ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာချုပ် ကမြန်မာ့စီးပွားရေးကို အထောက်အကူ ပြုနိုင်မလား

ဓာတုလက်နက်ဆိုင်ရာ ပဋိညာဉ်စာချုပ် ကမြန်မာ့စီးပွားရေးကို အထောက်အကူ ပြုနိုင်မလား

ဓာတုလက်နက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းကို တားမြစ်သော ဓာတု လက်နက်ဆိုင်ရာ ပဋိညာဉ်စာချုပ် Chemical Weapons Convention (CWC) တွင် မြန်မာနိုင်ငံက စတင် ပါဝင် လာကြောင်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အခြေစိုက် Organisation For The Prohibition Of Chemical Weapons (OPCW) ဓာတုလက်နက်များ ပိတ်ပင်တားမြစ်ရေး အဖွဲ့က သြဂုတ်လ ၇ ရက်တွင် ကြေညာလိုက်သည်။

" မြန်မာနိုင်ငံ ပါဝင်လာခြင်းကြောင့် ညီလာခံအနေနဲ့ ဓာတုလက်နက်ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာစေရေးအတွက် တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ သဘောတူညီမှုတစ်ခု အောင်မြင်ဖြစ်ထွန်းလာဖို့ ပိုမို အလားအလာ ကောင်းလာပါတယ်။ OPCW ညီလာခံဟာ ဓာတုလက်နက် ဖြုတ်သိမ်းရေးအတွက် ဘက်ပေါင်းစုံမှ အဓိကကျတဲ့ ညီလာခံတစ်ခု ဖြစ်လာမှာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုက ဓာတုလက်နက် ဖြုတ်သိမ်းရေး အဖွဲ့အစည်းအတွက် အဓိကကျတဲ့ အချက်တစ်ခု ဖြစ်လာမှာပါ။ CWC မှာ ပါဝင်ခြင်းမရှိတဲ့ အမေရိကန်နိုင်ငံအနေနဲ့ အမြန်ဆုံး ဝင်ရောက်ပူးပေါင်း ပါဝင်လာဖို့ လိုအပ်ပါ တယ်"  ဟု OPCW ၏ အထွေထွေဒါရိုက်တာ Ahmet Uzumcu က ထိုကြေညာချက် ထုတ်ပြန်အပြီး တွင် ပြောကြားသည်။

ယခင် မြန်မာစစ်အစိုးရသည် ကရင်လက်နက်ကိုင်များအား ဓာတုလက်နက်သုံး၍ တိုက်ခိုက် သည်ဟု လန်ဒန်မြို့ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်း ညီညွတ်ရေးအဖွဲ့ Christian Solidarity Worldwide က ၂၀၀၅ ခုနှစ်က စွပ်စွဲခဲ့ဖူးသည်။ KIO အဖွဲ့ကလည်း တပ်မတော်က ဓာတု လက်နက်ဖြင့် ၎င်းတို့အား တိုက်ခိုက်ကြောင်း စွပ်စွဲဖူးပြီး၊ လက်ပံတောင်း အကြမ်းဖက်မှုတွင် ဓာတု လက်နက် သုံးစွဲသည်ဟု ပြည်သူများက သံသယ ရှိခဲ့ကြသည်။

၂၀၁၃ ခုနှစ်အတွင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မိမိတို့ အစိုးရအဖွဲ့သည် ဓာတု လက်နက် အသုံးပြုမှုပိတ်ပင်ရေး ပဋိညာဉ်ကို လက်မှတ်ရေးထိုးပြီးပြီ ဖြစ်သဖြင့် ပြည်ထောင်စု လွှတ်တော်ကို တင်ပြအတည်ပြုရန် လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပဋိညာဉ်ကို အတည်ပြုပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် OPCW နှင့် တိုင်ပင်ဆွေးနွေးခြင်း ၊မြန်မာနိုင်ငံမှ ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် လေ့ကျင့်ခြင်းကိစ္စများ ပါဝင်ကြောင်း ပြည်ပမီဒီယာတစ်ခုကို ပြောခဲ့ဖူးသည်။

 ဓာတုလက်နက်ထုတ်လုပ်မှု ဖျက်သိမ်းရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံ လက်မှတ်ထိုး ရန် ၂၀၁၅၊ ဇန်နဝါရီလ ၂ဝ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ တစ်ဆင့် နိုင်ငံတော်သမ္မတအား သဝဏ်လွှာ ပေးပို့ခဲ့ရာ ဓာတုလက်နက်များ အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းသိုလှောင်ခြင်း စသည့် လက်နက်များဖြင့် တိုက်ခိုက်ခြင်းများ ပိတ်ပင်တားဆီး ဖျက်သိမ်းရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ဝင်ရောက်လက်မှတ်ရေးထိုးရေး၊ မြန်မာနိုင်ငံအပေါ် မလို လားအပ်သည့် စွပ်စွဲပြောဆိုချက်များ ပပျောက်စေရေး၊ ဓာတုဗေဒ ပစ္စည်းများအား သတ်မှတ်ချက် ဘောင်အတွင်း ငြိမ်းချမ်းသည့်နည်းဖြင့် ထုတ်လုပ်အသုံးပြုနိုင်ရေးဆိုသော အချက်များ သဝဏ်လွှာ တွင် ပါရှိသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်သော ငြိမ်းချမ်း ရေး နိုဘယ်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့သော OPCW အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Ahmet Uzumcu က ဓာတုဗေဒ လက်နက်များ၏ ဒဏ်ကြောင့် ဝေဒနာ ပြင်းပြစွာနှင့် လူအမြောက်အမြား သေကြေခဲ့ရပြီး အသက်မသေ ကျန်ရစ်သူများကလည်း ဘဝ တစ်သက်တာပတ်လုံး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားနေကြရပုံကို ကမ္ဘာ့နိုင်ငံများ က  စာနာသိရှိကြပါဟု ပြောကြားရင်း အမေရိကန်နှင့် ရုရှားနိုင်ငံများသည် လက်ဝယ်ရှိ ဓာတုလက်နက် များကို ဖျက်ဆီးဖို့နဲ့  အစ္စရေးနိုင်ငံကလည်း ဓာတုလက်နက် ပိတ်ပင်တားဆီးရေးစာချုပ်ကို တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုပြီး ယင်းအခမ်းအနားတွင် မြန်မာ၊ အင်ဂိုလာနှင့် တောင်ပိုင်း ဆူဒန် သမ္မတနိုင်ငံများ ဓာတုလက်နက် ပိတ်ပင်ရေးစာချုပ်ကို တရားဝင် အသိအမှတ်ပြုရန် ယခုစီစဉ် နေကြပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်ဖျက်သိမ်းဖို့ သဘောတူ လိုက်နာခဲ့ခြင်းကိုလည်း နိုဘယ် ဆုပေးပွဲတွင် OPCW ညွှန်ကြားရေးမှူးချုပ်က အသိအမှတ်ပြု ပြောကြားခဲ့သည်။ ၁၉၉၇ ခုနှစ်က ဖွဲ့ စည်းခဲ့သော ဓာတုလက်နက် ပိတ်ပင်ရေးအဖွဲ့OPCW ကို ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံ ၁၉ဝ က အဖွဲ့ ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံက ယနေ့မှစတင်၍ ပဋိညာဉ်စာချုပ်တွင် စတင် အာဏာ သက်ရောက်သွားခြင်းကြောင့် CWC တွင် ၁၉၁ ခုမြောက် နိုင်ငံအဖြစ်မှတ်တမ်း ဝင်ခဲ့ပြီး ဖြစ်သည်။

အန်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်နိုင်ငံတို့မှာ ပဋိညာဉ် စာချုပ်မ ထိုးရသေးပေ။ မြန်မာနိုင်ငံသည် OPCW တွင် ပဋိညာဉ် စာချုပ်ရေးထိုးခဲ့ခြင်းကြောင့် နိုင်ငံတကာ ကုန်သွယ်မှု အကျိုးစီးပွားအတွက် အကျိုးရှိလာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required