ဆီးရီးယားဒုက္ခသည် ကလေးငယ် ၃၀၀၀ ခန့် ကျောင်းတက်နိုင်ရန် ဂျော့ကလူးနေးကူညီမည်

ဆီးရီးယားဒုက္ခသည် ကလေးငယ် ၃၀၀၀ ခန့် ကျောင်းတက်နိုင်ရန် ဂျော့ကလူးနေးကူညီမည်

မင်းသားကြီးဂျော့ကလူးနေးနှင့် ဇနီးဖြစ်သူ အေမယ်လ်ကလူးနေ့တို့က သူတို့သည် ဆီးရီးယားမှ ဒုက္ခသည် ကလေးငယ် ၃၀၀၀ခန့်ကို လက်ဘနွန်နိုင်ငံ၌ ယခုနှစ်တွင် ကျောင်းတက်နိုင်ရန် အကူအညီပေးမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။

ကလူးနေး၏ ပရဟိတဖောင်ဒေးရှင်းသည် Google နှင့် HP တို့နှင့်အတူ ပူးပေါင်းကာ ကုလသမဂ္ဂ၏ ကလေးသူငယ် အေဂျင်စီဖြစ်သော UNICEF နှင့် လက်ဘနွန်ပညာရေးဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ထားသော ကျောင်းများ၌ ဆီးရီးယား ဒုက္ခသည်ကလေးငယ်များ ကျောင်းတက်နိုင်အောင် ကူညီသွားမည်ဟု သိရသည်။

လက်ဘနွန်နိုင်ငံအတွင်း၌ ဆီးရီးယားဒုက္ခသည်ပေါင်း ၁သန်းကျော်ခန့်ရှိကာ ထိုထဲ၌ ကလေးငယ် ၅သိန်းနီးပါး ခန့်ရှိသည်။

“ အချိန်မှား နေရာမှားပြီး ကံမကောင်းစွာနဲ့ စစ်ဖြစ်ပွားနေတဲ့နေရာမှာ မွေးဖွားလာတဲ့ သူတို့လေးတွေကို မျိုးဆက်တစ်ခုလုံး မဆုံးရှုံးစေချင်ပါဘူး” ဟု အော်စကာဆုရ မင်းသားကြီးဂျော့ကလူးနေးနှင့် သူ၏ဇနီးဖြစ်သူ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ အေမယ်လ်ကလူးနေးတို့က ပြောကြားခဲ့သည်။

“ထောင်နဲ့ချီတဲ့ ဆီးရီးယားဒုက္ခသည် ကလေးငယ်တွေဟာ လူ့အသိုင်းအဝိုင်းအတွက် အကျိုးဖြစ်ထွန်းနိုင်စွမ်း၊ အရာရောက်နိုင်စွမ်း မရှိနိုင်တော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သူတို့စုံတွဲက ထုတ်ပြန်ချက် ထဲ၌ ပြောကြားခဲ့သည်။

ဒါ့အပြင် ကောင်းမွန်သော တရားဝင်ပညာရေးသည် ထိုကလေးငယ်များကို အထောက်အကူပေးနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကလူးနေး၏ ဖောင်ဒေးရှင်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၂၅သန်းခန့် အကူအညီပေးသွားမည်ဖြစ်ပြီး Google နှင့် HP တို့မှ သွားလာရေး၊ ကျောင်းသင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာများ၊ ဖတ်စာအုပ်များ၊ သင်ရိုးညွှန်းတန်းများနှင့် ဆရာဖြစ်သင်တန်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required