက်တာ” ဟု မူလတန်းမပြီးခင် ကျောင်းထွက်လိုက်သည့် မမေခိုင်ဦးက ပြောသည်။

ထိုလင်မယားက မမေခိုင်ဦးကို ထမင်းဆိုင်အလုပ်သွင်းပေးပြီး သုံးလပြည့်ချိန်တွင် မိဘအိမ်သို့ ပြန်ပို့မည်ဟုဆိုကာ တရုတ်ပြည်သို့ ခေါ်ဆောင်သွားကာ ရောင်းစားလိုက်ကြသည်။ ဤသို့ဖြင့် မမေခိုင်ဦးသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးခံရသူ ၃,၄၈၉ ဦးအနက်မှ တစ်ဦး ဖြစ်လာသည်။

မမေခိုင်ဦးကဲ့သို့ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၊ အမျိုးသမီးများလူကုန်ကူးခံရမှု လျော့နည်းလာစေရန် ထိရောက်သည့် ဥပဒေ ပြဋ္ဌာန်းလုပ်ဆောင်ရုံနှင့် မပြီးဘဲ ပညာပေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ကြရမည်ဟု ဌာနဆိုင်ရာအရာရှိများ၊ အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့ ကျေးလက်ဒေသတစ်ခုရှိ နေအိမ်ရှေ့တွင် စျေးဆိုင်ငယ်ဖွင့်ပြီး ဘဝသစ် ပြန်လည် အစပြုရန် ကြိုးပမ်းနေသော မမေခိုင်ဦး  (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ဆိုရှယ်မီဒီယာသုံးပြီး လွတ်မြောက်ခြင်း

ရောင်းစားခံရပြီး အိမ်ထောင်သည်ဘဝသို့ အတင်းအကျပ် ပို့ဆောင်ခံရသူ မမေခိုင်ဦးက ထွက်ပြေးရန် မကြာခဏ စဉ်းစားခဲ့သည်ဟု ဆိုသည်။

“ကိုယ်မသိတဲ့ ပတ်ဝန်းကျင်ဆိုတော့ ဘယ်ကိုပြေးလို့ ပြေးရမှန်းလည်းမသိဘူးလေ။ ဒီကထွက်ပြေးပြီး ဒီထက်ဆိုးတဲ့နေရာကို ရောက်မှာလည်း ကြောက်ခဲ့တာ” ဟု မမေခိုင်ဦးက ပြောသည်။

သမီးတစ်ယောက်၊ သားတစ်ယောက် ရရှိပြီးချိန်တွင် အိမ်ပြန်ချင်သည်ဟု ခွင့်တောင်းရာ ထိုအမျိုးသားက သဘောတူသဖြင့် မမေခိုင်ဦးက အိမ်နီးချင်း မြန်မာတစ်ဦးကို အပြန်ခရီးအတွက် အကူအညီတောင်းခဲ့သည်။ 

“လမ်းစရိတ်လုပ်ဖို့ ကျွန်မရဲ့လက်ဝတ်လက်စားတွေ ရောင်းချပေးမယ်ဆိုပြီး ယူသွားတဲ့နေထဲက ဒေါ်မြင့်မြင့်အေးတစ်ယောက် ကျွန်မဆီ လုံးဝမ ပေါ်လာတော့ဘူး။ ကျွန်မပစ္စည်းတွေကို ယူသွားလို့မှ အားမရဘူး၊ ကျွန်မကို ပွဲစားဆီမှာ ထပ်ရောင်းခဲ့တာ” ဟုသူကဆိုသည်။

ဒုတိယအမျိုးသားနေအိမ်သို့ ရောက်ရှိချိန်တွင် မမေခိုင်ဦး ၂၈ နှစ် ပြည့်ပြီဖြစ်သည်။ ထိုအိမ်သို့ရောက်ရှိပြီး ၈ လခန့် အကြာတွင် သူ၏ လွတ်မြောက်ရာလမ်းကို WeChat မှ တစ်ဆင့် တွေ့ခဲ့လေသည်။

“တရုတ်က TV အစီအစဉ်တွေမှာက မကြာခဏလိုလို WeChat အသုံးပြုနည်းနဲ့ ပတ်သက်ပြီးတော့ လာတယ်။ WeChat ထဲမှာပဲ မြန်မာပြည်က အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိပြီး ပြန်လွတ်လာတာပါ” ဟု သူကပြောသည်။

နေရပ်ရင်းပြန်ရောက်စဉ်က မမေခိုင်ဦးတွင် ဒုတိယအမျိုးသားနှင့် ရသည့်ကိုယ်ဝန် ရှိနေပြီ ဖြစ်သည်။ မော်လမြိုင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက မမေခိုင်ဦး အိမ်ရှေ့တွင်   စျေးဆိုင်ငယ်တစ်ခု ဖွင့်နိုင်ရန် ဌာနက ၅ သိန်းကျပ် ထောက်ပံ့ခဲ့ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲကလည်း ကိုယ်ဝန်နှင့် ပတ်သက်ပြီး စောင့်ရှောက်ပေးနေကြောင်း ရှင်းပြသည်။

မမေခိုင်ဦး၏ အမှုကို၂ဝ၁၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရအမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးဆန်းဦးက ပြောသည်။

လူကုန်ကူးသူတို့၏ ပစ်မှတ်

လူကုန်ကူး သူတို့က ဆင်းရဲသူတို့ကို ပစ်မှတ်ထားလေ့ရှိသည်ဟု ရှေ့နေများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရန်ကုန်တရားမျှတမှု စင်တာ၏ စီမံကိန်းမန်နေဂျာ ဦးထွန်းလှိုင်က ပြောသည်။

“ကိုယ့်ပတ်ဝန်းကျင်မှာ ပညာပေးလုပ်ငန်းတွေ အောက်ခြေအထိ လုပ်ပေးဖို့ လိုပါတယ်။ နယ်စပ်ဂိ်တ်တွေမှာလည်း အသေအချာ စစ်ဆေးဖို့လိုပါတယ်”ဟု ချို့တဲ့သည့် အမှုသည်များကို အခမဲ့ အကျိုးဆောင်ပေးသည့် ထိုအဖွဲ့မှ ဦးထွန်းလှိုင်ကပြောသည်။

နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပါက လူကုန်ကူးခံရမှု လျော့ကျသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲသားတို့၏ တစ်နေ့တာဝင်ငွေ ပိုမိုမြင့်မားလာလျှင်  နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုလျော့နည်းလာနိုင်ကြောင်း သူက မှတ်ချက်ပြုသည်။

“လူကုန်ကူးမှုက နိုင်ငံခြားကို ထွက်မှ မဟုတ်ပါဘူး။ ဒီနိုင်ငံအတွင်းမှာလည်း အများကြီး ရှိနေတာပဲလေ။ ပြဿနာမဖြစ်လို့တာ ဘာမှ မဖြစ်တာ။ ဖြစ်မယ်ဆိုရင် ဒါတွေကလည်း တဖြည်းဖြည်း ကြီးမားလာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်”   ဟု ဦးထွန်းလှိုင်ကပြောသည်။ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြည်ပသို့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်ပါက လူကုန်ကူးမှု ခံရနိုင်ချေ ပိုများကြောင်း ပြောသည်။

“ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေက အများကြီးပဲ။ အခုနောက်ပိုင်း လုပ်ခအပြည့်မပေးတဲ့ ပြဿနာက ပိုများလာတယ်။ ကျေးလက်ကလူတွေက လူကုန်ကူးမှု ပိုခံရနိုင်ပါတယ်”ဟုအမြဲတမ်းအတွင်း ဝန်ကဆိုသည်။

နိုင်ငံတော်အပိုင်း အနေဖြင့် လူကုန်ကူးမှု ပိုမိုလျော့နည်းလာအောင် ပညာပေးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ကျေးလက်၊ တောရွာများအထိ ရောက်အောင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သင့်ကြောင်း သူက ဆက်ပြောသည်။

“ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနေတာကို ဂရုမစိုက်ဘဲနဲ့ အဲ့ဒီလိုလူတွေရဲ့ ပြောစကားကိုယုံပြီး သွားနေတဲ့လူတွေ အများကြီးရှိတယ်။ ဟိုရောက်တော့ ဘယ်သူ့မှ ဆက်သွယ်လို့မရဘူး၊ ဘာလုပ်ရမှန်းမသိဘူး။ တို့မှာလည်း အချက်အလက် မရှိတော့ ကူဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ဖြစ်လာမှပဲ သိတော့တာလေ။ အဓိက ပြဿနာတွေက အဲ့ဒီလိုမျိုးတွေပေါ့” ဟု အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်လတ်က အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် လိုအပ်နေသူတို့ထံ ရောက်ရန် ပိုမိုသေချာသည့် နည်းလမ်းများကို အသုံးပြုသင့်သည်ဟုယူဆသည်။

“အဓိကကတော့ ပညာပေးဖို့ပါပဲ။ ဟောပြောပွဲကြီးလုပ်ပြီး ပညာပေးရတာ တစ်ခါတလေကျတော့လည်း အဆင်မပြေဘူး။ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်ကို ဆောင်ရွက်ရင်းနဲ့ ပညာပေးမှုကို ဖြန့်ဝေမယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ရဲမှူးက ဆိုသည်။

လူကုန်ကူးမှု ဆိုသည်မှာ တစ်ဦးတစ်ယောက်ကို သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ငှာ သယ်ယူပို့ဆောင်ခြင်း လွှဲပြောင်းခြင်း၊ ရောင်းချခြင်းဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ၂ဝဝ၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ထိုသို့ပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သော သူ၏ သဘောတူညီချက် ရရန် အကျိုးအမြတ် ပေးခြင်းသို့မဟုတ် လက်ခံရယူခြင်းတို့သည်လည်း လူကုန်ကူးမှုမြောက်သည်ဟု ဆိုသည်။

ထိုဥပဒေအရ လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

၂ဝဝ၆ မှ ၂ဝ၁၆ အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးမှုပေါင်း ၁,၃၈ဝထဲတွင် အဓမ္မ လက်ထပ်ခိုင်းမှုမှာ အများဆုံးဖြစ်ပြီး၊ ဒုတိယမှာ ပြည်တန်ဆာမှု၊ တတိယမှာ အဓမ္မခိုင်းစေသည့် အမှုများဖြစ်သည်။

မြန်မာပြည်သား လူကုန်ကူးခံရသူတို့ အများဆုံး ရောင်းစားခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆိုသည်။ ဒုတိယအများဆုံးမှာ ပြည်တွင်း၌ပင် ရောင်းစားခံရခြင်း၊ တတိယနှင့် စတုတ္ထမှာထိုင်း၊ မလေးရှားနိုင်ငံများသို့ ရောင်းစားခံရခြင်း ဖြစ်သည်။

အကြွေးတင်ခြင်း၊ ပညာ နှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အိမ်တွင်းအကြမ်းဖက် ခံရခြင်းတို့သည် လူကုန်ကူးခံရသည့် ကြောင်းရင်းများတွင် ပါဝင်သည်ဟု အရပ်ဖက်အဖွဲ့အစည်းအများပြားက ဆိုသည်။

လူကုန်ကူးခံရသူများထဲတွင် အယုံလွယ်သူ၊ အားနာတတ်သူ၊ ဗဟုသုတနည်းပါးသူ၊ စွန်စားလိုသူ၊ အကာအကွယ်မဲ့သည့် ကလေးသူငယ်များ၊ နိုင်ငံခြားကို အထင်ကြီးသည့်သူများ၊ လက်ရှိဘဝကို နာကျည်းပြီး မိုက်ရူးရဲဆန်စွာ ဆုံးဖြတ်ချက်ချသူတို့ ပါဝင်သည်ဟု ၎င်းတို့ကဆိုသည်။

လူမှုဖွံ့ဖြိုးရေးအသင်းတစ်ခုဖြစ်သော Agency for Basic Community Development မှ ဒါရိုက်တာမောင်ဂျွန်က ချင်းပြည်နယ်သည် နယ်မြေအေးချမ်းသော်လည်း ဆင်းရဲနွမ်းပါးခြင်းကြောင့် ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်းသွားလာသူ အများဆုံးဒေသဖြစ်ကြောင်း ပြောသည်။

“ဒီပြဿနာက စီးပွားရေးပြဿနာပါ။  ပြည်သူတွေကြားထဲမှာ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လိုပါတယ်။ တစ်ဖက်ကလည်း ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းတွေ လုပ်ပေးဖို့လိုပါတယ်”ဟု လူကုန်ကူးမှု အသိပညာပေးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မောင်ဂျွန်က ပြောသည်။

ဆယ်ကျော်သက်အရွယ်တွင် ကိုယ်တိုင် လူကုန်ကူးခံရသူဖြစ်သည့် မမေခိုင်ဦးက သူနှင့် နီးစပ်ရာမိတ်ဆွေများ၊ အိမ်နီးချင်းများကို ကိုယ်တွေ့အဖြစ်အပျက်များ ရှင်းပြသည့် နည်းဖြင့် ပညာပေးနေသည်ဟု ဆိုသည်။

"မိဘတွေအနေနဲ ့ သားသမီးတွေကို တစ်ယောက်တည်း ခရီးမလွှတ်သင့်ဘူး။ မိန်းကလေးတွေလည်း ကျွန်မဖြစ်စဉ်ကို သင်ခန်းစာယူပြီး လူတိုင်းကို မယုံကြည်သင့်ပါဘူး" ဟု မမေခိုင်ဦးက ပြောလိုက်သည်။ 

 

 

Mizzima Weekly