နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပီအက်စ်ဂျီအသင်း (၅)နှစ် စာချုပ်,ချုပ်ဆို

နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပီအက်စ်ဂျီအသင်း (၅)နှစ် စာချုပ်,ချုပ်ဆို

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာမှ ဘရာဇီးစူပါစတား တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့  ယူရို ၂၂၂သန်း (ပေါင်သန်း ၂၀၀)ဖြင့်  (၅)နှစ် စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါပြောင်းရွှေ့ကြေးဟာ ၂၀၁၆ ခုနှစ် သြဂုတ်လက ဂျူဗင်တပ်စ်မှ မန်ယူသို့ ပေါင် ၈၉ သန်းနဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာရဲ့ ယခင်ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို ရိုက်ချိုးသွားခဲ့တာလည်းဖြစ်ပါတယ်။

နေမာဟာ အခွန်ဆောင်ပြီး ကနဦး (၅)နှစ် စာချုပ်အတွက် စုစုပေါင်း ပေါင်သန်း (၄၀၀) ရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခလစာမှာ ယူရို ၄၅ သန်း (ပေါင် ၄၀.၇ သန်း) ဖြစ်ကာ တစ်ပတ်လျှင် ယူရို ၈၆၅,၀၀၀ (ပေါင် ရ၈၂,၀၀၀) ဝင်ငွေ ရရှိပါတယ်။

နေမာက သူဟာ "ဥရောပမှာ အောင်မြင်ဖို့ ဆန္ဒပြင်းပြဆုံး ကလပ်တွေထဲက အသင်းတစ်သင်းဆီ" ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် အသင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ ဒီကနေ့ကစလို့ ကျနော့်အသင်းဖော်အသစ်တွေကို ကူညီနိုင်ဖို့ တတ်နိုင်သမျှ ကျနော် အရာအားလုံးကို လုပ်ဆောင်သွားပါလိမ့်မယ်။"လို့ နေမာက ပြောပါတယ်။

ပြင်သစ်ကလပ်အသင်းဟာ သောကြာနေ့ (ယနေ့) မှာ သတင်းစာရှင်းလင်းပွဲ အစီအစဉ်ပြုလုပ်ဖို့ ရှိပါတယ်။ နေမာဟာ စနေနေ့မှာ ပီအက်စ်ဂျီအသင်းရဲ့ ဒီရာသီ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Amiens နဲ့ ပွဲစဉ်မှာ ပရိသတ်တွေကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ကျောနံပါ ၁၀ ဂျာစီကို ဝတ်ဆင်သွားမယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်မှာ နေမာရဲ့ ဘာစီလိုနာကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီး ပြင်သစ် လီဂူ ၁ ချန်ပီယံဆုမှာလည်း မိုနာကိုအသင်းက ရယူသွားခဲ့ပါတယ်။

 Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required