တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချနိုင်ကြောင်း သာသနာရေးထုတ်ပြန်

တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချနိုင်ကြောင်း သာသနာရေးထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၄ ။           ။ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများသည် သံဃာအများစု၏ ဆန္ဒကို ကိုယ်စားမပြုသည့်အပြင် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သြဂုတ် ၂ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၅၀ ဦးခန့်တို့ကလည်းကောင်း အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ ပြုလုပ်နေခြင်းဖြစ်သည်။

ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက်အနက် တစ်ပါးပါးကိုမျှ ပြုမူဆောင်ရွက်ခြင်းမရှိပါက သံဃာတော်များသည် “ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ”ကို ရွတ်ဖတ်၍ ကျောင်းအတွင်း၌သာ သပိတ်မှောက်ထိုက်၊ ဆန္ဒပြထိုက်ကြောင်း သာသနာရေးဝန်ကြီးဌာန၏ သြဂုတ် ၃ ရက်က ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း(သို့မဟုတ်) သပိတ်မှောက်ခြင်းဆိုသည်မှာ ရဟန်းကောင်း၊ ရဟန်းမြတ်များအပေါ် အပြစ်လုပ်သူ ဒါယကာ၊ ဒါယိကာမများအား သပိတ်မှောက်သူများက သံဃာနှင့် ပတ်သက်ခွင့် ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူဒါန်းသည့် ဆွမ်း၊ ကွမ်းစသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇနကံဆောင်သည်(သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်စာ၌ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly