ဝါးခုတ်ယူမှုများလာ၍ ဝါးတောများ ပြုန်းတီးလာသောကြောင့် စနစ်တကျ ခုတ်ယူသင့်ဟုဆို

ဝါးခုတ်ယူမှုများလာ၍ ဝါးတောများ ပြုန်းတီးလာသောကြောင့် စနစ်တကျ ခုတ်ယူသင့်ဟုဆို
(ဓာတ်ပုံ - နွန်နွန်/မဇ္ဈိမ)

ပေါင်၊ သြဂုတ်၊ ၃ ။      ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းပေါ်တွင် သဘာဝအလျှောက် ပေါက်ရောက် လျှက်ရှိသော ၀ါးပင်များကို ခုတ်ယူသူများလာ၍ ရှားပါးလာသောကြောင့် စနစ်တကျခုတ်ယူသင့်သည်ဟု ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းဝင်းက ပြောသည်။

အဆိုပါတောင်တန်းတွင် ဝါးပိုး၊ ကြိမ်ဝါး၊ နှီးဝါး၊ ဝါးနွယ်များ သဘာဝအလျောက် ပေါက်ရောက်နေခြင်းဖြစ်သည်။

"၀ါးက အသုံးဝင်တာတော့ မှန်တယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ၀ါးတောကြီးတွေ ပြုန်းတီးလာတာကို တွေ့ရတယ်လေ။ မပြုန်းတီးအောင် ၀ါးရုံတစ်ရုံမှာရှိတဲ့ အပင်(၅၀)ကို အပြောင်ခုတ်မယ့်အစား တစ်ရုံကို အပင်(၂၀) လောက်ဘဲ ရင့်တဲ့ဝါးကို အလှည့်ကျ တစ်ရုံပြီးတစ်ရုံ ခုတ်ယူသုံးစွဲမယ်ဆိုရင် ဒီဝါးရုံလည်းမပြုန်းတီးတဲ့အပြင် ၀ါးရှားပါးမှုကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရောက်မယ်"ဟု တောအုပ်ကြီး ဦးသန်းဝင်းက ပြောသည်။

ထို့ပြင် ဝါးခုတ်ယူသူမားအနေဖြင့် စနစ်တကျခုတ်ယူသင့်သည်ဟု ဆိုခဲ့ပြီး ဒေသခံများနားလည်သဘောပေါက်အောင် သစ်တောမှ ဆောင်ရွက်နေကြောင်း သိရသည်။

"ဒီတော့ ၀ါးတွေကို စနစ်တကျခုတ်ယူတာတို့၊ ၀ါးကို ပြန်တိုးချဲ့စိုက်ပျိုးတာတို့၊ စနစ်တကျထိန်းသိမ်းတာတို့ကို ဒေသခံတွေ သိရှိနားလည်အောင် ကျွန်တော်တို့ ဌာနတွေအနေနဲ့လည်း ဟောပြောတွေလုပ်တိုင်း ၀ါးနဲ့ပတ်သက်တဲ့ ထိန်းသိမ်းရမယ့် နည်းလမ်းကို ထည့်သွင်းဟောပြောနေပါတယ်"ဟု သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းဝင်းက ပြောသည်။

၀ါးများကို ဒေသတွင် အိမ်ဆောက်ခြင်း၊ ထရံရက်ခြင်း၊ အသုံးအဆောင်ပစ္စည်းရက်လုပ်ခြင်း၊ မွေးမြူးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အသုံးပြုခြင်း၊ နေအိမ်ခြံဝင်းကာရံရာတွင် အသုံးပြုကြသည်။

ဝါးခုတ်သူ တစ်ဦးက "ဟိုတုန်းကဆိုရင် ပေါလွန်းလို့ ဒီကုလားမတောင်တန်းထိပ်တောင် မရောက်ဘူး။ ၀ါးတွေ တက်ခုတ်ယူကြတယ်။ ခုနောက်ပိုင်းက ရှားလာတော့ နွားလပို့တောင်ဘက်ခြမ်းထိ တက်ခုတ်နေရတယ်။ အဲမှာတောင် လျှိုတွေတောင်ကြားတွေကြားမှာ ခက်ခက်ခဲခဲနဲ့ ခုတ်ယူနေရတယ်။ ခုတ်ယူတဲ့ဝါးတွေကိုတော့ အိမ်ခြံဝင်းကာရံဖို့နဲ့ လယ်ယာလုပ်ငန်းကဏ္ဍတွေမှာ အဓိကအသုံးပြုကြတယ်။ အချို့ကတော့ တပိုင်တနိုင် အဖြစ်နဲ့ ခုတ်ယူရောင်းချ သူလည်းရှိတာပေါ့” ဟု ပြောသည်။

လတ်တလောတွင် ပြည်တွင်း၌ ၀ါးများကို အသုံးချမှုများပြားနေခြင်းကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းဒေသကြီးအထက်ပိုင်းနှင့် ပဲခူးရိုးမတောင်တန်းများတွင် ၀ါးတောကြီးများသည်လည်း တဖြည်းဖြည်းပြုန်းတီးနေကြောင်း သိရသည်။

ဝါးတောများကြောင့် ၀ါးခုတ်သမားများ၊ ၀ါးရက်လုပ်ငန်းများ လုပ်ကိုင်သူများသည် အလုပ်အကိုင်အခွင့်အလမ်းကို ရရှိစေသော်လည်း ၀ါးများကို စနစ် တကျခုတ်ယူခြင်းမရှိပါက ၀ါးတောကြီးများပြုန်းတီးလာမည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မည် ဖြစ်ကြောင်း သစ်တောအုပ်ကြီးထံက ထပ်မံ သိရသည်။

သဘာဝဝါးတောကြီးများ ပြုန်းတီးလာကာ ရာသီဥတုပြောင်းလဲမည့် အန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မည့် အန္တရာယ်များ ကြံုတွေ့လာနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly