မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၂)

02 August 2017
မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၂)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

မြို့ပြတွေမှာကတော့ ကိုယ့်ကလေးကို မသန်စွမ်းဖြစ်တယ်ဆိုရင် ကျောင်းကို သေသေချာချာ ထားပေးတယ်ပေါ့နော်။ သူနဲ့ သင့်တော်မယ့်ကျောင်းကို ထားပေးတယ်။ နယ်တွေမှာဆိုရင်တော့ ကလေးတစ်ယောက် မသန်စွမ်းတော့ဘူးဆိုရင် အိမ်မှာပဲနေရတဲ့ အဖြစ်မျိုး ရောက်သွားတယ်ပေါ့နော်။ အဲလိုအခြေအနေမျိုးတွေရော ဆရာမတို့ အတွေ့အကြံု ဒါမှမဟုတ်ရင် ကြားသိရတာမျိုး ဘယ်လိုမျိုးရှိလဲ။ သူတို့ရဲ့ ပညာရေးအပိုင်းပေါ့နော်။ အလုပ်အကိုင်ကတော့ ပိုတောင်မှ ဆိုးသွားမယ့် အနေအထားမျိုးဖြစ်တယ်ပေါ့နော်။

ဒေါ်စိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ဟုတ်ကဲ့။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေနဲ့ နယ်တွေနဲ့ ခွဲပြီးတော့ ပြောရမယ်ဆိုရင်တော့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာတော့ မြန်မာတစ်နိုင်ငံလုံး အနေအထားအရ မြို့ကြီးတွေမှာတောင်မှ ကျွန်မတို့ မြန်မာနိုင်ငံအနေအထားအရ မသန်စွမ်းကလေးတွေအတွက် ပညာသင်ကြားဖို့က ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာပဲ ရှိတယ်ပေါ့နော်။ တခြား ပြည်နယ်နဲ့ တိုင်းတွေမှာဆိုရင် ပြည်နယ်နဲ့တိုင်းက လူကြီးတွေမှာဆိုရင် မသန်စွမ်းကလေးတွေအတွက် ကျောင်းတွေဆိုတာ မရှိသေးဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ နယ်မှာရှိတဲ့ မသန်စွမ်းတွေအတွက် ပိုပြီးတော့ အလှမ်းဝေးပါတယ်။ နယ်မှာ အိမ်တစ်အိမ်မှာ မသန်စွမ်းသူတစ်ယောက် ရှိနေပြီဆိုရင် သူ့ရဲ့မသန်စွမ်းမှုက နညး်သည်ဖြစ်စေ များသည်ဖြစ်စေ ဒီမသန်စွမ်းကလေးကိုု ကျောင်းမပို့တော့ဘူးပေါ့။ ကျောင်းမပို့တော့တဲ့အခါမှာ ဒီမသန်စွမး်ကလေးက ကျောင်းသွားခွင့်မရတဲ့ အခြေအနေကနေ တစ်ဆက်တည်း အလုပ်အကိုင်အတွက်ပါ အတားအဆီးဖြစ်စေတယ်။ နောက် ပညာရေးမှာ နယ်က မသန်စွမ်းတဲ့သူတွေအတွက်ဆိုရင် မျက်စိပွင့်နားပွင့် မိဘတွေအတွက် ရှိဖို့လည်း ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒီမသန်စွမ်းသူဖြစ်တာနဲ့ ကျောင်းမသွားရဘူးဆိုတာ မဟုတ်ဘူး။ သူလည်း အားလုံးနဲ့တန်းတူ ပညာသင်ကြားခွင့် ရရပါမယ်။ ပြီးလို့ရှိရင် အခု ပညာရေးမှာ လက်တလောဖြစ်နေရတဲ့ အခြေအနေကတော့ ကျောင်းဖွင့်ရာသီကလည်း မကြာသေးခင်ကမှ စထားတယ်ဆိုတော့ မသန်စွမ်းကလေးတစ်ယောက်ကို ဆရာဆရာမတွေကလည်း နားလည်လက်ခံပေးဖို့ အရေးကြီးပါတယ်။ မသန်စွမ်းတစ်ယောက် ဖြစ်ပြီဆိုတာနဲ့ ကျောင်းကို မလာရဘူးဆိုတဲ့ တားမြစ်ချက်မျိုးတွေပေါ့ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။ ဆရာဆရာမတွေကလည်း မသန်စွမ်းကလေးတွေကို နားလည်လက်ခံပေးဖို့ လိုအပ်သလို မိဘတွေကလည်း မသန်စွမ်းကလေးတွေရဲ့ ပညာသင်ကြားဖို့အတွက် ပံ့ပိုးပေးဖို့အတွက် အရမ်းအရမ်း အရေးကြီးပါတယ်။ အခုလက်ရှိအနေအထားအရတော့ မြန်မာနိုင်ငံမှာတော့ နယ်မှာဆိုရင် မသန်စွမ်းကလေးတွေရဲ့ ကျောင်းတက်ခွင့်တွေက အရမ်းကို နည်းပါးနေပါသေးတယ်။ မြို့တွေမှာကတော့ အနည်းငယ် ပညာသင်ကြားခွင့် ရတယ်။ နယ်တွေမှာတော့ အရမ်းကို အခက်အခဲ ရှိနေပါသေးတယ်ရှင့်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ဆရာ့ကို တစ်ချက်လောက် မေးပါရစေ။ ဆရာက မသန်စွမ်းလူငယ်တွေအတွက် အလုပ်အကိုင် ရှာဖွေနေတဲ့အခါကျတော့ အလုပ်ရှင်တွေရဲ့ သူတို့ရဲ့ မသန်စွမ်းတွေအပေါ်မှာ မြင်တဲ့အမြင်က ဘယ်လိုရှိမလဲ။

ဦးဒေးဗစ် (မသန်စွမ်းသူများ အလုပ်အကိုင် ရှာဖွေရေးစင်တာ)

ဟုတ်ကဲ့။ အလုပ်ရှင်အများစုကတော့ မသန်စွမ်းသူတွေကို မြန်မာနိုင်ငံက အများစုရဲ့ သဘောထားက သူတို့ မသန်စွမ်းသူတွေကို ကူညီရမယ်ဆိုတဲ့ အမြင်မျိုးတော့ သူတို့ ရှိနေကြပါတယ်။ ဒါပေမယ့် မသန်စွမ်းသူတွေနဲ့ အလုပ်လုပ်ဖို့အတွက် တစ်ဖက်ကလည်း အစောပိုင်းက ပြောသလို စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ တချို့ကလည်း သူတို့ကို မသန်စွမ်းသူတွေ တကယ်လုပ်နိုင်ပါ့မလားဆိုတဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် ပေါ်မှာလည်း သူတို့ ယုံကြည်မှုအပိုင်းမှာလည်း သိပ်မရှိသေးတဲ့ အပိုင်းတွေကို တွေ့ရတယ်။ နောက်တစ်ခုက ဒီမသန်စွမ်းသူတွေကို အလုပ်ခန့်ထားခြင်းအားဖြင့် တချို့အလုပ်ရှင်တွေဆိုရင်လည်း ငါတို့ အလုပ်အတွက် တချို့ဆိုရင် တမျိုးမြင်တာမျိုးပေါ့ ငါတို့ အလုပ်မှာ အမင်္ဂလာပုံစံမျိုးပေါ့ မင်္ဂလာမရှိဘူး။ ငါတို့အလုပ်မှာ မသန်စွမ်းသူတစ်ယောက် ရှိနေခြငး်သည် ငါတို့အလုပ်ကို အတိတ်နမိတ်မကောင်းတဲ့ပုံစံမျိုး တချို့ မြင်တာမျိုးလည်း ဒါကတော့ အများကြီးတော့ မရှိဘူး။ ဒါပေမယ့် အဲလိုအလုပ်ရှင်မျိုးလည်း ကျွန်တော်တို့ တွေ့ရတယ်။ တချို့က ဒီမသန်စွမ်းသူတွေကို အလုပ်ခန့်ဖို့အတွက် စိတ်ဝင်စားတဲ့ အလုပ်ရှင်တွေကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ၂၀၁၅ တုန်းကတော့ ကျွန်တော်တို့ ဒီဥပဒေကို ပြဌာန်းလိုက်ပြီပေါ့နော်။ နည်းဥပဒေကတော့ မကြာခင်ထွက်တော့မယ်လို့ ဆိုပါတယ်။ အဲတော့ ကျွန်တော်တို့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီ မသန်စွမ်းအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဆရာမတို့နဲ့ အဓိက ထိတွေ့ဆက်ဆံနေတာ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်း မသန်စွမ်းအဖွဲ့အစည်းတွေကရော အဲဒါကို ဘယ်လောက်ထိ ထဲထဲဝင်ဝင် သိရှိနေပြီလဲ။ ဒီဥပဒေကိုလည်း ဘယ်လောက်ထိ ပြန်ပြီးတော့ အသုံးချနိုင်ပြီလဲပေါ့။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

ဟုတ်ကဲ့ ဥပဒေကို အသိပညာပေးတာတွေကိုတော့ မသန်စွမ်းအဖွဲ့အစည်းတွေလည်း တောက်လျှောက်လုပ်နေပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်လည်း လုပ်နေတယ်။ ကျွန်မတို့ လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့လည်း လုပ်နေတယ်။ နားမကြားသူတွေအတွက် Sing Language နဲ့ ဥပဒေကို ဘာသာပြန်တဲ့ ဗီဒီယိုဆိုရင် ဆရာဦးဒေးဗစ်တို့အဖွဲ့က ဆောင်ရွက်နေတယ်။ အဲတော့ ကျွန်မတို့က ဥပဒေတစ်ခုက ပြဌာန်းပြီးတဲ့နောက်မှာ လိုက်နာအကောင်အထည်ဖော်ဖို့သည် ကျွန်မတို့ မသန်စွမ်းသူတွေတင် မဟုတ်ဘူးပေါ့နော်။ အဲဒီမှာပါတဲ့ အကုန်လုံး ဒါတွေကို သိဖို့လိုပါတယ်။ အဲတော့ ကျွန်မတို့က အလုပ်အကိုင်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဥပဒေမှာက ဝေပုံကျ နှုန်းထားဆိုတဲ့ စကားလုံးတစ်ခုကို သုံးထားပါတယ်။ ဒါတွေကို နိုင်ငံတော်တော်များများမှာလည်း သုံးကြတယ်။ စက်ရုံတစ်ခု၊ အလုပ်တစ်ခု၊ ဌာနတစ်ခုမှာ လူဦးရေ ၁၀၀ ရှိလို့ရှိရင် ဘယ်လောက်ဟာ မသန်စွမ်းဖြစ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ကျွန်မတို့ဥပဒေမှာလည်း အဲဒါကို ထည့်ရေးထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဝေပုံကျ နှုနး်ထားကိုတော့ မသတ်မှတ်ရသေးပါဘူး။ မသတ်မှတ်ရသေးဘူးဆိုတာက ကျွန်မတို့ မသန်စွမ်းတွေနဲ့ လူမှုဝန်ထမ်းတွေနဲ့ ပေါင်းပြီးရေးကြတဲ့ ဥပဒေ ကျွန်မတို့ရေးချင်တာကို ဥပဒေမှာ သတ်မှတ်လိုက်တာမျိုးထက် အလုပ်ရှင်တွေကိုယ်တိုင် အလုပ်ခွင်မှာ သက်ဆိုင်တဲ့လူတွေ အကုန်လုံး ပါဝင်ပြီး ဆွေးနွေးပြီးတော့မှ ဒါကို သတ်မှတ်တာ ပိုပြီးတော့ အဆင်ပြေမယ်ဆိုပြီးတော့ ကျွန်မတို့တွေ အဲဒီအတွက်ကို စီမံချက်တွေ ရေးဆွဲပြီးတော့ ဆောင်ရွက်နေပါတယ်။ အဲတော့ ပုံမှန်အားဖြင့် တစ်ရာခိုင်နှုန်း နှစ်ရာခိုင်နှုနး် စသည်ဖြင့် သတ်မှတ်ပါတယ်။ အဲလိုသတ်မှတ်လိုက်ပြီဆိုတဲ့အခါကျတော့ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ကျွန်မတို့ကို အလုပ်ခန့်ပေးရမယ်။ ခန့်ပေးတဲ့အခါမှာလည်း အလုပ်က သူ့အတွက် သင့်တော်တယ် ကျမတို့ မသန်စွမ်းလောကမှာသုံးတဲ့ မသန်စွမ်းနဲ့ သင့်တော်တဲ့အလုပ် ဖြစ်ရမယ်။ အလုပ်ခွင်နဲ့ သင့်တော်တဲ့ အခြေအနေထိ ကျွန်မတို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါတွေကို အခုလက်ရှိမှာတော့ ကျွန်မတို့ တိုင်းဒေသကြီး ပြည်နယ်တွေကို ကျွန်မတို့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ အလုပ်အကိုင်ကဏ္ဍအရ ဒါတွေကို သတ်မှတ်ပြီးတဲ့အခါကျရင် ကျွန်မတို့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စက်ရုံအလုပ်ရုံတွေ ဌာနတွေကိုလည်း ကျွန်မတို့ ဆက်ပြီးတော့ ဒါတွေကို အသိပညာ ပေးသွားဖို့ လိုပါမယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာမအနေနဲ့ရော ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ဆရာမတို့အနေနဲ့ ဆက်လုပ်ရမယ့်အလုပ်တွေ ကျွန်တော်တို့ဘက်ကလည်း အလုုပ်ရှင်ပဲဖြစ်ဖြစ် အစိုးရပိုင်းဆိုင်ရာ ဌာနတွေပဲဖြစ်ဖြစ် ဒီမသန်စွမ်းတွေနဲ့ ပတ်သက်လို့ ဥပဒေထဲမှာ ပြဌာန်းထားတဲ့ အချက်အလက်တွေကို လိုက်နာပြီးတော့ ဆက်လက်ဆောင်ရွက်ရမယ့်ဟာတွေက ဘာတွေရှိနေလဲ ပြောပြပေးပါဦး။

ဒေါ်စိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ဟုတ်ကဲ့ ကျွန်မတို့အနေနဲ့တော့ မသန်စွမ်းအဖွဲ့တွေအနေနဲ့ နည်းဥပဒေ အခုလောလောဆယ်အခြေအနေမှာတော့ ဥပဒေကို သေသေချာချာ မသန်စွမ်းအဖွဲ့တွေရော အသိပညာပေးတဲ့ အစီအစဉ်တွေလုပ်တယ်။ နောက် နည်းဥပဒေအတွက်ဆိုရင်လည်း ကျွန်မတို့ မသန်စွမ်းအဖွဲ့တွေရော လူမှုဝန်ထမ်းဦးစီးဌာနရော သေသေချာချာ ပေါင်းပြီးတော့ နည်းဥပဒေမှာ ကျွန်မတို့ သေသေချာချာလုပ်ကိုင်ရမယ့် ဖြည့်စွက်ရမယ့်ကဏ္ဍလေးတွေ သေချာလုပ်ထားတဲ့ အစီအစဉ်လေးတွေ ရှိတယ်။ အခု နည်းဥပဒေ ထွက်လာခဲ့ရင်လည်း အဲဒီမှာပါတဲ့အတိုင်း ကျွန်မတို့ဘက်ကနေပြီးတော့ တိိတိကျကျ အကောင်အထည်ဖော်နိုင်ဖို့နဲ့ ဒီမှာပါတဲ့ ဥပဒေအတိုင်း အလုပ်ရှင်တွေရော မသန်စွမ်းတဲ့သူတွေရော ဒီမှာပြဌာန်းထားတဲ့အတိုင်း ထဲထဲဝင်ဝင် လုပ်နိုင်ဖို့အတွက် ဒီ မသန်စွမ်းအဖွဲ့အစည်းတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားတဲ့ ကဏ္ဍတွေရှိပါတယ်။ နည်းဥပဒေမှာပါတဲ့အတိုင်း ကျွန်မတို့တွေလည်း အတက်နိုင်ဆုံးဖြစ်အောင် မသန်စွမ်းတဲ့သူတွေရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ တိုးတက်လာအောင် ဆောင်ရွက်သွားမယ့် အခြေအနေတွေ ရှိပါတယ်ရှင့်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့။ ခုနက ဆရာပြောသွားတဲ့အထဲမှာ ဆရာမကို ကျွန်တော် မေးချင်တာက ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ပုံစံမျိုး အမင်္ဂလာမျိုးဆိုတဲ့ ပုံစံမျိုး ပြောသွားတာရှိတယ်။ အဲတော့ ဒီလိုမျိုး ခွဲခြားဆက်ဆံတဲ့ အခြေအနေတွေရော ဒီဥပဒေထဲမှာ အကာအကွယ်ပေးထားလား။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

ဟုတ်ကဲ့ရှင့်။ ကာကွယ်ပေးထားပါတယ်။ ခွဲခြားဆက်ဆံမှုက ကျွန်မတို့ရဲ့ အဓိက အခန်းကဏ္ဍပါ။ အဲဒါကြောင့် အကာအကွယ်ပေးထားတယ် အဲဒီထဲမှာမှ ပြစ်ဒဏ်လည်း ထည့်သွင်းပေးထားပါတယ်။ တကယ်တော့ မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာက မသန်စွမ်းတဲ့သူတစ်ယောက်ကို သန်စွမ်းတဲ့သူတစ်ယောက်က ခွဲခြားဆက်ဆံတာမျိုးရှိသလို မသန်စွမ်းသူကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် ခွဲခြားဆက်ဆံတာရှိပါတယ်။ ကိုယ်ဟာ မသန်စွမ်းသူတစ်ယောက်အဖြစ် အားငယ်နေမယ် မသန်စွမ်းသူတစ်ယောက်ဖြစ်လို့ သူများနဲ့ သန်စွမ်းသူတွေနဲ့ အလုပ်မလုပ်နိုင်ဘူး ဒါမှမဟုတ်လို့ရှိရင် ကိုယ်ဟာ မသန်စွမ်းသူဖြစ်လို့ ကိုယ့်ကို သူများထက်ပိုပြီး ဦးစားပေးရမယ်ဆိုတဲ့ဟာကလည်း မသန်စွမး်သူကိုယ်တိုင်က ခွဲခြားတာပါ။ အဲဒီအတွက်တော့ ကျွန်မတို့ ဥပဒေ သီးခြားထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့က မသန်စွမ်းသူတွေကို အမြဲတမ်း အသိပညာပေးနေရတယ်။ ကိုယ့်ရဲ့မသန်စွမ်းသူတွေကို အမြဲတမ်း သတိပေးပြီးတော့ ကျွန်မတို့က တိုက်တွန်းနေရတာကတော့ ကိုုယ့်ကိုကိုယ် မခွဲခြားမိဖို့ပါ။ ခွဲခြားတယ်လို့ ပြောလိုက်တဲ့အခါမှာ သန်စွမ်းတဲ့သူတွေက ခွဲခြားမိတာနဲ့ပဲ ဥပဒေက ကာကွယ်ပေးထားပြီးတော့ မသန်စွမ်းသူကိုယ်တိုင်ကရောဆိုတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒါကြောင့် မသန်စွမ်းသူကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် မခွဲခြားမိဖို့ကိုတော့ ကျွန်မတို့လည်း ကြိုးစားပြီးတော့ အသိပညာပေးနေပါတယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://www.mizzimaburmese.com/article/30051

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly