မန်ယူကွင်းလယ်ကစားသမားသစ် မာတစ်နဲ့ မန်ယူ TV တို့ရဲ့ ပထမဆုံးအင်တာဗျူး

မန်ယူကွင်းလယ်ကစားသမားသစ် မာတစ်နဲ့ မန်ယူ TV တို့ရဲ့ ပထမဆုံးအင်တာဗျူး

မန်ယူအသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ သူတို့ရဲ့ သုံးယောက်မြောက် ကစားသမား ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးကွင်းလယ်ကစားသမား နီမန်ဂျာမာတစ်ကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးချေခဲ့ရပြီး မာတစ်ရဲ့ ခြေစွမ်းအပေါ်မူတည်လို့ ပေါင် ၅ သန်းထပ်ပေးရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ မာတစ်ဟာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်လို့ သူ့ရဲ့ဘောလုံးသမားဘဝမှာ အကောင်းဆုံးအချိန်ကိုရောက်နေတာလို့ ပြောရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ပြီးတဲ့နောက် ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေတယ်လို့ ၀န်ခံခဲ့တဲ့ မာတစ်ကို မန်ယူ TV က ပထမဆုံးအင်တာဗျူး ပြုလုပ်ထားပါတယ်။

ဒီအင်တာဗျူးကို မဇ္စျိမ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Hello.. မာတစ်ရေ မန်ယူကစားသမားဖြစ်လာရတဲ့ ခံစားချက်ကို ပြောပါဦး။

ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ အသင်းသားတစ်ယောက်ဖြစ်လာရလို့ တကယ်ကို ပျော်ပါတယ်။ ဒီအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းတွေလုပ်ပြီး ပွဲထွက်ကစားချင်နေပါပြီ။

ဘာကြောင့် မန်ယူကို ရွေးချယ်ခဲ့တာလဲ။

မန်ယူအသင်းက ကမ္ဘာပေါ်မှာရှိတဲ့ အကြီးကျယ်ဆုံးအသင်းကြီးတွေထဲကတစ်သင်းဖြစ်လို့ပါ။ ပြီးတော့မော်ရင်ဟိုနဲ့ နောက်တစ်ကြိမ် လက်တွဲချင်လို့ပါ။ မန်ယူလိုအသင်းမျိုးမှာ မော်ရင်ဟိုလို နည်းပြမျိုးရှိနေလို့ အများကြီးစဉ်းစားစရာမလိုတော့ ပါဘူး။ ဆုံးဖြတ်ရတာ လွယ်ပါတယ်။

မော်ရင်ဟိုနဲ့ပြန်လက်တွဲရတဲ့ ခံစားချက်ကရော။

ကျွန်တော်တို့ နောက်တစ်ကြိမ်လက်တွဲခွင့်ရလို့ တကယ်ကို ၀မ်းသာပါတယ်။ မော်ရင်ဟိုက တကယ့် နည်းပြကောင်းတစ်ဦးပါ။ ကျွန်တော့်ဆီကနေ အကောင်းဆုံးခြေစွမ်းကို မရခင်ကတည်းက သူနဲ့လက်တွဲခဲ့ရတာပါ။ မော်ရင်ဟိုက ကျွန်တော့်ခြေစွမ်းကို အများကြီး တိုးတက်စေခဲ့ပါတယ်။ မန်ယူလို အသင်းကြီးမှာ သူနဲ့ပြန်လက်တွဲရလို့ တကယ်ကို ပျော်ပါတယ်။

မော်ရင်ဟိုက ကျွန်တော့်ကို ခေါ်ချင်နေတယ်ဆိုတော့ ပိုပြီးစိတ်အားတက်ကြွစေပါတယ်။ ဒီအသင်းမှာ ကစားဖို့ ထိုက်တန်တယ်ဆိုတာကို အကောင်းဆုံးပေးဆပ်ပြီး သက်သေပြသွားမှာပါ။

မာတစ်ရဲ့ရည်မှန်းချက်က။

အသင်းသစ်တစ်သင်းကို ပြောင်းချိန်မှာ အရေးအကြီးဆုံးက နည်းပြသစ်၊ အသင်းဖော်သစ်တွေနဲ့အမြန်ဆုံး အဆင်ပြေအထိုင်ကျပြီး ပျော်ရွှင်ဖို့ပါ။ ရီးယဲလ်နဲ့ကစားရမယ့် ပထမဆုံးပွဲကြီးပွဲကောင်း(ယူအီးအက်ဖ်အေစူပါဖလား)မတိုင်ခင် သူတို့နဲ့လေ့ကျင့်ရက်အနည်းငယ်တော့ ရမှာပါ။ ဒီရာသီမှာ ကျွန်တော်တို့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုခု ရယူနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။

လက်ရှိကြံ့ခိုင်မှု အခြေအနေကရော။

ချယ်လ်ဆီးမှာ ပထမအသင်းကြီးနဲ့ ကျွန်တော်လေ့ကျင့်ခန်းမလုပ်ရသေးပါဘူး။ ကြံ့ခိုင်ရေးနည်းပြနဲ့ ကျွန်တော်တစ်ယောက်တည်း လေ့ကျင့်ခဲ့ရတာပါ။ ဒါက အသင်းကြီးမှာ လေ့ကျင့်ခန်းလုပ်ရတာနဲ့ မတူပါဘူး။ ဒါပေမဲ့ ရာသီမစခင် ကိုယ့်ကိုကိုယ်ပြင်ဆင်ဖို့ အချိန်တော့ လုံလောက်ပါသေးတယ်။ အခုလက်ရှိမှာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ပေမယ့် မကြာခင် ကြံ့ခိုင်မှု ပြည့်သွားမှာပါ။

မန်ယူအသင်းက ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကိုရော ဘယ်လိုမြင်လဲ။

လင်ဒီလော့ဖ်နဲ့လူကာကူတို့ နှစ်ယောက်စလုံးရဲ့အကြောင်းကို ကျွန်တော်သိပါတယ်။ လင်ဒီလော့ဖ်ကတော့ ဘင်ဖီကာမှာတုန်းက သိခဲ့တာပါ။ လူကာကူကတော့ ကျွန်တော်ချယ်လ်ဆီးရောက်တဲ့အချိန်မှာ သူက အသင်းကနေ ထွက်ခွာသွားခဲ့လို့ အတူတူမကစားခဲ့ရပါဘူး။ ဒါပေမဲ့ သူနဲ့ပြိုင်ဘက်တွေအဖြစ် အကြိမ်အများကြီး ကစားခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်စလုံးက ကစားသမားကောင်းတွေပါ။ မန်ယူအသင်းရဲ့ရည်မှန်းချက်တွေပြည့်မြောက်ဖို့ သူတို့ ကူညီနိုင်ပါလိမ့်မယ်။

မန်ယူအသင်းရဲ့အခွင့်အလမ်းအပေါ် မာတစ်အမြင်ကို ပြောပါဦး။

မန်ယူအသင်းက နည်းပြမော်ရင်ဟိုနဲ့ တစ်နှစ်လက်တွဲပြီးသွားပြီဖြစ်လို့ အသင်းတစ်သင်းတော့ ရှိပြီးသားပါ။ အခုက ပိုပြီး ပြည့်စုံကောင်းမွန်လာတာပါ။ မန်ယူအသင်းအနေနဲ့ဘာလုပ်ရမယ်ဆိုတာ သိပြီးသားပါ။ ကျွန်တော်တို့ ဒီရာသီမှာ အများကြီးစွမ်းဆောင်နိုင်မယ်လို့ ကျွန်တော်အသေအချာ ပြောရဲပါတယ်။

မာတစ်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ပြောပါဦး။

ဒါက ပြောဖို့ နည်းနည်းခက်ပါတယ်။ ပရိသတ်တွေက ကျွန်တော့်အပေါ် အကဲဖြတ်တာကိုပဲ ကြိုက်ပါတယ်။ ကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ။ ကွင်းထဲမှာ ကျွန်တော်လုပ်နိုင်တာထက် ပိုပေးနိုင်ဖို့ အမြဲကြိုးစားသွားမှာပါ။

ကွင်းလယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်ကို ပြောပြပါဦး။

ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ အသင်းကို ဟန်ချက်ညီအောင်ထိန်းပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကွင်းလယ်ကစားသမားနေရာက အခြားနေရာတွေထက်ပိုပြီး အရေးကြီးတယ်လို့ ကျွန်တော်မပြောလိုပါဘူး။ ဒါပေမဲ့ ကွင်းလယ်မှာကစားပြီဆိုရင်တော့ ကွင်းထဲကအခြေအနေအားလုံးကို အချိန်တိုင်း သိနေရပါမယ်။ ဘယ်နေရာကို ဘောလုံးရောက်နေပြီ။ ဘယ်အချိန်မှာ တိုက်စစ်ဆင်မယ်။ ပြိုင်ဘက်တိုက်စစ်ကို ဘယ်လိုတားပြီး တန်ပြန်တိုက်စစ်ဘယ်လိုဆင်မယ်ဆိုတာတွေအားလုံးကို သိနေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အသင်းကို ဟန်ချက်ညီအောင် ထိန်းပေးရလို့ပါပဲ။

အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် ခံစားချက်။

ဒါက တကယ်ကို ထူးခြားတဲ့ခံစားမှုတစ်ခု ဖြစ်မှာပါ။ မန်ယူဂျာစီကိုဝတ်ပြီး အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားရတဲ့ ခံစားချက်က ထူးခြားမယ်လို့ ထင်ပါတယ်။ ဒီခံစားမှုကို ကျွန်တော်မခံစားဖူးပေမယ့် တကယ်ကိုမိုက်တဲ့ ခံစားချက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီလိုကစားခွင့်ရချင်နေပါပြီ။

မန်ယူနဲ့အတူ ဘယ်လိုအောင်မြင်မှုတွေကို ရယူချင်လဲ။

မန်ယူကစားသမားတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့ အများကြီး လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အသေအချာပြောနိုင်တာကတော့ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေရအောင် ကြိုးစားသွားမယ်ဆိုတာပါပဲ။ ချန်ပီယံလိဂ်ဆိုတာက ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့ရတဲ့ ပြိုင်ပွဲမဟုတ်ပါဘူး။ ဘာမဆိုဖြစ်ပျက်သွားနိုင်ပါတယ်။ မန်ယူအသင်းက ဥရောပမှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်လို့ ရာသီမစတင်ခင်မှာ အစီအစဉ်တွေဆွဲရတာက တကယ်ကို မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ ပွဲတိုင်းကိုအနိုင်ရဖို့ ကြိုးစားသွားမှာပါ။

နောက်ဆုံးအနေနဲ့ မန်ယူပရိသတ်တွေကို ပြောချင်တဲ့စကားက။

မန်ယူပရိသတ်တွေကို ပြောချင်တာကတော့ ဒီရာသီမှာ သူတို့တွေအားလုံး ပျော်ရွှင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်းထက်ပိုပြီး ကြိုးစားသွားပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly