မစ္စယန်ဟီလီအပြန် ဘာတွေ ပြောင်းလဲလာမှာလဲ

မစ္စယန်ဟီလီအပြန် ဘာတွေ ပြောင်းလဲလာမှာလဲ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ တတိယ အကြိမ်မြောက် မြန်မာပြည်ခရီးစဉ်မှာ နိတ္ထိတံခဲ့ပြီ ဖြစ်သည်။

သြဂုတ်လ ၃ ရက်မှ ၇ ရက်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်(NCA) အချောသပ်နိုင်ရေး ၉ ကြိမ်မြောက် အစည်းအဝေး ကျင်းပနေသည့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အပါအဝင်နေရာ အတော်များများ ရောက်ရှိခဲ့ပြီး ပြန်မည့်ညနေတွင် ထုံးစံအတိုင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ကုလသမဂ္ဂ(UN) ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင်၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အရေးကြီးဆုံး သမိုင်းဝင် မှတ်တိုင်တခု ဖြစ်ပြီး ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့သည်။

လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲဖြစ်ရန်၊ နိုင်ငံရေးပါတီအားလုံး လွတ်လပ်စွာ ပါဝင်နိုင်ဖို့ လူမှု အသိုင်းအဝိုင်း ပြည်သူအားလုံး မဲပေးခွင့်ရရှိဖို့ လိုအပ်ကြောင်းနှင့် လွတ်လပ်သည့် သတင်းဌာနများက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ရှောင်များ၊ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ခွင့်အတွက် မဲစာရင်း စိစစ်ခြင်း၊ စာရွက်စာတမ်းများ ပြင်ဆင်ခြင်း၊ မဲပေးရန် စာရင်းသွင်းခြင်းများမှာ အခက်အခဲများနှင့်  ရင်ဆိုင်နေရပြီး ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နေသည်ကို နားလည်သော်လည်း ယခုထက်ပိုပြီး ထိရောက်သည့် ဆောင်ရွက်ချက်များ လုပ်ရန်လိုသေးကြောင်း အကြံပြုသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မီဒီယာလွတ်လပ်ခွင့်တို့တွင် စိုးရိမ်နေရဆဲပါ ဟု မစ္စယန်ဟီလီက ပြောသည်။

ယခင်နှစ်ကြိမ် သူ ပြန်ပြီး ရက်ပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုန့်ပြန်၍ သတင်း ထုတ်ပြန်ခဲ့ဖူးသည်။

၁၆ - ၇ - ၂၀၁၄ ရက်မှ ၂၆ - ၇ - ၂၀၁၄ ရက်အထိ ၁၀ ရက်ကြာ ပထမဆုံး ခရီးစဉ် အပြီးတွင်  နောက်ကြောင်း ပြန်လှည့်စေနိုင်သည့် စိုးရိမ်ဖွယ် လက္ခဏာရပ်များကို စိစစ်ဟန့်တားရန် လိုကြောင်း၊ လူမှု အသိုက်အဝန်းနှင့် သတင်းလောကတို့၏ လှုပ်ရှားမှုများကို ဟန့်တား အရေးယူရန် တရားစီရင်ရေးစနစ်နှင့် ဥပဒေတို့ကို အသုံးပြုလျက် ရှိကြောင်း၊ လွတ်လပ်စွာ ဖေါ်ထုတ် ပြောကြားခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်း စွာ စုရုံးခွင့်တို့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ် ကြောင်း၊ ခေတ်နှင့်မညီသော ဥပဒေများ သုံးသပ်ပြင်ဆင်ရေးနှင့် အမျိုးဘာသာ ကာကွယ်ရေး ဥပဒေကြမ်းများ ရုပ်သိမ်းရန် လိုကြောင်း သူ၏ တွေ့ရှိချက်နှင့် အကြံပြုချက်များကို ပြောကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းနိုင်ရေးအတွက် တည်ဆဲ ပြည်တွင်း ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်သည့် မည်သူ့အားမဆို ဥပဒေအရ အရေးယူသွားရန် လိုအပ်ပါသည်။ မည်သည့် လွတ်လပ်ခွင့် တစ်ရပ်ရပ်ကို မဆို ဥပဒေနှင့်အညီ ကျင့်သုံးခြင်းအတွက် အရေးယူခြင်းမျိုး မရှိပါ။ မီဒီယာ လွတ်လပ်ခွင့်ကိုလည်း ကန့်သတ်ထားခြင်း မရှိပါ။ သို့သော် တရားဥပဒေ ချိုးဖောက်သူ မည်သူမဆို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအရ အရေးယူခံရ မည်သာ ဖြစ်ပါသည်။မြန်မာနိုင်ငံအသည် သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့သည့် “ရိုဟင်ဂျာ”ဟူသည့် အသုံးအနှုန်းကို လက်ခံထားခြင်း မရှိသကဲ့သို့ အသိ အမှတ် ပြုထားခြင်းလည်း မရှိပါ။ နိုင်ငံသားဖြစ်မှု ကိစ္စကို  ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ၅ ရက်အတွင်း တုန့်ပြန်သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာနိုင်ငံသို့ ၆.၁.၂၀၁၅ ရက်မှ ၁၆.၁.၂၀၁၅ အထိ လာရောက်သည့် ဒုတိယအကြိမ် ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်ကိုလည်း ၃.၂.၂၀၁၅ ရက်တွင် ဤသို့ ပြန်လည်တုန့်ပြန်ခဲ့သည်။    

မြန်မာနိုင်ငံအစိုးရက မြေယာပြုပြင်ပြောင်းလဲမှုများကို ဦးစားပေး အကောင်အထည်ဖော်သွားမည်၊ မြေ ယာပြုပြင်ပြောင်းလဲမှု ပြဿနာများကို ထိရောက်စွာ ဖြေရှင်းသွားမည်ဖြစ်ပြီး ပြည်သူတို့၏ အကျိုးကို ကာကွယ် ပေးကာ မြေယာပိုင်ဆိုင်ခွင့်ရှိသူများထံ မြေယာများကို ပြန်လည်ပေးအပ်နိုင်ရန် စိစစ်ဆောင်ရွက်မည် ဖြစ်ပါ သည်။ နိုင်ငံတွင်းတွင် ကျယ်ပြန့်များပြားသော မြေယာများ ရှိခြင်းကြောင့် ဤမြေယာပြဿနာ ဖြေရှင်းရေး လုပ်ငန်းသည် နေ့ချင်းညချင်း ပြီးဆုံးနိုင်မည် မဟုတ်ပါ။

နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံ၏ တည်ငြိမ်မှု၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့တွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုကို ဆောင်ရွက်ပါသည်။ နိုင်ငံရေး အကျဉ်းသား များရေးရာကိစ္စ ရေရှည်ဆောင်ရွက်နိုင်ရန် ယခုအခါ အဖွဲ့ဝင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ တည်ဆဲဥပဒေ နှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သတင်းဆင်ဆာတည်းဖြတ်မှုကို ဖျက်သိမ်းခြင်း၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ သတင်းမီဒီယာ ဥပဒေသစ်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အတည်ပြု ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်၍ နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိစေရန် ဆောင်ရွက်ခဲ့ပါသည်။ အချို့ကဏ္ဍတွင် နောက်ပြန်လှည့်မှုများ ရှိနေသည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းထောက်အချို့အား ဖမ်းဆီးမှုများကို ကိုးကားပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့် သတင်းထောက်ကိုမျှ သတင်းစာ လွတ်လပ်ခွင့်နှင့်အညီ ဆောင်ရွက်မှုများအတွက် ဖမ်းဆီးခြင်း မဟုတ်ဘဲ တားမြစ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းကဲ့သို့သော ဥပဒေကျူးလွန်မှု များကြောင့် အရေးယူခြင်းသာ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည့် မည်သူ့ အားမဆို မည်သည့်နိုင်ငံကမျှ သည်းခံလိမ့်မည်မဟုတ်ပါဟု တုန့်ပြန်ခဲ့သည်။

မစ္စယန်ဟီလီ၏ တတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ်အပြီး လေ့လာသုံးသပ်ချက်များက မြန်မာ ပြည်သူများအတွက် ဘာတွေ ပြောင်းလဲလာမလဲ၊ ကုလသမဂ္ဂက  ဘယ်လောက် ကူပံ့ပေး နိုင်မလဲ၊ အစိုးရက ဘယ်လိုများ တုန့်ပြန်ဦးမလဲ၊ ဘယ်လောက် လိုက်လျောပေးမလဲ ဆိုသည်ကိုတော့ စောင့်ဆိုင်းကြည့်ရှုရန်သာ ရှိပါတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags