အနားတောင်းတဲ့စနစ်ဆိုတာ Sports နဲ ့စဉ်းစားရင် ဘယ်လိုမှ မသင့်တော်တဲ့ စနစ်တစ်ခုလို ့ကျွန်တော်တော့ မြင်တယ်

အနားတောင်းတဲ့စနစ်ဆိုတာ Sports နဲ ့စဉ်းစားရင် ဘယ်လိုမှ မသင့်တော်တဲ့ စနစ်တစ်ခုလို ့ကျွန်တော်တော့ မြင်တယ်

ဦးဇေသီဟ ( မြန်မာလက်ခမောင်း တည်ထောင်သူ )

Mizzima တီဗီရဲ ့ မြန်မာ့ရိုးရာ လက်ဝှေ ့စကားဝိုင်းအစီစဉ်ကနေ World Lethwei Championship ပြိုင်ပွဲအကြောင်းနဲ ့ မြန်မာ့ရိုးရာလက်ဝှေရဲ ့လက်ရှိအခြေအနေ တစ်စိတ်တစ်ပိုင်း အချို့ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပါ၀င်ဆွေးနွေးထားသူတွေကတော့ World Lethwei Championship ကို တာဝန်ခံကျင်းပမယ့် ဦးဇေသီဟ၊ နိုင်ငံကျော်လက်ဝှေ့သမားတွေဖြစ်တဲ့ တူးတူးနဲ ့ စိုးလင်းဦးတို့ ဖြစ်ပါတယ်။

မေး ။  ။ အစ်ကို မင်္ဂလာပါ ခင်ဗျ။

ဖြေ ။   ။ မင်္ဂလာပါ။  

မေး ။  ။ ဟုတ်ကဲ့။ အခု စက်တင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် World Lethwei Championship နဲ့ ပတ်သက်ပြီးတော့  အကျဉ်းချုပ် ပြောပြပေးပါခင်ဗျ။

ဦးဇေသီဟ ။    ။ World Lethwei championshipက အခုဒီ စက်တင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာက ပွဲစဉ် 3 ပါ။ ၃ ပွဲမြောက်ပေါ့။ တူးတူး ၊စိုးလင်းဦး၊ ဗာတက်တို၊ ဆာရာဒိုက် စသဖြင့် နာမည်ကြီး ကစားသမားတွေ ပါပါတယ်။ အဲထဲမှာမှ တူးတူးကတော့ ကမ္ဘာ့လက်ဝှေ့ Champion ကို ပြိုင်မယ့်အနေထားကို ပြင်ဆင်ထားပါတယ်။ စိုးလင်းဦးကတော ့မြန်မာကစားသမား တစ်ယောက်နဲ ့ တည်ထားတာပဲ ရှိပါတယ်။

မေး ။  ။ ဟုတ်ကဲ့ခင်ဗျ။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေလို တခြားထူးခြားတဲ့ အစီအစဉ် ပါဦးမလား။

ဦးဇေသီဟ ။    ။ ထူးခြားတာကတော့ ခါးပတ်နှစ်ခု ပေးဖို့ အစီစဉ်ရှိပါတယ်။ တစ်ခုကတော့ တူးတူးနဲ့ ဗာတက်တိုနဲ့ပွဲမှာ ကမ္ဘာ့ Champion ခါးပတ်ပေးပါ့မယ်။ နောက်တစ်ခုကတော့ သွေးသစ် ၀င်းလှိုင်ပွဲမှာ ခါးပတ်တစ်ခု မြန်မာပြည် ချန်ပီယံပေးဖို့ အစီစဉ်ရှိပါတယ်။

မေး ။  ။ တူးတူးအနေနဲ့ ဗာတက်တိုနဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ ကြိုတင်ပြင်ဆင်မှု အပိုင်းရယ် နောက် ဗာတက်တိုအကြောင်းလဲ နည်းနည်းပြောပြပေးပါ။

တူးတူး ။         ။ ဒီပွဲအတွက်က ခါးပါတ်ကိုရရှိဖို ့အကောင်းဆုံးဖြစ်တဲ့အထိ လေ့ကျင့်ပြင်ဆင် သွားမယ်။ သူ့ပွဲတွေကို Youtube ကနေ နေ့တိုင်းလိုလို ကြည့်ဖြစ်တာပေါ့လေ။ သူဘယ်လိုထိုး၊ ဘယ်လိုကန်တာတွေ သူရှုံးထားတယ်ဆိုလဲ ဘယ်လိုရှုံးထားတယ်ဆိုတာတွေ ကြည့်ပြီးတော့ လေ့ကျင့်ထားပါတယ်။

မေး ။  ။ ခက်ခဲတဲ့ ပြိုင်ဖက်တစ်ယောက်ဖြစ်မယ်လို့ ယူဆထားလား။

တူးတူး ။         ။ အင်း သူကလည်း ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်လေ။ ခါးပတ် တွေလည်း ပိုင်ဆိုင်ထားတယ်။ သူ့ပွဲတွေကြည့်ရတာတော့ ကျွန်တော့်အတွက်တော့ ပြိုင်ဖက်ကောင်း ပဲ။ လွယ်လွယ်နဲ ့တော့ အနိုင်ရဖို ့မလွယ်ဘူးပေါ့နော် ။ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ထိုးသွားမှာပါ ။

မေး ။  ။ ဗာတက်တိုရဲ့ အားသာချက်က ဘာဖြစ်မလဲ။

ဖြေ ။   ။ ဗာတက်တိုက ဖိုက်တာကစားတယ်။ သူ့လက်သီးတစ်ချက်ထိရင် တစ်ချက် ကျမယ်ဆိုတဲ့စိတ်နဲ ့ထိုးတာပေါ ့ သူ့အားသာချက်က။

မေး ။  ။ ဟုတ်ကဲ့ စိုးလင်းဦးကို မေးပါမယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးတော့ ပရိသတ်ကို ဘာများပြောချင်ပါလဲ။

စိုးလင်းဦး ။     ။ ဟုတ်ကဲ့ ပြီးခဲ့တဲ့ပွဲမှာ ပရိသတ်အားမရခဲ့တဲ့အတွက် လာမယ့်ပွဲကို် အနိုင်ရအောင် ကြိုးစားမှာပေါ ့နော်..အနိုင်ရလဒ်နဲ ့ပြန်ယူမယ်လို့လည်း ကျွန်တော်ကို ကျွန်တော် ယုံကြည်တာပေါ့နော် ။

မေ ။  ။ စိုးလင်းဦး ထိုးမယ့်ပွဲနဲ့ အဓိက ပြိုင်ဖက်အကြောင်းလေး ပြောပြပါဦး။

စိုးလင်းဦး ။     ။ ကျွန်တော် ပွဲစဉ် ၃မှာ မြန်မာ အချင်းချင်းနဲ ့ထိုးရမှာပေါ့နော်။ တစ်ယောက်နဲ ့ တစ်ယောက်တော့ အကြောင်းသိနေကြတာပေါ ့နော်။ သူ့ရဲ့ အားသာချက် အးနည်းချက်၊ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက် သိနေတော့ ထိုးရတာ အကျိတ်အနယ်တော့ ရှိမှာပေါ ့လေ။

မေး - ကိုဇေသီဟ ကိုမေးချင်ပါတယ်။ မြန်မာ့လက်ဝှေ့က ပြုပြင်ပြောင်းလဲရေးဘက်ကို တဖြည်းဖြည်း သွားနေတယ်လို ့ ကျွန်တော်တို ့သုံးသပ်ရတာပေါ့လေ။ ပြောင်းလဲရတဲ ့ အနေထားမှာ အဓိက အခက်ခဲက ဘာဖြစ်မလဲ။

ဦးဇေသီဟ - အဓိက အခက်ခဲက အရင် အသားကျနေတဲ့ အလဲထိုးစနစ်နဲ့ အသားကျနေတဲ ့ ပရိသတ်တွေ ကစားသမားတွေ ဒိုင်တွေက ကျွန်တော်တို့ရဲ့ အဓိက အခက်ခဲပါ။ အဲဒီတော့ ကျွန်တော်တို့ သွားနေတဲ့ အဓိကစနစ်က အမှတ်ပေးစနစ်ကိုသွားပါတယ်။ အဲဒီတော့ အမှတ်ပေးစနစ် နဲ ့မရင်းနှီးတဲ ့ ပရိသတ်တွေ ဒိုင်တွေ နဲ ့ကစားသမားတွေကို ကျွန်တော်တို့ ပုံစံပြောင်းရတယ်။ သဘောပေါက်ဖို့ ရှင်းပြရတယ်။ တဖြည်းဖြည်းနဲ့ လူထုကြားမှာ စိမ့်ဝင်သွားအောင် လုပ်ရတဲ့ဟာကတော့ အဓိက အခက်ခဲပါပဲ။

မေး ။  ။ အဲဒါဆိုရင် တူးတူးကိုရော စိုးလင်းဦးကိုရော မေးချင်ပါတယ်။ အခု လက်ရှိသွားနေတဲ့ အလဲထိုး စနစ်ရယ် ၊ နောက် အမှတ်ပေးစနစ်ရယ်ပေါ့။ ဒီနှစ်ခုမှာ လက်ဝှေ ့သမားတစ်ယောက်ရဲ ့ ခံစားမှု ရယ် အမြင်ရယ် ၊ ဘယ်လိုရှိပါသလဲ ။ တစ်ယောက်ချင်း ပြောပြပါဦး။ တူးတူး စဖြေပေးပါ။

တူးတူး ။         ။ အဲ ဒီ အမှတ်ပေးစနစ်နဲ့ အလဲထိုးစနစ် ကျွန်တော်တို့အတွက် ဘာမှ ကွာဟချက် မရှိဘူး။ တိုင်းနဲ ့ပြည်နယ်ပွဲတွေလည်း ထိုးခဲ့ဖူးတယ်။ တံခွန်အောင်လံပွဲတွေ ထိုးခဲ့ဖူးတယ်။ ဒီပွဲတွေက အမှတ်နဲ့ ထိုးတာ။ ကျွန်တော်တို့အတွက် ဘာမှ အခက်ခဲမရှိပါဘူး။

စိုးလင်းဦး ။     ။ ကျွန်တော့်အနေကတော့ ဘာမှ ပြောစရာမရှိပါဘူး။ ရွှေခါးပါတ်ပွဲတို ့ အမှတ်နဲ့လည်း ထိုးဖူးတယ်လေ။ ကြိုက်ပါတယ်။ အဲလိုမျိုးလုပ်မှ အဆင်ပြေတာပေါ့နော်။ တချို ့ကစားသမားတွေလည်း ပညာတွေ အရမ်းကောင်းတာပေါ့နော် ။ အလဲထိုးစနစ်နဲ ့ လုပ်တော့ အလဲမထိုးနိုင်ရင် သားရေဖြစ်တာပေါ ့နော်။ အခုကျတော့ သူတို့လည်း ကောင်းတာပေါ့။ ပညာ တော်တဲ့ သူက သူတို့ရဲ့နာမည် ပိုကြီးတာပေါ ့နော်။  

မေး ။  ။  ဟုတ်ကဲ့ ကျွန်တော်စဉ်းစားတာပေါ ့လေ။ အမှတ်ပေးစနစ် ပြောင်းလိုက်တဲ ့ အခါကျတော့ ဘယ်လို အားသာချက်ဖြစ်လာနိုင်လဲဆိုတော့ ဒီကစားသမားတွေရဲ ့ ထိုးလုံးသတ်ပေါက် တွေ သူတို့ နိုင်ချင်စိတ်တွေ၊ ပုံမှတ်အတိုင်းဆိုရင် အစီးသရေရှိမယ် ။ရိုးရိုးနဲ ့ပွဲပြီးသွားတာရှိမယ်။ ပွဲက ဒီတိုင်းသာပြီးသွားတယ်။ ဘာမှ မထူးခြားဘူး။ တကယ်လို ့အမှတ်ပေး စနစ်လုပ်လိုက်လို ့ အနိုင်အရှုံးက ပေါ်ကို ပေါ်ရတော့မယ်။ သူတို့ရဲ့ ထိုးလုံးသတ်ပေါက်တွေက ခံစစ်ထက် တိုက်စစ်ကို ပိုပြီးတော အားပြုလာမယ်လို ့ ယူဆလို့ရမလား။

ဦးဇေသီဟ-  ဟုတ်ပါတယ် ။ အဓိကတော့ အရင်တုန်းက အလဲထိုးစနစ်ဆိုတော့ မာဂုဏ်ကို အားပြုလာတယ် မာအောင်ကြိုးစားလာတယ်။ သံမဏိစိုးကြီး ဆိုပြီးနာမည်ကြီးတာမျိုးတွေ ၊ နောက် ကြယ်လင်းအောင်တို့လို နာမည်ကြီးကြတယ်။ နောက်ပိုင်းကျ အမှတ်ပေးစနစ် သွားတဲ့အခါကျ လက်သီးထွက်ရမယ် ။ခြေထောက်တွေ ဒူးတွေ တံတောင်တွေ ထွက်ရမယ်။ တိုက်ခိုက်ရေးဖက်ကို ပိုပြီးအားသန်လာတယ် ။အဲတော့ ကြည့်ရတဲ ့ ရသ ကလည်း မတူတော့ဘူး ။ ဟိုဖက်ကလည်း ထိုးရမယ် ဒီဖက်ကလည်း ထိုးရမယ် ၊ တဖက်ချည်းပဲ ပိတ်ခံနေလို ့မရတဲ ့ အနေထားမျိုးရှိလာတယ်။ ဒါအမှတ်ပေးစနစ်ကြောင့်ဖြစ်လာတဲ ့ အားသာချက်တွေလို ့သုံးသပ်လို့ရပါတယ် ။

မေး  -  အဲ ့ဒါဆို ခုနမေးခွန်း ပြန်မေးရရင် ဘယ်စနစ်ကို ပိုကြိုက်လဲ နှစ်ယောက်လုံး။

တူးတူး - စိုးလင်းဦး ။   ။ နှစ်မျိုးစလုံး ကြိုက်ပါတယ် ။

ဦးဇေသီဟ ။    ။ ဒါကတော့ သူတို့နှစ်ယောက်ကတော့ ဘယ်စနစ်ဖြစ်ဖြစ် ကြိုက်မှာပဲ။ ဘာလို ့လဲဆိုတော့ ကြိုးဝိုင်းထဲရောက်ရင် ဘယ်သူပဲဖြစ်ဖြစ် အလဲထိုးဖို့ပဲ စဉ်းစားကြတယ်။ အလဲထိုးတဲ့အခါမှာ အဆုံးဖြတ်ပေးလို့ မရမှသာလျှင် အမှတ်ပေးနဲ ့သွားကြတာ သူတို့အတွက်က ထူးထူးခြားခြားမရှိဘူး။ ကြိုးဝိုင်းထဲရောက်လာရင် ထိုးမယ်။ အလဲထိုးမယ်။ အဲဒါအရင်ပဲ။ မရတော့လို့ရှိရင် အမှတ်ကိုရအောင် ယူပြီးထိုးမယ်။ ဒါကြောင့်မို့လို့ ၂ ခုလုံးကြိုက်တယ်လို့ မြင်ပါတယ်။

မေး ။  ။ အဲတော့ အမှတ်ပေးစနစ်နဲ ့သွားမယ်ဆို ကာလတစ်ခုပေါ ့။ ၁၀ နှစ် သို့မဟုတ် နှစ် ၂၀ ပေါ ့။ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ပုံစံပေါ့။ identity  က နည်းနည်းလေး ပြောင်းသွားနိုင်သလား။ ထိုးလုံး သတ်ပေါက်တွေကအစ။ မြင်နေကြပုံကနေ ပြောင်းလဲသွားမယ်လို ့ ယူဆပါသလား။

စိုးလင်းဦး ။     ။ ကျွန်တော့်အမြင်တော့ ပြောင်းလဲသွားနိုင်တယ်ပေါ့နော် ။ တစ်မျိုးတော့ ကောင်းသွားမယ်လို့ ပြောင်းလဲလိုက်ရင်။

တူးတူး-  အရင် ကျွန်တော်တို့တွေ ့တဲ ့ ကစားသမားတချို ့ဆိုရင် ခံနိုင်ရည်ရှိတဲ့သူ။ ၂ ချီ ၃ ချီ ခံနိုင်တဲ့အခါ တစ်ဖက်လူက မောပြီး မထိုးနိုင်တော့ဘူးဆိုတဲ့ အချိန်ကျမှ အလဲထိုးပြီးတော့ အနိုင်ယူ လိုက်တဲ့ပွဲတွေ ကြည့်ဖူးတယ်။ လုပ်တဲ့သူက ရှုံးသွားပြီးတော့ ခံရတဲ့သူက ခံပြီးတော့ပဲ ထိုးနေ၊ တဖြည်းဖြည်းနဲ့ တစ်ပွဲလာလဲ ခံပြီးထိုးမယ်။ နောက်ပိုင်းကျ သူ ့ပညာက တက်မလာတော့ဘဲ (ပညာထက် ခံနိုင်ရည်က ပိုတိုးလာတယ် ဆိုတဲ့သဘောပေါ ့)

မေး ။  ။ နောက်ထပ်မေးခွန်းတစ်ခုမေးချင်ပါတယ် ၃ယောက်စလုံးကိုပါ။  အောင်မြင်နေတဲ ့ လက်ဝှေ့သမား အနေနဲ့ရော လက်ဝှေ့လောက ဖွ ့ံဖြိုးတိုးတက်ဖို ့လုပ်နေတဲ ့ဦးဇေသီဟ အနေနဲ့ရော လူငယ်မျိုးဆက်သစ်တွေ အနေနဲ ့စနစ်တကျ ဖွ ့ံဖြိုးတိုးတက်ဖို ့ ဘယ်လိုတွေ လုပ်ဖို့လိုပါသလဲ။ ဘယ်လိုတွေဖြစ်စေချင်လဲ ။

ဦးဇေသီဟ ။    ။ အဓိက ကတော့ သူတို ့တူးတူး တို ့ စိုးလင်းဦးတို ့ ထွန်းထွန်းမင်းတို့ မြန်မာပြည်ရဲ ့ ထိပ်တန်းကစားသမားတွေ ကို လူငယ်တွေ အားကျလာမယ်။ သူတို့ရဲ့ စားဝတ်နေရေး တွေ ပြေလည်လာတာကိုကြည့်ပြီးတော့ အားကျလာရင် လက်ဝှေ ့လောကထဲကို လူငယ်တွေ မျိုးဆက်သစ်တွေ တစိမ့်စိမ့်  စိမ့်ဝင်လာမယ်။ မလာပါနဲ ့ ဆိုရင်တောင်မှ ရအောင်ပေကပ်ပြီး လာမယ့် အနေထားရှိတယ်။ ဒါကြောင့်မို ့ လူငယ်တွေ  အားကျအောင် ပံ့ပိုးပေးနိုင်ရင် အိုင်ဒေါတွေဖြစ်လာရင် မျိုးဆက်သစ်ကို အလိုအလျှောက်စုဆောင်းပေသလို ဖြစ်ပါလိမ့်မယ်။အဲ ့လို မြင်ပါတယ် ။

စိုးလင်းဦး ။     ။ ကျွန်တာ့်အမြင်ကလဲ ကိုဇေပြောသလိုပါပဲ ။ အဲ ့လိုမျိုးတွေ လုပ်ပေးနိုင်မယ်ဆို နိုင်ငံကျော် လက်ဝှေ ့သမားတွေ ဖြစ်ဖို ့အလားလာ အများကြီးရှိပါတယ်။

တူးတူး ။         ။ မျိုးဆက်သစ်ကလေးတွေ ၀ါသနာပါလာအောင် ပွဲတွေ လုပ်ပေးတာကလဲ မျိုးဆက်သစ်တွေ ပေါ်ထွန်းဖို ့လမ်းပေါ ့ ။ နောက် ကလပ်တွေ သင်တန်းတွေကလည်း စနစ်တကျ သင်ပြပေးတာတွေလည်း လုပ်သင့်ပါတယ်။

မေး ။  ။ ခုဟာ အောင်မြင်နေတဲ့ လက်ဝှေ့သမားတွေက အပေါ်ပိုင်းအဆင့်ပေါ ့။ အောက်ပိုင်း အဆင့် တိုးတက်ဖို ့ရော ဘာတွေလိုအပ်မလဲ။ အခြေခံအဆောက်အအုံအပိုင်းကရော ဘာတွေ လိုအပ်မလဲ။

ဦးဇေသီဟ- အဓိက အရေးကြီးဆုံးကတော့ သင်ရိုးညွှန်းတမ်းပါပဲ ။ စည်းစနစ်ကျတဲ့ စာအုပ်စာ တန်းတွေ ရှိဖို့လိုတယ်။ နောက်လက်ဝှေ့ကို ဘယ်လိုသင်ကြားရမလဲ။ ဒူးကဘယ်လို၊ တံတောင်က ဘယ်လို၊ လက်သီးက ဘယ်လို။ ခွဲခြမ်းစိတ်ဖြာထားတဲ ့ စာအုပ်တွေလိုပါတယ်။ နောက်တစ်ခုက သင်ပေးတဲ ့နည်းပြတွေကအစ တဖြည်းဖြည်းနဲ ့ ရှားပါးလာတယ်။ တချို့က အနားယူသွားကြပြီ။ အဲတော့  သူတို့နေရာကို အစားထိုးဖို ့ နည်းပြသင်တန်းတွေ အများကြီးလိုတယ်။ အဲဒါတွေက အခြေခံကျတဲ့ အရာတွေပါ။

မေး ။  ။ အမှတ်ပေးစနစ်ကို သွားကြတဲ့အခါ  စည်းမျည်း စည်းကမ်းတွေကရော အဆင်သင့် ဖြစ်ပြီလား။

ဦးဇေသီဟ ။    ။ တကယ်တမ်းကတော့ အဆင်သင့် မဖြစ်သေးပါဘူး ။ဘာလို ့ဆို ခုလက်ရှိသုံးနေတဲ ့ စည်းမျည်း စည်းကမ်း စာအုပ်တွေသည် ဟိုတုန်းက ရေးခဲ့တာတွေဖြစ်တယ်။ ဒီဘက်ခေတ် မှာ Upgrade လုပ်ရမှာတွေရှိတယ်။ ပြန်ပြင်ရမယ့်ဟာတွေရှိတယ် ။ နိုင်ငံတစ်ကာက ဘယ်လိုသွားနေတယ်ဆိုတာကြည့်ပြီး ပြင်ဖို့လိုနေတယ်လို ့ ကျွန်တော်တော့ မြင်ပါတယ်။

မေး ။  ။ ဟုတ်ကဲ ့ အဲလိုပြင်ဖို ့ဆို ညီလာခံတစ်ခုလုပ်ဖို ့လိုမလာ။

ဖြေ - လိုပါတယ် Summit တစ်ခုတော့ လုပ်ဖို့လိုပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ ့ လက်ဝှေ့သမား ဟောင်းကြီးတွေ၊ နောက် နည်းပြ အဟောင်းကြီးတွေ စသဖြင့် ဒိုင်ချုပ်အကုန်လုံး ရှိသမျှလူတွေအားလုံး ပေါင်းစည်းပြီး ဖြစ်အောင်လုပ်ဖို ့လိုပါတယ်။ ဒီတွက်ကို အချိန်ကာလကိုလည်း ဘယ်နေ ့ဘယ်ရက်အပြီး သတ်မှတ်ဖို့က မရတဲ့အနေထားရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်မြို နဲ့တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာ ၊ ဒေသ တစ်ခုနဲ ့ တစ်ခု ၊ စည်းမျဉ်းတွေ ခံယူချက်တွေ မတူကြဘူး။ အဲ့ဒါတွေက ပြန်ညှိရမယ့်အနေထားတွေ အများကြီးရှိပါတယ်။ ဒါကြောင့်လုပ်မယ်ဆိုရင် ကျွန်တာ့် Plan ကတော့  တစ်ပတ်လောက် လုပ်လိုက် ၊ ပြီးရင် ၃ပတ်လောက် ပြန်ပေးနားလိုက်၊ ပြန်ဆွေးနွေး လိုက် နောက်ထပ်် တစ်ပတ်လောက် ပြန်လုပ်လိုက် ပြီးရင် ၃ပတ်လောက်ပြန်ပေးနားလိုက်ဆိုတော့ ၆လလောက် လုပ်ယူရမယ်အနေထားရှိပါတယ်။

မေး ။  ။ တော်တော်ညှိယူရမယ့် အနေထားလို ့ပြောချင်တာလား။

ဦးဇေသီဟ ။    ။ တော်တော်ညှိယူရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ဂဃဏန ခရေစေ့တွင်းကျ သေချာလုပ်မယ်ဆိုရင် အဲ့လောက် အချိန်ယူရမယ်လို ့ဆိုလိုတာပါ ။

မေး ။  ။ အမှတ်ပေးစနစ်နဲ ့ပတ်သက်တာလေးဆက်မေးချင်ပါတယ်။ အနားတောင်းတဲ ့ စနစ်ပေါ ့ အဲ ့ဒါ မြန်မာ့ရိုးရာလက်ဝှေ ့ရဲ ့Culture တစ်ခုအနေနဲ ့ အရင်ကတည်းကရှိခဲ ့တာလား ..နောက်တစ်ခုက အဲ့စနစ်ကို ဆက်သုံးဦးမှာလား။

ဦးဇေသီဟ ။    ။ အနားတောင်းတဲ့စနစ်က ကြားပွဲတွေမှာ ကျွန်တော်တို ့ သတိထားမိတယ်။ နောက်မှ ပေါ်လာတာလို့လဲ ပြောလို့ရတယ် ဘာကြောင့်ဆို ထိုးလိုက်လို ့မတော်အချီနဲ ့ရှုံးသွားတဲ ့ အခါမှာ ၂မိနစ် အနားတောင်းတဲ့စနစ် ပြောရလို ့ရှိရင် ကျွန်တော်တို ့ ၁၉၉၅ ပတ်ဝန်းကျင်ကမှ စပြီးတော့ ပေါ်ပေါက်လာတဲ ့ စနစ်ပါ ။ အဲတော့ ဟိုက နည်းနည်း၊ ဒီက နည်းနည်း ပေါင်းထားတဲ့ သဘောမျိုးလို ့မြင်ပါတယ်။ ဆိုလိုရင်း ကတော့  မြန်မာ့ရိုးရာလက်ဝှေ့စစ်စစ်က အနားတောင်းပါသော ၅ချီ အလဲထိုး စနစ်ဆိုတာ မြန်မာ့ရိုးရာ လက်ဝှေ့ဆီမှာ မရှိဘူး ။ ရှိတာက ပဝါမကူ ရေမရှု သွားမလား၊ အောင်လံ လုပွဲလုပ်မလား။ ကြားပွဲ လုပ်မလား စသဖြင့်ပဲရှိပါတယ်၊။

မေး ။  ။ စိုးလင်းဦးနဲ ့တူးတူးကို ကစားသမားရှုထောင့်ကနေမေးချင်တာက အနားတောင်းတဲ ့ စနစ်က ပြင်းထန်တဲ ့ ပြိုင်ဆိုင်မှုကို လျှော့ကျ စေတာလား ပိုမြင့်တက်စေတာလား ခုန ကိုဇေသီဟ ပြောသလို မတော်ချီနဲ ့ထိသွားရင် အနိမ့်တစ်ယောက်က အမြင့်တယောက်ကို နိုင် နိုင်ချေရှိတယ်။ နိုင် နိုင်ချေရှိလို ့ ပြိုင်ဆိုင်မှု ပိုပြင်းထန်နိုင်တယ်၊ ဘောလုံးလိုပြောရရင် တန်းဆင်းဇုံထဲကအသင်းကလည်း ထိပ်ဆုံးက အသင်းကို နိုင် ရင်လဲနိုင်သွားနိုင်တယ်။ခုဟာက လက်ဝှေ ့မှာက သာတဲ ့သူကပဲ အမြဲ နိုင်ရမယ်ဆိုတဲ့သဘော ဖြစ်စေတာပေါ့ ။အနားတောင်းတဲ ့အတွက်လေ။ အဲ့ဒီတော့ အနားတောင်းတဲ့ စနစ်အပေါ်မှာ လက်ဝှေ့သမားတစ်ယောက်အနေနဲ ့ ဘယ်လို မြင်မိပါသလဲ ။

စိုးလင်းဦး ။     ။ ဒါကတော့ ဟိုး အရှေ ့ကလူတွေ လုပ်သွားတာပဲလေ။ကျွန်တော်တို ့ ဘက်ကလည်း မကြိုက်ဘူးပြောလဲ ခက်တယ်ပေါ ့ ။အဲ ့လိုမျိုးတွေတော့ရှိတယ်  

ဦးဇေသီဟ ။    ။ ကျွန်တော်ဒါကို ဥပမာ အနေနဲ ့ ပေးမယ်ဆို Sports ပေါ့၊ လက်ဝှေ့ဆိုတာက တိုက်ခိုက်ရေးပညာ Sports တစ်ခုအနေနဲ ့မြင်ရမယ်ပေါ ့။ ပြေးခုန်ပစ်ပဲကြည့်ကြည့် ဂေါ ့ဖ် ရိုက်တာပဲ ဖြစ်ဖြစ်၊ ဂေါ့ဖ်ရိုက်လို ့တိုင်းဂါးဝုဒ်လွဲသွားတယ်။ မတော်ချီဆိုပြီးသတ်မှတ်ပြီးတော့ ပြန်ပေးရိုက်မလား။ Sports အနေနဲ ဒီပွဲမှာ သူပြင်ဆင်ရမယ်။ အဲတော့ Sports ဆိုတဲ့ စကားလုံးမှာ Lucky တွေရော Unlucky တွေရော ရောထွေးနေတာ။ သူသည် ကောင်းရဲ့သားနဲ့ မတော်ချီ ထိသွားလို့ ပြန်ပြီး အနားတောင်းနဲ့ပြန်ဝင်လာမယ်ဆို Sports မဟုတ်တော့ဘူး။ သူကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ မကောင်းဘူးဆိုတာဘာကိုဆိုလိုတာလဲ။ အဲ ့တော့ ပြေးခုန်ပြစ်မှာလဲပြေးနေရင်းနဲ ပန်းတိုင် အနားရောက်တော့မှ ချော်လဲသွားရင်် ရှိသမျှလူတွေ အကုန်ရပ် သူချော်လဲသွားလို ့။ သူကောင်းရဲ ့သားနဲ့ဘယ်လိုမှ မရှိခဲ့ဘူးလေ။ Chess ထိုးရင်လဲ နောက်ပြန်ဆုတ်လို ့မရတဲ ့ အနေထားမျိုးမှ မရှိတာ။ ဘယ် Sports မှာမှ မရှိဘူးလေ။ အဲဒီတော့ အနားတောင်းတဲ ့ စနစ်ဆိုတာ Sports နဲ ့စဉ်းစားရင် ဘယ်လိုမှ မသင့်တော်တဲ ့ စနစ်တစ်ခုလို ့ ကျွန်တော်တော့မြင်တယ်။

မေး ။  ။ ဟုတ်ကဲ ့ ဒီအစီစဉ် ပထမပိုင်းရဲ ့ နောက်ဆုံးမေးခွန်းကို မေးပါမယ်။ ဦးဇေသီဟ ကိုပဲမေးပါမယ်။ အရာအားလုံးကတော့ Business ပေါ ့နော်။ လက်ဝှေ ့လောက မြှင့်တင်ဖို ့ ဘယ်လိုပဲ လုပ်လုပ် စီးပွားရေးကို ချန်ထားလို့မရဘူး။ စီးပွားရေးနဲ ့ စျေးကွက်အတွက် ဒီ World Lethwei Championship က ဘယ်လို စနစ်တကျစီမံထားလဲ။ ဘယ်လို လမ်းကြောင်းတွေ ဆွဲထားလဲ။ ပြောပြလို့ ရမလားမသိဘူး ခင်ဗျ ရေရှည်အတွက် ။

ဖြေ ။   ။ အဓိက က Business လို ့ပြောရင်လဲရပါတယ်။ ဒါက မှန်သောစကားပါ။ ဒါပေမယ် ဒီ Platform ကြီး ခိုင်မြဲနေမှ တိုးတက်နေမှ ဒီ Industry တွေ တောင့်တင်းနေမှသာ Business လို လုပ်ယူလို့ရပါတယ် ။ လက်ရှိအနေအထားက လက်ဝှေ ့က စိုးရိမ်အမှတ်ကို ရောက်နေတယ်။ မျိုးဆက်သစ် ကစားသမားတွေအတွက် နေရာသိပ်မရှိဘူး။ လက်ရှိကစားသမားတွေ အတွက် ကျန်းမာရေး ရှုထောင့်ကလည်း ကူညီစောင့်ရှောက်မှုတွေ မရှိဘူး။  အဖက်ဖက်က ယိုယွင်းနေတယ်။ အဲဒါတွေ အရင်တည်ဆောက်ရလိမ့်မယ် ။ တည်ဆောက်ပြီးမှ သာလျှင် ခုနပြောတဲ ့ Business ဆိုတဲ့ လမ်းကြောင်းကို ရောက်လာခဲ့လို ့ရှိရင်လည်း WLC က တစ်ယောက်တည်း လုပ်လို့ရတဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ တခြားစိတ်ပါ၀င်စားတဲ့ ပွဲစီစဉ်သူတွေ တခြားသူတွေလည်း လုပ်ကိုင်လို့ရတဲ့ Industry တစ်ခု ပေါ်ပေါက်လာမယ်လို ့ ကျွန်တော်မြင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly