အစိုးရနှုတ်ထွက်ရေး သပိတ်မှောက်မှုအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းရန် စီစဉ်

အစိုးရနှုတ်ထွက်ရေး သပိတ်မှောက်မှုအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းရန် စီစဉ်
မန္တလေး သပိတ်စခန်းမှ အစိုးရနှုတ်ထွက်ရေး ဆန္ဒပြနေမှုအား ဩဂုတ် ၃ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ဘိုဘို/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားရေးအမည်ခံ လှုပ်ရှားသူ သင်္ကန်းဝတ်တချို့နှင့် လူပုဂ္ဂိုလ် တချို့က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် NLD အစိုးရ နှုတ်ထွက်ပေးရန် သပိတ်မှောက် ဆန္ဒပြမှုအပေါ် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရန် စီစဉ်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

“သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် ဌာနအဖွဲ့အစည်းတွေနဲ့ လိုအပ်တဲ့ ညှိနိုင်းဖြေရှင်းမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကလည်း ဒီအတွက် လိုအပ်တဲ့အစည်းအဝေးတွေ ပြုလုပ်ပြီးတော့ ဥပဒေမှာ ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဒါတွေကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

ဩဂုတ်လ ၄ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ် အောင်စိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အရေးယူ ဆောင်ရွက်မှုအနေဖြင့် သံဃနာယကအဖွဲ့အစည်းများ၏ ညှိနှိုင်းချက်များ၊ တိုင်းအစိုးရအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် မူတည်ကာ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ဆိုသည်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားအနီးနှင့် မန္တလေးမြို့၊ မဟာမုနိဘုရားကြီးနယ်မြေ ၂၅၀၀ ဗိမာန်ဝင်းအတွင်း၌ သင်္ကန်းဝတ်တချို့ အပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း အင်အား ရ၀ခန့်စီက အစိုးရနှုတ်ထွက်ပေးရန် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေခြင်းဖြစ်သည်။

သပိတ်စခန်းကို ရက်အကန့်အသတ်မရှိ ဖွင့်လှစ်ထားမည်ဟု ကြေငြာထားသည့် ဆန္ဒပြသူများက လက်ရှိအစိုးရကို “အာဏာရှင် အစိုးရ” “ဗုဒ္ဓဘာသာကို ဖျက်ဆီးသည်” စသဖြင့် စွပ်စွဲကာ နှုတ်ထွက်ပေးရန် ပြောဆိုကြသည်။ NLD အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မွတ်ဆလင်များကို အခွင့်အရေး ပိုမိုပေးခဲ့သည်ဟုလည်း ဆန္ဒပြသူများက စွပ်စွဲသည်။

ဖွင့်လှစ်ထားသော သပိတ်စခန်းများအား အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့က အသီးသီး ဩဝါဒပေးထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင်းသတင်းစာ မြန်မာ့အလင်းတွင် ပါရှိသည်။

မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်က ယမန်နေ့က စာဖြင့်အကြောင်းကြားခဲ့သလို ယနေ့နံနက် ၁၀နာရီတွင်လည်း ခေါ်ယူကာ သပိတ်စခန်း ပြောင်းရွှေ့ရန် ဩဝါဒပေးထားကြောင်း မန္တလေးသပိတ်စခန်းမှ ဆရာတော် ဥူးအဂ္ဂ က ယနေ့ ဩဂုတ် ၄ရက်၊ ညနေပိုင်းတွင် မိန့်သည်။

“ည ၁၀နာရီ နောက်ဆုံးထားရွှေ့ပေးဖို့ (မြို့နယ်သံဃနာယက)ဆရာတော်ကြီးတွေ ပြတ်ပြတ်သားသား မိန့်ကြားလိုက်ပါတယ်။ ဦးပဥ္ဇင်းတို့က ဆန္ဒပြပွဲလည်း မဟုတ်ဘူး။ သပိတ်စခန်းဖြစ်တဲ့အတွက် နေရကြတော့ အလွယ်တကူပြောင်းဖို့ အစီအစဉ် မရှိပါဘူး” ဟု ဥူးအဂ္ဂ က ဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly