ဂျပန်နိုင်ငံတွင် အောင်မြင်နေသော 2PM အဖွဲ့ဝင် ဂျန်ဟို၏ သီချင်းအယ်လ်ဘမ်အသစ် “2017 S/S”

ဂျပန်နိုင်ငံတွင် အောင်မြင်နေသော 2PM အဖွဲ့ဝင် ဂျန်ဟို၏ သီချင်းအယ်လ်ဘမ်အသစ် “2017 S/S”

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ 2PM မှ အဖွဲ့ဝင်ဖြစ်သူ အဆိုတော်ဂျန်ဟို၏ ဂျပန်ဘာသာစကားဖြင့် သီဆို ထားသော တေးအယ်လ်ဘမ်အသစ် “2017 S/S” သည် ဂျပန်နိုင်ငံတွင်   အောင်မြင်မှုများ ရရှိနေပြီး တေးသီချင်း ဇယားများတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။

လွန်ခဲ့သောဇူလိုင်လ ၂၆ရက်နေ့က ထွက်ရှိခဲ့သော ဂျန်ဟို၏တေးအယ်လ်ဘမ်သည် သြဂုတ်လ ၂ရက်နေ့တွင် Oricon အပတ်စဉ် တေးအယ်လ်ဘမ်ဇယား၌ ဂျပန်နိုင်ငံမှနာမည်ကျော် တေးဂီတအဖွဲ့ Hey! Say! JUMP အောက်  ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ဂျန်ဟိုသည် ထိုသီချင်းခွေအသစ်ထဲမှ သီချင်း ၈ ပုဒ်ခန့်ကိုလည်း ကိုယ်တိုင်ပါ၀င်၍ ရေးသားခဲ့သည်။ အယ်လ်ဘမ်၏ ခေါင်းစီးသီချင်းဖြစ်သော Ice Cream  သီချင်းဗီဒီယိုကို အမေရိကန်မှ   လော့စ်အိန်ဂျယ်လိစ် မြို့တွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဂျန်ဟိုသည် လွန်ခဲ့သော ၂၀၁၃ခုနှစ်တုန်းက သူ၏ပထမဦးဆုံး ဂျပန်ဘာသာစကားဖြင့် သီဆိုထားသည့် တေးအယ်လ်ဘမ်ကို ထွက်ရှိဖူးပြီး ထိုအချိန်မှစ၍ ဂျပန်နိုင်ငံ၌ နွေရာသီရောက်ရှိတိုင်း အနုပညာလုပ်ငန်းများ ကို တွင်တွင်ကျယ်ကျယ် လုပ်လေ့ရှိသည်။

သူသည်လက်ရှိတွင် “2017 S/S” ခေါင်းစဉ်ဖြင့် ဖူကူအိုကာ၊ တိုကျို၊ အိုဆာကာ၊ ဆာပိုရိုနှင့် နာဂိုယာမြို့ကြီးများ တွင် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required