ဗင်နီးဇွဲလား သမ္မတကို ဝေဖန်သည့် အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးထောင်ချခံရ

ဗင်နီးဇွဲလား သမ္မတကို ဝေဖန်သည့် အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးထောင်ချခံရ

ကရာကတ်၊ သြဂုတ် ၂ ။                    ။ ဗင်နီဇွဲလားနိုင်ငံ လက်ဝဲအစိုးရ လက်တွင် အာဏာပိုကြီးထွားစေမည့် လွှတ်တော်သစ်ဖွဲ့စည်းသည့် ရွေးကောက်ပွဲပြီးနောက် အတိုက်အခံများအပေါ် ထိုးနှက်မှုတစ်ရပ်အဖြစ် သမ္မတ နီကိုလပ်မာဒူရိုအပေါ် ဝေဖန်သည့် အတိုက်အခံခေါင်းဆောင်များကို သြဂုတ် ၁ ရက်တွင် ဖမ်းဆီးထောင်ချလိုက်သည်။

ဒီမိုကရေစီအား စော်ကားမှုဟု ရှုတ်ချလျက် အတိုက်အခံများ သပိတ်မှောက်ကြသော ဇူလိုင် ၃၀ ရက် မဲဆန္ဒရှင်လွှတ်တော်သစ် ဖွဲ့စည်းရေး ရွေးကောက်ပွဲကြောင့် သမ္မတ မာဒူရိုအား အာဏာရှင်ဟု အမေရိကန်က သတ်မှတ်ခေါ်ဆိုကာ ဇူလိုင် ၃၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် လီယိုပေါဒိုလိုပက်ဇ်နှင့် နိုင်ငံရေးသမားဟောင်း အန်တိုနီယိုလီဒက်ဇ်မားတို့အား ဖမ်းဆီးအကျဉ်းချကြောင်း ကြေညာချက်တွင် ၄င်းတို့နှစ်ဦးသည် နေအိမ်အကျယ်ချုပ် ကာလကို ချိုးဖောက်ပြီး နိုင်ငံမှ ထွက်ပြေးရန် ကြံစည်နေသည်ဟု တရားရုံးက ထုတ်ပြန်ထားသည်။

သို့သော် သမ္မတ မာဒူရို၏ ပြိုင်ဖက်များအပေါ် ဖြုတ်ထုတ်ခြင်း လုပ်ရပ်အဖြစ် ၄င်းတို့နှစ်ဦးအား ညပိုင်းက နေအိမ်အတွင်း လုံခြံုရေးတပ်များ စီးနင်းဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အစိုးရအတိုက်အခံများက ဆိုကြသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယခုဖြစ်ရပ်အပေါ် မာဒူရို၏ အာဏာရှင်ဆန်သော လုပ်ရပ်အဖြစ် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

“လိုပက်ဇ်နဲ့ လီဒက်ဇ်မားတို့ဟာ အစိုးရရဲ့ တရားမဲ့ ဖမ်းဆီးတာခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ တောင်းဆိုတယ်။ ”ဟု ထရမ့်က ပြောခဲ့သည်။

ဇူလိုင် ၃၀ ရက် မဲပေးပွဲအတွင်း လူ ဆယ်ဦး သေဆုံးခဲ့ခြင်း အပါအဝင် လေးလကျော်ကြာ ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်သော လမ်းပေါ်ဆန္ဒပြမှုများအတွင်း သေဆုံးသူပေါင်းက ၁၂၀ ခန့် ရှိသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required