တောင်ပြံုးကြီးကျေးရွာရှိ ရွာခံများကို H1N1 ရှိမရှိ သြဂုတ် ပထမပတ်အတွင်း အပြီးသတ် စစ်ဆေးရန် လျာထားဆောင်ရွက်နေ

တောင်ပြံုးကြီးကျေးရွာရှိ ရွာခံများကို H1N1 ရှိမရှိ သြဂုတ် ပထမပတ်အတွင်း အပြီးသတ် စစ်ဆေးရန် လျာထားဆောင်ရွက်နေ
(ဓာတ်ပုံ- ဘိုဘို)

မန္တလေး၊ သြဂုတ် ၃ ။         ။ တောင်ပြံုးပွဲတော် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြံုးကြီးကျေးရွာရှိ ရွာခံများကို(၂၀၁၇)ခုနှစ် ဇူလိုင်(၃၁)ရက်မှစတင်၍ H1N1 ရှိမရှိ စစ်ဆေးပေးလျက်ရှိရာ သြဂုတ်လ ပထမအပတ်အတွင်း အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''အပူချိန်တိုင်း ကိရိယာ (၁၂)လုံးနဲ့ အဖွဲ့ခြောက်ဖွဲ့ ဖွဲ့ပြီး တောင်ပြံုးပွဲတော်ရောက် စျေးသည်တွေနဲ့ ရွာခံတွေကို စစ်ဆေးပေးနေပါတယ်၊ ရွာက လူတွေအကုန်လုံးကို သြဂုတ်လ ပထမအပတ်ထဲမှာ အပြီးသတ် စစ်ဆေးပေးနိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ် '' ဟု တောင်ပြံုးပွဲတော်တွင် တာဝန်ကျ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦးက ပြောသည်။

နှစ်စဉ် ကျင်းပလျက်ရှိသည့် တောင်ပြုံးပွဲတော်ကို တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ကျန်းမာရေး လုံခြံုမှု ရှိစေရန် အတွက် H1N1 ရောဂါထိန်းချုပ်နိုင်သည့်ကာလအထိ ရက်ရွှေ့ဆိုင်းကြောင်း တိုင်းအစိုးရအဖွဲ့မှ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ကျန်းမာရေးစစ်ဆေးပေးရန် အစီအစဉ်ဆွဲကာ ယခုကဲ့သို့ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

တောင်ပြံုးပွဲတော်တွင် စျေးရောင်းချနေသူ (၂၀၀၀)ကျော်အား H1N1 ရောဂါ ရှိမရှိ စစ်ဆေးပေးခြင်းသာမက တောင်ပြံုးကြီးကျေးရွာနေ ပြည်သူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် နှင့် စစ်ဆေးချက် စာရင်းအတိအကျကိုလည်း မှတ်သားထားရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က (၂၀၁၇)ခုနှစ် ဇူလိုင်(၃၁)ရက် နံနက်ပိုင်းက တောင်ပြံုးဂေါပကရုံးခန်းမတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တောင်ပြံုးကြီးကျေးရွာတွင် အိမ်ထောင်စု(၇၀၀)ကျော်ရှိပြီး လူဦးရေ(၃၀၀၀)နီးပါး နေထိုင်လျက်ရှိရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၁၇)ခုနှစ် သြဂုတ်(၃)ရက်ထိ စစ်ဆေးမှုရလဒ်အရ H1N1 သံသယရှိလူနာ မတွေ့ရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required