မြန်မာသို့ သြစတြေးလျက လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်

မြန်မာသို့ သြစတြေးလျက လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ရေဘေးသင့်ပြည်သူများကို သြဂုတ်လတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

သြဂုတ် ၇၊ ၂၀၁၅ ။         ။ ဆိုင်ကလုန်းမုန်တိုင်း ကိုမန်ကြောင့် မြန်မာနိုင်ငံတွင် ရေကြီးမြေပြိုမှုများဖြစ်ကာ ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရစဉ် လူသားချင်း စာနာထောက်ထားရေးအကူအညီများကို သြစတြေးလျအစိုးရက ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် သြစတြေးလျ အင်န်ဂျီအိုများနှင့် ကုလသမဂ္ဂတို့နှင့်အတူ သြစတြေးလျက စားနပ်ရိက္ခာပစ္စည်းများ၊ အိပ်ရာများ၊ အဝတ်အထည်များ ၊ ခြင်ထောင်များ ၊ ဆေးဝါး ပစ္စည်းများနှင့် ကျောင်းထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ကူညီသွားမည်ဖြစ်သည်။

အဆိုပါ အကူအညီများကို အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးကူညီမည်ဖြစ်သည်ဟု သြဂုတ် ၅ ရက်က ကြေညာခဲ့ခြင်းဖြစ်ပြီး သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာအစိုးရမှ မေတ္တာရပ်ခံတောင်းပန်ချက်တွင် အကူအညီပေးမှုသည် စုစုပေါင်း ဒေါ်လာ သုံးသန်းအထိ ရှိလာခြင်းဖြစ်သည်။

သြစတြေးလျက Save the Children ၊ CARE Australia နှင့် UN တို့နှင့်အတူ လူပေါင်း သုံးသိန်းအတွက် ယာယီခိုလှုံရေးရှက်တာများ၊ ရေသန့်နှင့် ကျန်းမာရေးတို့အတွက် ထောက်ပံ့ပေး သွားမည်ဖြစ် သည်။ သဘာဝဘေးသင့်ရာဒေသများတွင် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ထူမတ်နိုင်ရေးအတွက် ကူညီသွားမည်ဖြစ်သည်။

သြစတြေးလျအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းအဖွဲ့များနှင့်အတူ လူသားချင်းစာနာထောက်ထားရေးအကူအညီများ ဘေးဒုက္ခကြုံပြည်သူများထံရောက်ရှိစေရေးတို့အတွက်လည်း ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly