အဆင့်မြင့်စျေးဆောက်လုပ်ပြီးပါက အဟောင်းထည်များ ရောင်းချခွင့်မရမည်ကို စိုးရိမ်နေကြ

အဆင့်မြင့်စျေးဆောက်လုပ်ပြီးပါက အဟောင်းထည်များ ရောင်းချခွင့်မရမည်ကို စိုးရိမ်နေကြ
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ သြဂုတ် ၁ ရက်။          ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မေယုစျေးဟောင်းနေရာကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ အဆင့်မြင့်စျေး ဆောက်လုပ်ရန်အတွက် ပြင်ဆင်လျှက်ရှိပြီး   ဆောက်လုပ်ပြီးပါက လက်ရှိရောင်းချလျှက်ရှိသည့် အဟောင်းထည်(ဘေထုပ်) များအား ရောင်းချခွင့်မရရှိမည်ကို စျေးဆိုင်ပိုင်ရှင်များ စိုးရိမ်လျှက်ရှိသည်။

အဆိုပါစျေးမှာ ရခိုင်ပြည်နယ်၏ အကြီးဆုံးသော အဟောင်းထည်များရောင်းချရာ စျေးတစ်ခုဖြစ်ပြီး နိုင်ငံခြားဖြစ် ကုန် ပစ္စည်းများဖြစ်သည့် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းများကို အဓိက ရောင်းချနေသည့်စျေးလည်း ဖြစ်သည်။

“စျေးကို အသစ်ဆောက်ပေးမယ်ဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ စိုးရိမ်တာက စျေးဆောက်ပြီးလို့ရှိရင် ဒါတွေကို ရောင်းချခွင့်မရမှာကိုပါပဲ။ တလောက စည်ပင်သာယာနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ လာတုန်းက ပြောသွားပါတယ်။ အဟောင်းထည်တွေကို ရောင်းချနိုင်ဖို့အတွက်လည်း စီစဉ်ပေးရမယ်ဆိုပြီး ပြောသွားပါတယ်။ တရားဝင်ပြောသွားတာတော့ မဟုတ်ဘူး။ နောက်ကျမှ အဟောင်းထည်တွေကို ရောင်းချခွင့်မပြုဘူး ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်”ဟု လက်ရှိမေယုစျေး (ယာယီ)တွင် ရောင်းချလျှက်ရှိသည့် စျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါစျေးမှာ ယခင်ကတည်းက တရားဝင်ဖွင့်လှစ်ထားသည့် စည်ပင်သာယာစျေးတစ်ခုဖြစ်ပြီး ယင်းစျေးတွင် စစ်တွေမြို့မစျေးကဲ့သို့ ကုန်စုံရောင်းချသည့် စျေးမျိုးမဟုတ်ဘဲ အဟောင်းထည်များ ကိုသာ သီးသန့်ရောင်းချသည့် စျေးလည်းဖြစ်သည်။

“စျေးသစ်ဆောက်လို့ပြီးရင်တော့ လက်ရှိဆိုင်ခန်းပိုင်ရှင်တွေက အဲဒီစျေးထဲမှာ ဆိုင်ခန်းတွေရရှိမှာပါ။ ငွေပေးသွင်းဖို့ မလိုပါဘူး။ ဒါပေမယ့် အဆင့်မြင့်စျေး ဖြစ်တဲ့အတွက် လက်ရှိရောင်းချနေတဲ့ ပစ္စည်းတွေကို တားမြစ်မှာကို စိုးရိမ်ပါ တယ်။ ဝန်ကြီးကလည်း လာကြည့်တုန်းပြောသွားတာပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ချပေးမယ့် ဘယ်လိုတွေ စီစဉ်မယ် ဆိုတာကို အခုထိမပြောသေးဘူး။”ဟု ဆက်လက်ပြောကြားသည်။

ယင်းအပြင် မေယု အဆင့်မြင့်စျေးဆောက်လုပ်နေမှုမှာ လွန်ခဲ့သည့် ၉ လခန့်က စတင် ဆောက်လုပ်နေခြင်းဖြစ်ပြီး စျေးဆိုင်ခန်းများအား ယာယီစျေးသို့ ပြောင်းရွှေ့ပေးခဲ့စဉ်က စျေးသစ်ဆောက်လုပ်မှုမှာ သုံးနှစ်ခန့်သာကြာမြင့်မည်ဟု ပြောဆိုထားခဲ့သော်လည်း ယခုအချိန်ထိ စီမံကိန်းမှာ အကောင်အထည်မပေါ်သေးကြောင်း စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

ထို့အပြင် လက်ရှိတွင်ရောင်းချခွင့် ပေးထားခဲ့သည့် ယာယီစျေးမှာ အဆင်မပြေမှုများရှိနေပြီး သက်ဆိုင်ရာဌာနများ အနေဖြင့် စျေး၏ လိုအပ်ချက်များကို စီမံပေးမှု၊ ကြပ်မတ်ဆောင်ရွက်ပေးမှုများ အားနည်းနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly