သူမ၏ လူမှုမီဒီယာမှ ပရိသတ်များကြောင့် မင်းသမီးဖြစ်လာခြင်းဖြစ်ကြောင်း ဆိုဖီတာနာပြောကြား

သူမ၏ လူမှုမီဒီယာမှ ပရိသတ်များကြောင့် မင်းသမီးဖြစ်လာခြင်းဖြစ်ကြောင်း ဆိုဖီတာနာပြောကြား

Game of Thrones ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်မင်းသမီးဖြစ်သူ ဆိုဖီတာနာက ဟောလိ၀ုဒ်ရုပ်ရှင်လောကမှ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို Porter မဂ္ဂဇင်းသို့ မကြာသေးခင်က ဖွင့်ဟပြောကြားခဲ့သည်။

ဆိုဖီတာနာက Porter မဂ္ဂဇင်းအား “သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုမှာ ကျမအစမ်းသရုပ်ဆောင်ပြခဲ့ရပါတယ်။ အဲ့တုန်းက ကျမနဲ့အတူ ကျွန်မထက်ပိုတော်ပြီး မင်းသမီးဖြစ်ဖို့ ကျွန်မထက်ပိုသင့်တော်တဲ့ မိန်းကလေးတစ်ယောက် နဲ့ ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့် လူမှုမီဒီယာမှာ ကျမက သူမထက် ပရိသတ်ပိုများပါတယ်။ ဒါကြောင့် သရုပ်ဆောင်မယ့် အခွင့်အရေးကို ကျွန်မရခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ ဒါဟာမှန်ကန်တဲ့ လုပ်ရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာအခုလက်ရှိ ရုပ်ရှင်လောကမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေထဲက တစ်ခုပါပဲ” ဟု သူမက ပြောခဲ့သည်။

တာနာသည် လွန်ခဲ့သော ၂၀၁၁ခုနှစ်ကတည်းက ယနေ့အချိန်ထိ ထုတ်လွှင့်ပြနေသော HBO ရုပ်သံလိုင်း၏ အောင်မြင်ကျော်ကြားသည့် Game of Thrones ဇာတ်လမ်းတွဲတွင် ပါ၀င်သရုပ်ဆောင်ပြီး   အောင်မြင်မှုများ ရရှိခဲ့သည်။

ထိုအချိန်မှစပြီး သူ၏လူမှုမီဒီယာအကောင့်များတွင် ပရိသတ်များ များပြားလာပြီး တွစ်တာ၌ အားပေးသူ ၁.၃၄ သန်း၊ အင်စတာဂရမ်၌ ၅.၄သန်း နှင့် ဖေ့စ်ဘုတ်တွင် ၂သန်းခန့်အထိ ရှိလာခဲ့သည်။

တာနာသည် X-Men: Apocalypse ဇာတ်ကားတွင်လည်း အဓိကအခန်းဏ္ဍမှ ပါ၀င်သရုပ်ဆောင်ရင်း အားပေးမှုများရရှိခဲ့သည်။

သူမ၏ပြောဆိုချက်အရ လက်ရှိအချိန်တွင် သရုပ်ဆောင်ကြယ်ပွင့်များအနေဖြင့် ကောင်းမွန်သော အခန်းဏ္ဍများ ၌ ပါ၀င်နိုင်ရေးသည် လူမှုမီဒီယာများပေါ်မှ ၄င်းတို့ကိုအားပေးသည့် ပရိသတ်များအပေါ်တွင် မူတည်နေပုံရ သည်။

ဒါ့အပြင် Vanity Fair ၏ လေ့လာချက်အရ နာမည်ကျော်မင်းသားကြီးများ ဖြစ်ကြသော ဒွိန်းဂျွန်ဆင်နှင့် ဗင်ဒိုင်ဆယ်တို့သည် လူမှုမီဒီယာများ၌ အားပေးသူအမြောက်အများ ရှိထားသောကြောင့် ရုပ်ရှင်စတူဒီယိုများ သည် သူတို့ပါ၀င်သော ရုပ်ရှင်များ၏ နမူနာကားများကို သူတို့၏ဖေ့စ်ဘုတ်၌ တိုက်ရိုက်တင်ခွင့်ပေးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly