ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခက်အခဲများ

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခက်အခဲများ

မိမိတို့နိုင်ငံ၏ သမိုင်းတွင် မည်သည့်အခါကမျှ မကြုံဘူးသည့် ရေကြီးရေလျှံမှု ဘေးဥပါဒ် အန္တ ရာယ်ကြီးကို လွန်ခဲ့သည့် ဆယ်ရက်ကျော်ကတည်းက နေရာအန့ှံ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ မိ မိ တို့တိုင်းပြည် တိုင်းနှင့်ပြည်နယ်ကြီး ၁၄ ခု ရှိသည့်အနက် ၁၁ ခု မှာ ရေဘေးသင့် ဒေသများ ဖြစ်ခဲ့ ကြရသည်။

နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် သဘာဝ ဘေးဥပါဒ် အန္တရယ်ကျရောက် နေသော ဒေသများအဖြစ် ပြည်နယ်နှင့်တိုင်း ၄ ခုကို ထုတ်ပြန် ကြေညာခဲ့ရသည်။

ရေဘေး ဘာ့ကြောင့် ကြီးလာခဲ့ရသနည်းဆိုသည့် ကောက်ချက်များက အမျိုးမျိုးအစားစား ကွဲပြားလျက်ရှိသည်။ တသံတည်းထွက်သည့် အဖြေတစ်ခုရဖို့ ဆိုသည်မှာလည်း လွယ်ကူသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ် ကတည်းက ပွင့်လင်းမြင်သာသည့် တိုင်းပြည်မဟုတ်ခဲ့သည့်အတွက် ရှင်းလင်းတိကျသည့် ကောက်ချက်များ ချဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။

သို့သော် အဖြေမရှာဘဲ နေလို့ကလည်း မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် အဖြေရှိမှ သိမှသာလျှင် နောင်ရေရှည်အတွက်လည်းကောင်း၊ လက်ရှိခံစားနေရသော ဒုက္ခများ အမြန်ဆုံး ပပျောက်ရေးအတွက်လည်းကောင်း အလျင်အမြန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်၍ ရနိုင်မည် ဖြစ်သည်။

လက်ရှိအနေအထားမှာ ရေကြီးရေလျှံမှုများ မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာရသည် ဆိုသည်ထက် လက်တွေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးဒုက္ခများအတွင်း ကျရောက်နေသည့် ပြည်သူများအား ယင်းဘေးဥပါဒ် အန္တရာယ်ကြီးအတွင်းမှ ကယ်ထုတ်နိုင်ရေးနှင့် အတိဒုက္ခများ သက်သာလျော့ပါးရေး ဆောင်ရွက်ရမည့်ကိစ္စမှာ ပထမဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းကြီး ဖြစ် သည်။ သည်နေရာတွင် အခြားအခြားသော ရေဘေးသင့် ဒေသများကို အသာထားပြီး မကွေးတိုင်း စေတုတ္တရာမြို့ ရေဘေးသင့် အနေအထားများကို ဥပမာထား ပြောရမည်ဆိုလျှင် ယခုအခါ စေတုတ္တရာ မြို့ကလေးကို လွှမ်းမိုးခဲ့သည့် ရေမှာ ပြန်လည်လျော့ကျသွားပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသည့် အချိန်ဖြစ်သည်။

ရေကြီးရေလျှံသဖြင့် ယခုအခါ စေတုတ္တရာမြို့ အဓိကရင်ဆိုင်နေရသည့် ပြဿနာမှာ ရေကျပြီး နောက် ကျန်နေခဲ့သည့် ရွှံ့နုန်းများကို မခြောက်သွေ့သေးခင် ဖယ်ရှားနိုင်ရေးနှင့် သန့်ရှင်းရေး အခက် အခဲပင် ဖြစ်သည်။ ကျန်အခက်အခဲများမှာ စားရေးနှင့် ကျန်းမာရေး ထိစေတော့မည့် ပတ်ဝန်းကျင်များ အလျင်အမြန် သန့်ရှင်းအောင် ဆောင်ရွက်ရေးပင် ဖြစ်သည်။

စေတုတ္တရာမြို့သည် ရပ်ကွက်တစ်ခုတည်းသာ ရေလွှမ်းခြင်းမှ ကင်းလွတ်ခဲ့ပြီး ကျန်ရပ်ကွက် များအားလုံး ရေလွှမ်းမိုးခံခဲ့ရသည်။ တယ်လီဖုံးအဆက်အသွယ်များ ယခုအထိ ပြန်လည်ဆက်သွယ်လို့ မရသေး။ လျှပ်စစ်မီးများ ပျက်သည်။ မြို့နှင့် တစ်ခုတည်းသော ပြင်ပနှင့်ဆက်သွယ်ရာ မုန်းချောင်းတံ တားမှာ ရေအောက်သို့ သုံးရက်တိတိရောက်ခဲ့သဖြင့် နုန်းများဖယ်ရှားရန် ခက်ခဲခြင်း အစရှိသည့် အ ခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေကြရဆဲ ဖြစ်သည်။ မြို့ကို ဖုံးလွှမ်းကျန်ရစ်ခဲ့သည့် နုန်းမြေထုထည် မှာ အနည်းဆုံး တစ်ပေအမြင့်မှသည် ခြောက်ပေအမြင့်အထိ ရှိသည်။ လောင်စာဆီအခက်အခဲ ယုတ်စွအဆုံး ချက်ပြုတ်စားသောက်ရန် ထင်းသည်ပင်လျှင် မရှိဖြစ်နေသဖြင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ထောက်ပံ့သည့် ရေသန့်နှင့် အစာခြောက်များကိုသာ အဓိကအားထား မှီခိုနေရဆဲ ဖြစ်သည်။

ဆက်သွယ်သွားလာလို့ ရသည့်လမ်းမှာ မြို့၏ လမ်းမကြီးတစ်ခုသာ အသုံးပြုလို့ရပြီး ရပ်ကွက် များအားလုံး နုန်းများအောက် ရောက်နေသဖြင့် မည်သည့်ယာဉ်မျှလည်း သွားလာလို့မရ ဖြစ်နေသေး သည်။ အဆိုးဝါးဆုံး အခြေအနေမှာ မြို့နယ်အတွင်းက ကျေးရွာ ၂၀ ကျော် ရေမြုပ်ခဲ့ရပြီး ယင်းရွာများ သို့ ထိရောက်သည့် ဆက်သွယ်ရေးနှင့် ကူညီရေးပစ္စည်းများ ထိရောက်စွာ မဆောင်ရွက်နိုင်သေးသ ဖြင့် ယခုအခါ စားနပ်ရိက္ခာ ပြတ်လတ်သည့် အနေအထားအထိ ဖြစ်လာနေပြီ ဖြစ်သည်။

ဖြစ်ပေါ်ရင်ဆိုင်နေရသည့် ပြဿနာကကြီးမားခြင်း အလျင်အမြန် ရင်ဆိုင်လိုက်ရခြင်းကြောင့် စနစ်ကျသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မဖြစ်နိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပုဂ္ဂိုလ်အရ အဖွဲ့အစည်းများအရ မိမိအစီအစဉ် မိမိဆုံးဖြတ်ချက်နှင့် မိမိ စဉ်းစားဆုံးဖြတ် ဆောင်ရွက် နေကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ထိရောက်စွာ ကူညီ နိုင်ရေး အခက်အခဲကလည်း ကြီးမားလှသည်။
မည်သို့ပင်ဖြစ်စေ မိမိတို့ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးသင့် အခြေအနေကြီး ကို ပြည်သူနှင့် အစိုးရ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များသည့် ထက်ပိုမို ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး လွန်စွာအရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags