ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်၍ ခန္တီးNLD ပါတီဝင် ၃၇၀ ကျော် နှုတ်ထွက်

ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်၍ ခန္တီးNLD ပါတီဝင် ၃၇၀ ကျော် နှုတ်ထွက်

မန္တလေး၊ သြဂုတ် ၉ ။         ။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးခရိုင်၊ခန္တီးမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပါင်္တီဝင် ၃၇၅ ဦး  သြဂုတ်လ ၉ ရက်တွင် နှုတ်ထွက်သွားသည်ဟု NLD အဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ခန္တီးခရိုင်NLD ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က မဇ္ဈိမ ကိုပြောသည်။

ယင်းကဲ့သို့ ပါတီဝင်များ နှုတ်ထွက်ရခြင်းသည် ၎င်းတို့ ပြည်သူ့ လွှတ်တော်အတွက်  တင်ထားသည့် ကိုယ်စား လှယ်လောင်းကို အမျိုးသား လွှတ်တော်အတွက်သာ ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။

ဒေါ်ဆယ်ဆယ်နောင် က “ ဒီလိုနှုတ်ထွက်သွားလို့ ပါတီအတွက်မထိခိုက်ပါဘူး။ သူတို့ကိုယ်ပိုင် လွတ်လပ်ခွင့်ပါပဲ။ ကျွန်မတို့အနေနဲ့က တော့ပါတီအောင်နိုင်ရေးကို ဆက်လုပ်သွားရမှာပါ။ နှုတ်ထွက် သွားသူတွေကို တစ်ခုမေးချင်ပါတယ်။ ကိုယ့်အတွက် ပထမလား၊ ပါတီအတွက် ပထမလား၊ နေရာအတွက်ကိုပဲ လုပ်မှာလားလို့မေးချင်တယ်။ “ဟု ပြောသည်။

လျာထားခဲ့သည့် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်ပင် ပါတီမှ နှုတ်ထွက်ခဲ့ပြီး  သြဂုတ် ၃ ရက်ကပင်နှုတ်ထွက် စာတင် ထားခဲ့ဲသည်။ ထိုနှုတ်ထွက်စာထဲတွင် “ခန္တီးမြို့နယ် ကိုယ်စားပြု ပြည်သူ့ ကိုယ်စားလောင်း နေရာ လျှောက် ထားခဲ့သော်လည်း ခန္တီးနှင့်ဟုမ္မလင်မြို့နယ် တို့ကိုကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း အဖြစ် သြဂုတ်  ၁ ရက်တွင် NLD အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ သည်ကို လက်မခံနိုင် သောကြောင့် ပါတီဝင်အဖြစ်မှ ရောကိုယ်စားလှယ်လောင်းအဖြစ်ရောမှ တရားဝင်နှုတ်ထွက်ခြင်းဖြစ်သည် ဟု ပါရှိသည်။

နှုတ်ထွက်ခဲ့သူ ကိုယ်စားလှယ်လောင်း ဦးရှုမောင် က “အောက်ခြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထောက်ခံပေးကြတာပါ။ ဒါပေမယ့်အမျိုးသားလွှတ်တော် အဖြစ်ပဲရွေး အောက်ခြေနှင့် တစ်ထပ်တည်းမဖြစ်လို့ နှုတ်ထွက်တာပါ။ “ဟုပြောသည်။

ယင်းကိစ္စကြောင့် သြဂုတ် ၉ ရက်တွင် ပါတီဝင်များ အဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဦးဆောင် နှုတ်ထွက်သူ ဦးဂျွန်ဟန် “ကျွန်တော်တို့အားလုံးက ပြည်သူ့လွှတော်ပဲဖြစ်စေချင်တယ်။ ကိုယ့်မြို့နယ် ကပဲ ရွေးချယ်ပေးစေချင်တယ်။အ ခုဟာက ခန္တီးနဲ့ဟုမ္မလင်း နှစ်မြို့နယ်ပေါင်းပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်ချထားပေးတာကို မကျေနပ်လို့နှုတ်ထွက်ကြတာပါ“ဟုပြောသည်။
 
 ခန္တီးခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ရှစ် ဦးတင်သွင်း ခဲ့ရာ နှုတ်ထွက်သွားသူ ဦးရှုမောင်အပါအဝင် လေးဦးအရွေးချယ်ခံရပြီး အဆိုပါ ၄ ဦးမှာ ဦးရှုမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်)၊ ဦးအောင်သန်းစိန်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ (တိုင်းဒေသကြီး ၁ နှင့် ၂ )တွင် ဦးဌေးမောင်နှင့် ဦးသိန်းလှိုင်ဝင်း တို့ဖြစ်သည် ဟု ခန္တီးခရိုင် NLD ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင် က ဆိုသည်။

ခန္တီးခရိုင်တွင် NLD ပါတီဝင်ပေါင်း ၆၀၀၀ နီးပါးရှိပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေ ရန်ဆောင်ရွက်နေ သည်ဟု လည်း ဒေါ်ဆယ်ဆယ်နောင် က ပြောသည်။

ပါတီအတွင်း ခွဲခြားဆက်ဆံမှုများနှင့်ဘက်လိုက်မှုများရှိနေသောကြောင့်  နှုတ်ထွက်မည့် ပါတီဝင် ၁၀၀ ကျော်ရှိနေသေးသည်ဟုလည်း ဦးဆောင်နှုတ်ထွက်သူများထဲမှ တစ်ဦးဖြစ်သူ ဦးဂျွန်ဟန် ကပြော သည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်ပြီး NLD ပါတီအတွင်းတွင် အငြင်းပွားမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly