အမြည်းသွားတောင်းစားရာမှ စကားများကာ ပုဆိန်ဖြင့် ခုတ်သတ်မှု ပေါင်မြို့နယ်တွင်ဖြစ်ပွား

အမြည်းသွားတောင်းစားရာမှ စကားများကာ ပုဆိန်ဖြင့် ခုတ်သတ်မှု ပေါင်မြို့နယ်တွင်ဖြစ်ပွား

ပေါင်၊ သြဂုတ်၊ ၁ ။             ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာတွင် ဇူလိုင်လ ၃၀ရက်ညက လူ၂ဦးက အမြည်းတောင်းကာ စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့်ခုတ်သတ်ကာ လူသတ်ခဲ့မှုဖြစ်ခဲ့သည်ဟု ရင်းငြိမ်ရဲကင်းစခန်းမှ သိရသည်။

ဇူလိုင်လ ၃၁ရက်နေ့၊ မနက် ၈ နာရီအချိန်တွင် ဦးဇော်ဦးမှ လယ်တဲသို့သွားရောက်ခဲ့ရာတွင် ၎င်းတဲရှေ့၌ သွေးအိုင်ကွက်တွေ့ရှိရသဖြင့် သားဖြစ်သူကိုလိုက်လံရှာဖွေခဲ့ရာ လယ်တဲရှေ့ရှိကွင်းပြင်တွင် လူဆွဲထားသည့် အရာများတွေ့ရှိရသဖြင့် ဆယ်အိမ်မှူးထံအကြောင်းကြားပြီး စုံစမ်းခဲ့သည်။

၎င်းတဲအနီးရှိ ကိုစိုးဝင်း(ခ)သားပု ဆိုသူက ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်းက ကိုလှထွန်းဆိုသူနှင့် အမွန်(ခ)မွန်တင် တို့နှစ်ဦးအား သေဆုံးသူ တင်ကိုရှိန်၏တဲအနီးတွေ့ရှိခဲ့၍ ဘယ်မသွားမလဲဟုမေးခဲ့ရာ တင်ကိုရှိန်တဲမှာ အမြည်းသွားတောင်းမည်ဟု ပြောပြသိရှိရကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့၊ မနက် ၁နာရီခန့်တွင် ၎င်းတဲအနီးနေသူ ခင်မောင်ဌေးဆိုသူက တင်ကိုရှိန်တဲအတွင်းမှ ဆူညံသံများကြားခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

''၊သေဆုံးတဲ့ကောင်လေးကလည်း တဲထဲမှာ တစ်ယောက်ထဲအိပ်နေကြပဲ။ မနက်မိုးလင်းတော့ သူ့အဖေက ရွာကနေဆင်းပြီး တဲထဲရောက်တော့မှ သူ့သားကိုမတွေ့တာနဲ့ လိုက်ရှာရာမှ တဲရှေ့မှ သွေးကွက်အိုင် တွေ့လိုက်တယ်။ လမ်းတစ်လျှောက်မှာလည်း ဒရွတ်တိုက်ဆွဲထားတဲ့အရာတွေ့တော့ ရဲကို အကြောင်းကြားတာနဲ့ အဖွဲ့တွေအားလုံးလိုက်ရှာတော့ အလောင်းကို ဘိုင်လောင်း ချောင်းဝမှာ သွားတွေ့တယ်။ ဒီအမှုရဲ့ကွင်းဆက်ကို လိုက်တော့ ဖမ်းဆီးရမိခဲ့တာပါ"ဟု ရင်းငြိမ်ရဲကင်းစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်အောင်ဌေးက ပြောသည်။

“စစ်ဆေးချက်အရက အမြည်းသွားတောင်းတာက ၂ဦးပဲ။ အဲချိန်မှာ သေဆုံးသူနဲ့ စကားတွေ အချင်းချင်းများနေတဲ့ချိန်မှာ နောက်တစ်ယောက်ရောက်လာတယ်။ လက်ထီးနဲ့ထိုး၊ ပုဆိတ်နဲ့ခုတ်ခဲ့တာလို့ သူတို့၃ဦး ကို စစ်ဆေးသိရှိခဲ့ရတယ်"ဟု ဒုရဲအုပ် အောင်ဌေးက ဆက်လက်ပြောပြသည်။

အဆိုပါသေဆုံးသူသည် တင်ကိုရှိန်၊ (၂၅)နှစ်၊ (ဘ)ဦးဇော်ဦး၊ မပတ-မမှတ်မိ၊ မွန်/ဗုဒ္ဓ၊ လယ်လုပ်၊ ပန်းကုန်းကျေးရွာ ပေါင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူ တင်ကိုရှိန်အား အနီးပတ်ဝန်းကျင် လှည့် လည်ရှာဖွေခဲ့ရာ၌ ပင်လယ်ထွက်ပေါက်ဖြစ်သော ရင်းငြိမ်ဘိုင်လောင်းချောင်းဝတွင် သေဆုံးသူ၏အလောင်းအား ရေထဲမှတွေ့ရှိရ၍ ဆယ်ယူခဲ့ရာတွင် သေဆုံးသူတင်ကိုရှိန်မှာ ဦးခေါင်းနောက်စေ့   ပြတ်ရှဒဏ်ရာ၊ လည်ဂုတ်ပြတ်ရှဒဏ်ရာ၊ ညာပုခုံးပြတ်ရှဒဏ်ရာ၊ ယာလက်မောင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တင်ကိုရှိန်အားသေဆုံးအောင်ပြုလုပ်ခဲ့သူ လှထွန်း(၄၀)နှစ်၊ အမွန်(ခေါ်) မွန်တင် (၃၄)နှစ်၊ စိန်လှ(၃၅)နှစ်တို့ ၃ဦးကို ပေါင်မြို့မရဲစခန်းက (ပ)၂၅၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required