အမေရိကန်ဘဏ်တွေ မြန်မာနိုင်ငံကို ၀င်ရောက်လုပ်ကိုင်ရန် အမေရိကန်ကုန်သည်ကြီးများအသင်း တိုက်တွန်း

အမေရိကန်ဘဏ်တွေ မြန်မာနိုင်ငံကို ၀င်ရောက်လုပ်ကိုင်ရန် အမေရိကန်ကုန်သည်ကြီးများအသင်း တိုက်တွန်း
 အမေရိကန် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကိုယ်စားလှယ်အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ -အမေရိကန် ကုန်သည်များအသင်း)

သြဂုတ် ၁ ရန်ကုန် ။            ။ အမေရိကန်ဘဏ်များအနေဖြင့် မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်ရန် အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) က  ယနေ့ သြဂုတ်လ ၁ ရက်တွင် တိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ  အစိုးရတာဝန်ရှိသူများ၊ ပြည်တွင်းဘဏ်များမှ  ကိုယ်စားလှယ်များနှင့် ရန်ကုန်နဲ့ နေပြည်တော်တို့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုလို ကြေညာချက်ထုတ် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အမေရိကန်ကုန်သည်ကြီးများအသင်းက ကုမ္ပဏီ ၁၃ ခု ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကိုယ်စားလှယ်အဖွဲ့ တစ်ခုကို ဦးဆောင်ပြီး ရန်ကုန်နဲ့ နေပြည်တော်တို့ရှိ  သက်ဆိုင်ရာတာဝန်ရှိသူများဖြစ်သော မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှုကော်မရှင် MIC အတွင်းရေးမှူး၊ ရင်းနှီးမြုှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှူးဦးစီးဌာန DICA ရဲ့ ဒုညွှန်ချုပ်၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဌ၊ ဘဏ္ဍာရေး ထိန်းသိမ်းမှုဌာနက တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် ဘဏ်ကြီးများနှင့် အာမခံကုမ္ပဏီကြီးများအပါအဝင် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်း များကို မြန်မာစျေးကွက် နှင့် စျေးကွက်တွင်းမှ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး နားလည်သွားနိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။  ထို့ပြင် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို မြန်မာစျေးကွက်ထဲ ၀င်ရောက်လုပ်ကိုင်နိုင် အောင် တိုက်တွန်းသွားရန် ဖြစ်ကြောင်း အမေရိကန်ကုန်သည်ကြီးများအသင်းက ယနေ့ သတင်းကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်နဲ့ သံရုံး အရာရှိများကိုလည်း  သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပြဌာန်းသတ်မှတ်ထားတဲ့ တင်းကျပ်တဲ့ ပြဌာန်းချက် အက်ဥပဒေ အပိုဒ်ခွဲ ၃၁၁ နှင့် ၃၁၂ တို့ကို ရုတ်သိမ်းပေးရန် ၀ါရှင်တန်အစိုးရကို တိုက်တွန်းခဲ့သည် ဟု သိရသည်။

အဆိုပါ  တင်းကျပ်သော ပြဌာန်းချက်များက  အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းများကို  မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့် တားမြစ်ထားလျက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။

“ယခုလို တင်းကျပ်တဲ့ ပြဌာန်းချက်တွေ ရှိနေခြင်းက အမေရိကန်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံနဲ့ လက်တွဲပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ့် အရည်အသွေးပိုင်းအပေါ် ထိခိုက်စေလျက်ရှိပြီး အထူးသဖြင့်တော့ နိုင်ငံကို တင်ပို့နေတဲ့ ပို့ကုန်တွေ၊ နိုင်ငံမှာလုပ်ဆောင်မယ့် ရင်းနှီးမြုှပ်နှံမှုတွေနဲ့ တစ်ခြားသော နိုင်ငံခြားကုမ္ပဏီ တွေ နဲ့ တန်းတူ စီးပွားရေးပိုင်းမှာပါ တန်းတူပါ၀င်လုပ်ကိုင်နိုင်မှုအပေါ် အထူးသက်ရောက်နေလျက် ရှိပါတယ်” ဟု အမေရိကန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် “အမေရိကန်ဘဏ်လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ ၀ါရှင်တန်အစိုးရက ပြဌာန်းချမှတ်ထားတဲ့ တင်းကျပ်တဲ့ ပြဌာန်းချက်တွေကြောင့် နိုင်ငံမှာ တိုက်ရိုက်ရင်းနှီးမြုှပ်နှံမှုအတွက်   ငွေကြေးထောက်ပံ့နေခြင်းမရှိသလို ကန်ရင်းနှီးမြုှပ်နှံသူတွေရဲ့ ငွေကြေးတွေကို အမေရိကန်အစိုးရထံ ပြန်လည်ပေးပို့ပေးနေခြင်း မရှိကြောင်း” AMCHAM Myanmar ၏ အမှုဆောင်ဒါရိုက်တာ Judy Benn က ပြောသည်။

ပြည့်စုံခိုင်မာကောင်းမွန်သော စီးပွားရေးဝန်းကျင်ဆိုသည်မှာ  ပြည်တွင်းပြည်ပ ကုမ္ပဏီအားလုံး ပါ၀င်ပြီး တားမြစ်ပိတ်ပင်ချက်၊ ကန့်သတ်ချက်စည်းမျဉ်းတွေ ကင်းလွတ်တဲ့ ၀န်းကျင်တစ်ခုတွင်း လုပ်ကိုင်နိုင်ကာ မတူညီကွဲပြားမှုနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးသော၊  ကုမ္ပဏီများအားလုံးကို မျှတသော အခြေအနေများ အောက်တွင် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ခွင့်ပြုတဲ့ အဝန်းအဝိုင်းတစ်ခုဖြစ်ရမည်ဟု AMCHAM Myanmar က ပြောသည်။  

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly