အာဏာရှင်မာဒူယိုအား အမေရိကန်တို့ အရေးယူဒဏ်ခတ်ပိတ်ဆို့

အာဏာရှင်မာဒူယိုအား အမေရိကန်တို့ အရေးယူဒဏ်ခတ်ပိတ်ဆို့

သြဂုတ် ၁ ။                   ။ ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူယိုသည် ဆီးရီးယားမှ ဘာရှာအယ်လ်အာဆတ်နှင့် မြောက်ကိုရီးယားမှ ကင်မ်ဂျံုအန်းတို့နှင့် တန်းတူအာဏာရှင်တစ်ဦးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုဘက်မှ တနင်္လာနေ့က အမည်ဆိုးတပ်နှိပ်ခဲ့ပြီး မာဒူယိုအပေါ် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်သွားမည်ကြောင်း ကြေညာခဲ့သည်။

“မာဒူယိုဟာ ဆိုးဝါးတဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ယုံသာမက အခုဆိုရင်သူဟာ အာဏာရှင်တစ်ဦးပါ ဖြစ်လာနေပါ ပြီ” ဟု သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်လုံခြံုရေးအကြံပေးဖြစ်သူ အိချ်အာမက်မာစတာက သတင်းထောက် များအား ပြောကြားခဲ့သည်။

“ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ဖိနှိပ်မှုကိုခံနေရတဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟုလည်း သူက ဆက်ပြောခဲ့သည်။

အမေရိကန်၏ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်ကလည်း “မနေ့ကတုန်းက မာဒူယိုကိုယ်တိုင် ဦးဆောင်ကျင်းပ ခဲ့တဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲတွေကို အကဲခတ်ကြည့်ရင် သူဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ စိတ်ဆန္ဒ သဘောထားကို လစ်လျူရှုတတ်တဲ့ အာဏာရှင်တစ်ဦးဆိုတာကို သိရမှာပါ” ဟု ပြောခဲ့သည်။

“မာဒူယိုကို အရေးယူပိတ်ဆို့လိုက်ခြင်းက အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့အစိုးရပေါ်လစီတွေကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံတစ်ခုထူထောင်ချင်ကြတဲ့ ဗင်နီဇွဲလားပြည်သူတွေကို ထောက်ခံကြောင်း ပြသလိုက်တာပါပဲ” ဟု စတီဗင်က ဆက်ပြောခဲ့သည်။

၀ါရှင်တန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် မာဒူယိုမတိုင်ခင် ကွယ်လွန်သူသမ္မတဟောင်း ဟူဂိုချာဗက်စ် အုပ်ချုပ်စဉ်ကာလကတည်းက အမြဲတစေ ဝေဖန်နေခဲ့သော်လည်း တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကြေညာချက်ထဲတွင် မာဒူယိုအား ပထမဦးဆုံးအကြိမ်အဖြစ် အာဏာရှင်ဟု ခေါ်ဝေါ်လိုက်ခြင်းဖြစ်သည်။

ဒါ့အပြင် အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် အစောပိုင်းကတည်းက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်သည် နိုင်ငံတော်ခေါင်းဆောင်တစ်ဦးအား တိုက်ရိုက် အမည်တပ်ပြီး အရေးယူဒဏ်ခတ်ခြင်းဖြစ်သည်။

သို့သော်လည်း ထိုသို့အရေးယူပိတ်ဆို့မှုပြစ်ဒဏ်ကို အမေရိကန်နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် တင်ပို့နေသော ဗင်နီဇွဲလားနိုင်ငံမှ ရေနံလုပ်ငန်းအပေါ် ပြဌာန်းမည်မဟုတ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required