မမေးရလို့၊ မမေးလို့၊ မေးစေချင်လို့

မမေးရလို့၊ မမေးလို့၊ မေးစေချင်လို့

မကြားရတာကြာလို့ သူလည်းမေ့လောက်ပါချေပြီလို့ ထင်နေတာတဲ့။ အသံတစ်သံ NLD ဆီက ပြန်ကြားလိုက်ရလို့ မောင်မှန် အတိုင်းမသိ ဝမ်းသာမိပါတယ်။ နှစ် (၇၀)ပြည့် အာဇာနည်နေ့မှာ ထုတ်ပြန်တဲ့ NLD ကြေညာချက်မှာ "အာဇာနည်စိတ်ဓာတ်ဖြင့် နိုင်ငံရေး ခါးသီးနာကျင်မှုများကို သမိုင်းသင်ခန်းစာအဖြစ် ခံယူရင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တန်းတူညီမျှရေး၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်ရေး၊ ပြည်သူလူထု ယုံကြည့်အားကိုးသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြပါစို့" လို့ တိုက်တွန်းထားတာ တွေ့ရလို့ပါခင်ဗျာ။  တိုင်းသူပြည်သားအားလုံးကလည်း အဲဒါကိုပဲ မျှော်လင့်နေတာလေ။ ရွေးကောက်ပွဲဝင်ပြီး ဖွဲ့စည်းပုံပြင်မယ်ဆိုလို့ တစ်ခဲနက် မဲပေးခဲ့ကြတာလေ။ ဟုတ်တယ်ဟုတ်။

လက်ရှိမှာတော့ အခါလည်ကျော်အစိုးရရော၊ လွှတ်တော်ရော ဖွဲ့စည်းပုံကိစ္စကို အသေအချာ မကိုင်တွယ်နိုင်သေးတာ တွေ့ရပါတယ်။ တစ်နှစ်သားဆိုတာ အင်မတန် နုနယ်ငယ်ရွယ်သေးတယ်။ အချိန်ယူရဦးမယ် ဘာညာ အစရှိသဖြင့် ပြောသူတွေ ပြောနေကြသော်လည်း NLD အုပ်ချုပ်ရမယ့် ကာလက ငါးနှစ်ထဲလေ။ နောက်ငါးနှစ်မှာ NLD ထပ် နိုင်၊ မနိုင်ဆိုတာက ရှိသေးတယ်မို့လား။ အရာရာဟာ ဘယ်သေချာနိုင်ပါ့မလဲ။ အနိစ္စသဘောကိုလည်း ထည့်တွက်ကြဖို့လိုပါတယ်။ အပြည့်အဝ အာဏာရခဲ့ဖူးကြတဲ့ ဆရာကြီးတွေတောင် ရပြီးစလစ် နံပါတ်တစ်ဆိုပြီး အမြဲကိုင်ထားလို့ မရခဲ့ကြတာ အများအသိပါ။ တစ်ဝက်တစ်ပျက် အာဏာလောက်ကတော့ အချိန်မရွေး ဝေးသွားနိုင်တာ အသေအချာပါ။ ခုပဲ ဆိုင်းဘုတ်ဖြုတ်ချရေး ကိစ္စလောက်ကိုတောင် အသေအချာ မကိုင်တွယ်နိုင်တာ တွေက ထင်ရှားလှပါတယ်။ ဒါတွေရဲ့ အခြေခံဟာ ၂၀၀၈ ဖွဲ့စည်းပုံက အာဏာအပြည့်အဝ မအပ်နှင်ထားတဲ့အတွက် NLD အစိုးရ ခွတီးခွကျ ဖြစ်ရတာပါ။ ဖွဲ့စည်းပုံဟာ သော့ချက်ပါပဲ။

အဲသလို အခင်းအကျင်းမှာ ကိုယ့်ပုဆိုးစကိုယ်တက်နင်းတဲ့ ကိစ္စတွေကလည်း ရှိသေးသဗျ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးနဲ့ အမျိုးသား လုံခြံုရေး အကြံပေးပုဂ္ဂိုလ်ရဲ့ သတသင်းစာရှင်းလင်းပွဲကို ဇူလိုင် (၁၈)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ရှင်းလင်းပွဲဆိုပေမယ့် သတင်းသမားတွေကတော့ မေးခွန်းမမေးရဘူးတဲ့။ (မရှင်းတာတွေကို ရှင်းရတာ ဖြစ်လေတော့ ရှင်းပြီးသားကို ထပ်ရှင်းပေးဖို့ မေးခွန်းထုတ်စရာ မလိုဘူးဆိုတဲ့ သဘောဖြစ်မှာပေ့ါလေ။ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး ပြီးမှ တစ်ခါပြန်ရှင်းတာထက်စာရင် တော်သေးတာပေါ့။) ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ကိုမိုးမြင့်က "ကျွန်တော်ထင်တယ်၊ ကျနော်တို့ထွက်သွားရတဲ့ဟာမှာ နိုင်ငံတကာ သံအမတ်တွေက အဲဒီတုန်းက ၆၀ လောက်ရှိတယ်။ အဲဒီသံအမတ်တွေနဲ့ အမေးအဖြေလုပ်ရမယ်။ သူတို့သံရုံးတွေက ရထားတဲ့ အချက်အလက်တွေ သူတို့လည်း ဟိုက ဒီက တိုင်းတာခံရတာတွေ ရှိမှာပဲ။ အဲဒါတွေကို ပွင့်ပွင့်လင်းလင်း ပြောမယ့်ကိစ္စတွေ  အဲဒီကိစ္စတွေကို သတင်းမီဒီယာကို မသိစေချင်ဘူး။ ဒါကြောင့် ကျနော်တို့ကို တမင်တကာ ထွက်ခိုင်းတာ။ အခုလိုကျနော်တို့ကို ပြန်ကြားရေးက ဖိတ်ပြီး သူတို့ပြောတာကို မိနစ် ၃၀ လောက် နားထောင်ခိုင်းပြီး ပြန်ထွက်ခိုင်းတာ "လို့ ပြောကြားခဲ့ပါတယ်။ အကျည်းတန်တယ်ဆိုလည်း အကျည်းတန်တယ်လို့သာ မှတ်ပါခင်ဗျာ။ ပွင့်လင်းမြင်သာလို့ ပြောပြပြီး ကန့်လန့်ကာချထားတာဟာလည်း ကိုယ့်ပုဆိုးစကို ကိုယ်တက်နင်းတာပါပဲ။

ဒါက မေးခွန်းမမေးရလို့၊ မေးခွန်းပေးမမေးလို့ မကျေမနပ်ဖြစ်ရတဲ့ ကိစ္စ၊ အဲ့ မေးခွန်း မေးကိုမမေးလို့ ခေါ်ယူဆွေးနွေးခံရတဲ့ သူတွေကလည်း ရှိပါသေးတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာပါ။ ဧရာဝတီလွှတ်တော်ဥက္ကဋ္ဌက ဦးအောင်ကျော်ခိုင်က "မေးခွန်းအဆိုမတင်တဲ့ ကိုယ်စားလှယ် ၁၂ ယောက်ရှိတယ်ဗျ။ သတ္တမအကြိမ် ပုံမှန်က သြဂုတ် ၁၂ ရက်နေ့စမှာဆိုတော့ အဲဒီမတိုင်ခင်မှာ ဒီကိုယ်စားလှယ်တွေအားလုံးကို တစ်ဦးချင်းခေါ်ပြီး တွေ့ဆုံဆွေးနွေးဖို့ စီမံထားပါတယ်"လို့ ပြောပါတယ်။ အဲဒီ ၁၂ ယောက်လုံးက NLD ကိုယ်စားလှယ်တွေလို့လည်း သိရပါတယ်။ မောင်မှန်ဖြင့် သူတို့တွေ ရွှေနှုတ်တော်ဖွင့်ဖို့ ထင့်နေတဲ့ အရေးကို သိလိုလှပါတယ်။ သူတို့ကို တင်မြှောက်လိုက်တဲ့ ပြည်သူတွေလည်း ဒီလိုပဲနေမှာပါ။ ကိုယ့်ရပ်ကိုယ့်ရွာ ကောင်းမွန်စေဖို့အရေး အဆိုတင်ပေးရမယ်။ မေးခွန်းတွေ မေးရမယ်လေ။ လက်ညှိုးထောင်ခေါင်းညှိိတ်၊ ဆိတ်ဆိတ်နေထောင်တန်တယ် ယူဆထားရင်တော့ မဆလခေတ်မှာပဲ နေခဲ့သင့်တာပေါ့။ ပြည်သူကို စိတ်ကောက်နေတာလား၊ လွှတ်တော်ကို စိတ်ကောက်နေတာလား၊ အစိုးရကို စိတ်ကောက်နေတာလားတော့ မသိဘူးပေါ့လေ။ ကိုယ်တက်နင်းမိတဲ့ ပုဆိုးစ ကျွတ်မကျခင်မှာ လက်နဲ့ မြန်မြန်သာ လှမ်းဆွဲကြပါခင်ဗျာ။

အာဏာအရသာကို တစ်သက်လုံး တမြေ့မြေ့ ခံစားလာရပြီး ခုခါမှာ သူများကို နည်းနည်းခွဲပေးလိုက်ရလို့ တငွေ့ငွေ့ လောင်မြိုက်နေရသူတွေ အရေးကိုလည်း NLD သတိပြုဖို့လိုပါတယ်။ မကြာသေးမီက ပြည်ခိုင်းဖြိုးပါတီ ဌာနချုပ်မှာ အခြားပါတီ ၁၃ ဖွဲ့နဲ့ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကနေပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ၁၄ ပါတီရဲ့ ပူးပေါင်းစာတစ်စောင်ကို အိတ်ပိတ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စာပါအကြောင်းအရာကိုတော့ အခု ပြောခွင့်မရှိသေးဘဲ လိုအပ်တဲ့အချိန်မှာ ထုတ်ပြောမယ်လို့ ပြည်ခိုင်းဖြိုးပါတီ ပြောခွင့်ရှိ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။ ဒါကတော့ မေးခွန်း အမေးမခံတာလည်း မဟုတ်၊ မေးခွန်းမမေးလို့ ခေါ်ယူဆွေးနွေးခံရတာလည်း မဟုတ်ဘဲ ဘယ်သူမှ မမေးဘဲ မပြောဘူးကွ မပြောဘူးလို့ လုပ်နေတာပဲ ဖြစ်ပါတယ်။

ဘယ်သူကမှလည်း မေးစရာအကြောင်း မရှိဘူးလေ။ သူတို့တတွေပဲ (ခဏခဏ)တပ်မတော်ကို တစ်မျိုးပြီးတစ်မျိုး လှမ်းပြောနေကြတာ ပြည်သူတွေက သိပြီးသား၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်လိုက်ရင် ကောင်းမယ် စသဖြင့် သင့်တင့်လျှောက်ပတ်တဲ့ အကြံတွေ ပေးနေတာ ပြည်သူက စိတ်မဝင်စားလေတော့ ဒီတစ်ခါမှာ လျှိုးဝှက်စာဆိုပြီး လုပ်ချကြည့်ပြန်တာပေါ့။ စာပါအကြောင်းအရာ ဘာဆိုတာလည်း ပြေးကြည့်ရင်မှ ကြာနေဦးမယ် တွေးကြည့်ရုံနဲ့ကို သိနေကြတာပါခင်ဗျာ။ ဒါပေမဲ့ လျှော့တွက်လို့တော့ မရဘူးပေါ့။ တစ်ခါတုန်းက ဒီမိုကရက်ဆိုတဲ့ ဆရာကြီးတွေရဲ့ ပါတီလည်း အဲဒီ ၁၄ ဖွဲ့ထဲပါနေတာမို့လား။ "အကြောင်းအရာက ဘာလဲတော့ မပြောနိုင်သေးဘူး။ ဒါက လျှိုးဝှက်ပေးပို့လိုက်တာဆိုတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီးတော့ ပြောရမှာ။ အခုကတော့ ဘာမှ ပြောလို့ မရသေးဘူး"လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါသတဲ့။ ဘရူးတပ်(စ)တွေရဲ့ ဓါးက ပိုသတိထားစရာပါ။ ဒါတွေအားလုံးကို အနှစ်ချုပ်လိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ အင်အားစုတွေကို သွေးခွဲနိုင်ခဲ့ပြီးပါပြီ။ ဆက်လည်း သွေးခွဲနေဦးမှာပါပဲ။ ဒါကို မပြင်ဆင်နိုင်သေးသရွေ့ အားလုံး ဒီအတိုင်း ခံနေကြရဦးမှာပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags