"ငါတို့က မင်းတို့ရဲ့ ရန်သူ မဟုတ်ဘူး" ဆိုပြီး အမေရိကန်က မြောက်ကိုရီးယားကို ပြော

"ငါတို့က မင်းတို့ရဲ့ ရန်သူ မဟုတ်ဘူး" ဆိုပြီး အမေရိကန်က မြောက်ကိုရီးယားကို ပြော

သြဂုတ် ၂ ။                    ။ အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ရန်သူမဟုတ်ပါကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ပြုံယမ်းအာဏာပိုင်တွေဘက်ကို ပြေရာပြေကြောင်း ကမ်းလှမ်းပြောဆိုလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်အနေနဲ့ လက်ရှိအချိန်မှာ မြောက်ကိုရီးယားနဲ့အကြား ဆွေးနွေးပြောဆိုသွားနိုင်မယ့် အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့အရေးမှာ တရုတ်အကူအညီ ရဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။

သြဂုတ် ၁ ရက်က တီလာဆန်က ပြောကြားသွားရာမှာတော့ အမေရိကန်တို့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်အောင် ဖန်တီးလုပ်ဆောင်နေခြင်း မရှိကြောင်း၊ ကင်မ်ဂျံုအန်းအစိုးရပြုတ်ကျဖို့ ကြိုးစားနေခြင်းမရှိကြောင်း ထည့်သွင်းပြောကြားသွားတယ်လို့ သိရပါတယ်။ အလားတူ ကိုရီးယားကျွန်းဆွယ်ပြန်လည်ပေါင်းစည်းရေးအတွက် အတင်းအားတက်သရော ဖိအားပေးလုပ်ဆောင်နေခြင်း မရှိကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားတို့အနေနဲ့ သူတို့ရဲ့ နျူလက်နက်တွေကိုပဲ ဆက်လက်ကိုင်ဆွဲထားလိုတဲ့ ဆန္ဒရှိနေဦးမယ်ဆိုရင်တော့ အကျိုးရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေဖြစ်လာနိုင်မယ်လို့ မထင်ကြောင်း တီလာဆန်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြောက်ကိုရီးယားအပေါ် ဖိအားပေးဖို့အတွက် တရုတ်အကူအညီရဖို့ အမေရိကန်ဘက်က ဆက်လက်ကြိုးပမ်းနေလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ လက်ရှိ မြောက်ကိုရီးယား ပြဿနာမှာ တရုတ်ကိုပဲ အပြစ်တင်၍မရသော်လည်း အကျိုးဖြစ်ထွန်းမယ့် ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့ တရုတ်ဘက်က ကူညီနိုင်ကြောင်း ၎င်းက ပြောဆိုသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required