အိန္ဒိယ ဂျာခန်းပြည်နယ်တွင် အမျိုးသမီး၅ဦးကို စုန်းမဟုဆိုကာ အစုလိုက်အပြံုလိုက် သတ်ဖြတ်

အိန္ဒိယ ဂျာခန်းပြည်နယ်တွင် အမျိုးသမီး၅ဦးကို စုန်းမဟုဆိုကာ အစုလိုက်အပြံုလိုက် သတ်ဖြတ်

ရန်ချီ၊ သြဂုတ်-၉ ။           ။ အိန္ဒိယနိုင်ငံ ရန်ချီခရိုင်အတွင်းရှိ လူမျိုးစုကျေးရွာတစ်ရွာတွင် အမျိုးသမီး ၅ဦးကို စုန်းအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့သောကြောင့် ရဲက သတ်ဖြတ်မှုနှင့် ဆက်နွှယ်နေသည့် ရွာသား၂၇ဦးကို ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

အသက်၃၂နှစ်မှ အသက်၅၀ကြား အမျိုးသမီးများကို ကင်ဂျီအာကျေးရွာ၌ လွန်ခဲ့သောည သန်းခေါင်ယံအချိန်တွင် ရွာသားများက တုတ်များဖြင့် အသေရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲလက်ထောက် စစ်ဆေးရေးမှူးချုပ် အာရွန် ကူးမားက ပြောကြားခဲ့သည်။  ထို့နောက် ရုပ်အလောင်းများကို အိတ်များအတွင်းထည့်ကာ ရွာပြင်သို့ လွှင့်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

သြဂုတ်လ ၉ရက်နေ့တွင် ရဲများက ရုပ်အလောင်းများကို ပြန်လည်သယ်ယူလာသည့်အခါတွင် အယူသည်းသည့် ရွာသားများက ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။ ကျေးရွာတွင် မကြာသေးမီက လူနှစ်ယောက် သုံးယောက် သေဆုံးသွားပြီးနောက်တွင် အမျိုးသမီး၅ဦးနှင့် ပတ်သက်သည့် ကောလဟဠများ ပျံနှံ့လာခဲ့သည်။

ဤရုပ်ဆိုးအကျည်းတန်လှသည့် ဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရသည့် လူ ၅၀အနက်မှ ၂၇ယောက်ကို သြဂုတ်လ ၉ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ကူးမားက ပြောကြားခဲ့သည်။
''ပညာခေတ်မှာ ဒီဖြစ်ရပ်ဟာ ဝမ်းနည်းစရာပါ။ ဒါကို လူ့အဖွဲ့အစည်းက အလေးအနက် စဉ်းစားသင့်ပါတယ်''ဟု ဂျာခန်းပြည်နယ် ဝန်ကြီးချုပ် ရာခူဘာ ဒက်စ်က ပြောကြားခဲ့သည်။

ပညာမသင်ကြားရခြင်း၊ အသိနိုးကြားမှုမရှိခြင်းနှင့် အဆက်အသွယ် အလှမ်းအကမ်းဝေးခြင်းများအပြင် အလုပ်လက်မဲ့ပြဿနာကလည်း ပြည်နယ်များတွင် မှော်စုန်းအတတ်များကို ယုံကြည်အယူသီးရသည့် အကြောင်းတရားများဖြစ်သည်ဟုလည်း သူမက ထပ်လောင်းပြောကြားသည်။

၂၀၁၃ခုနှစ်တစ်နှစ်တည်းတွင် စုန်းဟုတံဆိပ်ကပ်၍ အမျိုးသမီးများကို သတ်ဖြတ်သော လူသတ်မှု ၁၆၀အနက် ၅၄မှုမှာ ဂျာခန်းပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ နိုင်ငံတော် ပြစ်မှုမှတ်တမ်းဗျူရို၏ မှတ်တမ်း များအရ ဂျာခန်းပြည်နယ်တစ်ခုတည်းတွင် ၂၀၀၁ခုနှစ်နောင်ပိုင်းတွင် အလားတူအကြောင်းပြချက်ဖြင့် အမျိုးသမီး ၄၀၀ခန့်ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly