အာရှလုံခြံုရေးဖိုရမ်မှာ မြောက်ကိုရီးယားအပေါ် သံတမန်နည်းအရ ဖိအားပေးဖို့ အမေရိကန် ကြိုးပမ်းမည်

အာရှလုံခြံုရေးဖိုရမ်မှာ မြောက်ကိုရီးယားအပေါ် သံတမန်နည်းအရ ဖိအားပေးဖို့ အမေရိကန် ကြိုးပမ်းမည်

သြဂုတ် ၄ ။              ။ ဖိလစ်ပိုင်နိုင်ငံမှာ ယခုသီတင်းပတ်ကုန်ကျရင် စတင်ကျင်းပမယ့် အာရှဒေသ လုံခြံုရေး ဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာတော့ မြောက်ကိုရီးယားအရေးကိစ္စနဲ့ပတ်သက်လို့ ဦးစားပေးဆွေးနွေးသွားကြဖို့ ရှိနေတယ်လို့ သိရပါတယ်။

ထိပ်သီးအစည်းအဝေးမှာတော့ အမေရိကန်ဘက်က ယင်းနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်လို့ ပြစ်တင်မှုတွေနဲ့အတူ ဖိအားပေးဖို့ပါ တစ်ပြိုင်တည်း လုပ်လာမှာဖြစ်ပြီး ပြုံယမ်းအာဏာပိုင်တွေအနေနဲ့ ကတော့ သံတမန်ရေးရာ အတားအဆီးတစ်ခုနဲ့ ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။

ကင်မ်ဂျံုအန်းအစိုးရရဲ့ နျူစမ်းသပ်မှုတွေကို တားဆီးနိုင်ဖို့ ကြိုးစားနေကြတဲ့ အဓိက အင်အားကြီးနိုင်ငံတွေအားလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ အဆိုပါ ဖိလစ်ပိုင် အစည်းအဝေးကို တက်ရောက်လာကြမှာဖြစ်ပြီး ထိပ်တွေ့ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားအပေါ် ဘယ်လိုတုန့်ပြန်ကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်တို့အကြား လုံးပန်းနေရလျက် ရှိပါတယ်။

ယခု ဒေသတွင်းအစည်းအဝေးမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က မြောက်ကိုရီးယားအပေါ် သံတမန်နည်းအရ ဖိအားပေးဖို့ ကြိုးပမ်းလာမှာဖြစ်ပြီး နောက်ထပ် အရေးယူပိတ်ဆို့မှုတွေထပ်လုပ်ဖို့ ရှိနေတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောထားပါတယ်။

" ခုနှစ် ဒီအစည်းအဝေးမှာ ကျွန်တော်တို့ တွေ့မြင်လာရနိုင်တာကတော့ မြောက်ကိုရီးယားတို့ရဲ့ ရန်လိုတဲ့ အပြုအမှုတွေအပေါ် ပြစ်တင်ဖိအားပေးမှုမျိုး တွေ့ရဖို့ ရှိပါတယ်" ဆိုပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆူဆန် သွန်တန်က ပြောပါတယ်။

အာဆီယံအဖွဲ့တွင်း နိုင်ငံတွေက အိမ်ရှင်အဖြစ် နှစ်စဉ်လက်ခံကျင်းပတဲ့ ယင်းအစည်းအဝေးမှာတော့ နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့ အီးယူတို့က ထိပ်တန်းသံတမန်တွေ တက်ရောက်ပြီး အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံရေးနဲ့ လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags