မကွေးမြို့ဝင်ဂိတ်များ၊ ကြက်ခြံများ နှင့် စျေးများတွင် H5N1 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

မကွေးမြို့ဝင်ဂိတ်များ၊ ကြက်ခြံများ နှင့် စျေးများတွင် H5N1 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့ဝင်ဂိတ်များ၊ ကြက်ခြံနှင့်စျေးများ၌ ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မကွေးမြို့နယ်   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးဌာနမှူးရုံး ဝန်ထမ်းအင်အားများဖြင့် မကွေးမြို့ဝင်ဂိတ်(၂)ခုနှင့် စျေးများ၊ မွေးမြူရေးကြက်ခြံများ၌ ကြက်ဌက်တုပ်ကွေး H5N1 ရောဂါကာကွယ်ရေး လုပ်ငန်းများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိပြီး မြို့ဝင်ဂိတ်များတွင် စစ်ဆေးနိုင်ရန် ၀န်ထမ်းများကို အမြဲတမ်း တာဝန်ချထားကြောင်း မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ အေးအေးမော်က မဇ္ဈိမသို့ပြောသည်။

"လက်ရှိကတော့ မြို့ဝင်ထွက်ဂိတ်တွေကနေ မြို့ထဲကို ၀င်လာတဲ့ ကြက်ဥ၊ ကြက်နဲ့ ဝက် သယ်ဆောင်လာတဲ့ ကားတွေ မြို့ထဲကို ဝင်မယ်ဆိုရင် ရောဂါပိုးတွေ ကပ်ပါမလာအောင်လို့ ပိုးသတ်ဆေးဖြန်းပါတယ်။ ပိုးသတ်ဆေးဖြန်းပြီးမှ မြို့ထဲကို ဝင်ခိုင်းပါတယ်။ ဒီကားတွေကို မြို့ထဲမဝင်ရဘူးလို့ တားမြစ်ထားတာတော့မရှိဘူး။ ကြက်ခြံတွေနဲ့ စျေးတွေမှာလည်း စစ်ဆေး ကြပ်မတ်မှုတွေ လုပ်နေပါတယ်၊ စိုးရိမ်စရာတော့ မရှိသေးပါဘူး"ဟု ဒေါက်တာအေးအေးမော်က ပြောသည်။

မကွေး-ကံပြားမြို့ဝင်ဂိတ် ၊ ပုထိုးစမ်းရွာအနီးရှိ တောင်တွင်းအဝင် ဂိတ်နှစ်ခုတွင် စစ်ဆေးခြင်း၊ ကားပေါ်ပါလာသည့် ကြက်ဥနှင့် ကြက်များအား ဆေးဖြန်းမှုများ လုပ်ဆောင်လျက်ရှိပြီး   တောင်တွင်းဘက်ခြမ်းမှ ကြက်အရှင်နှင့် ဥဝင်ရောက်မှု နည်းပါးကြောင်း၊ အသားစားကြက်များမှာ နတ်မောက်လမ်းကြောင်း နှင့် ကြက်ဥများမှာ တောင်ကြီးမြို့ဘက်မှလာကာ မကွေး -ကံပြားဂိတ်ကို ဖြတ်သန်းဝင်ရောက်သည်က ိုတွေ့ရကြောင်း ၎င်းကပြောသည်။

"ဒီမြို့နယ်ထဲမှာ မှတ်ပုံတင်ထားတဲ့ ကြက်ခြံ(၅၀)ခန့်ရှိပြီးတော့ ဥစားကြက်(၅၀၀၀၀)ကျော် ၊ အသားစားကြက် အကောင်ရေ(၇၀၀၀၀၀)လောက် ရှိတယ်။ ကြက်ခြံလုပ်ငန်းသမားတွေကိုလည်း ဇီဝလုံခြံုမှုမြှင့်တင်ဖို့၊ သန့်သန့်ရှင်းရှင်း ထားဖို့၊ လုံခြံုတဲ့ခြံနဲ့ မွေးမြူဖို့တွေကို အသိပေး ဟောပြောတာတွေလုပ်ပါတယ်။ စျေးတွေမှာ ကြက်သားရောင်းချသူတွေကိုလည်း ကျန်းမာ ရေးကောင်းတဲ့ကြက်နဲ့ ကျန်းမာရေးမကောင်းတဲ့ကြက်တွေရဲ့အခြေအနေတွေ ရှင်းပြတယ်။ လက်အိတ်စွပ်ဖို့၊ ကလီစာတွေကို လည်း ပုံးထဲကိုစုထည့်ပြီး မြေမြှပ်ဖို့ ပညာပေးမှုတွေ လုပ်နေပါတယ်" ဟု မကွေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

H5N1ပိုးရှိသည့် ကြက်များတွင် အမောက်နှင့် ဇလုတ်များ ပြာနှမ်းနေခြင်း၊ ခြေထောက်မှ သွေးယိုစီးခြင်း၊ အသားများ လတ်ဆတ်မှုမရှိဘဲ ပုံမှန်အသားအရောင် ဝင်းဝါနေရမည့်အစား ရောဂါကြောင့်သေ၍ ညိုမည်းနေခြင်းများ တွေ့ရမည်ဖြစ်ပြီး စားသုံးသူနှင့် ရောင်းချသူအားလုံး ကြက်သားကို ကျက်အောင်ချက်စားရန်၊ စင်းနှီးတုန်းများပြောင်အောင်ဆေးရန်၊ အသားနှင့် ဥများ ကိုင်ပြီးလျှင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးရန် အရေးကြီးကြောင်း ဦးစီးဌာနရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly