မူးယစ်ဆေးစွဲမိဘများထံမှ ထွက်ပြေးလာသော ကျန်ရစ်ကလေးငယ်နှစ်ဦးအား နိုင်ငံတော်မှ တာဝန်ယူစောင့်ရှောက်မည်

မူးယစ်ဆေးစွဲမိဘများထံမှ ထွက်ပြေးလာသော ကျန်ရစ်ကလေးငယ်နှစ်ဦးအား နိုင်ငံတော်မှ တာဝန်ယူစောင့်ရှောက်မည်
ဓာတ်ပုံ-ဦးဝင်းဦး

ရန်ကုန်၊ ဇူလိုင်လ ၃၁ ။             ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာနေ မူးယစ်ဆေးစွဲနေသော မိဘနှစ်ဦးက ကလေးငယ်များကို ရောင်းစားရန် စီစဉ်နေသည့်အတွက် ထွက်ပြေးလာသော ကလေးငယ် ၄ ဦးအနက် အသက် ရှင်ကျန်ရစ်သည့် မိန်းကလေးငယ်နှစ်ဦးကို နိုင်ငံတော်မှ တာဝန်ယူစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကူညီ ပေးနေသည့် မိုးကုတ်မြို့၊ မြတ်စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက အသက်ရှင်ကျန်ရစ်သည့် ရက်သားအရွယ် မိန်းကလေးတစ်ဦး နှင့် ၁၂ နှစ်အရွယ် မနန်းလှလှထွေး တို့ကို လူမှုဝန်ထမ်းနှင့် ပြန်လည်ကယ်ဆယ်နေရာချထားရေး ဒုတိယညွန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က လာရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်မှုးဦးစိုးနိုင်၊ ဆေးရုံအုပ်ဦးစိုင်းသန့်ခိုင်၊ တအားဝ် ပလောင်ပါတီနင့် စာပေယဉ်ကျေးမှုအဖွဲ့၊ မြတ်စေတနာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ သားများ ကြက်ခြေနီအဖွဲ ့သားများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ ကလေးငယ်နှစ်ဦးကို နိုင်ငံတော်မှ သက်တမ်းတစ်ခုထိ တာဝန် ယူစောင့် ရှောက်သွားရန် အများသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကလေးတွေကို နိုင်ငံတော်က တာဝန်ယူစောင့်ရှောက်ဖို့အတွက် ဒီနေ့ အစည်းအဝေးမှာ အများသဘော တူညီချက်ရရှိခဲ့ပါပြီ။ ကလေးမိဘတွေကို အကြောင်းမကြားရသေးတာတစ်ခုပဲ ကျန်တော့တယ်။ မူးယစ်ဆေးစွဲနေတဲ့ ကလေးတွေရဲ့မိဘနှစ်ပါးကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ဒီနေ့ အစည်းအဝေးမှာ လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ ကမ်းလှမ်းထားခဲ့တာ ရှိပါတယ်” ဟု မြတ်စေတနာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက ပြောသည်။

လက်ရှိတွင် ကလေးငယ် ၂ ဦးအတွက် အလှူငွေ ကျပ်သိန်း ၄ဝ ကျော်ရရှိထားပြီး မိုးကုတ်မြို့ နယ်ရှိ ကမ္ဘောဇဘဏ်တွင် အကောင့်ဖွင့်အပ်နှံထားကြောင်း၊ ထပ်မံလှူဒါန်းလိုသူများအနေဖြင့် 036-302-99918769001 KBZ Bank ltd (MGK) အကောင့်ထဲသို့ လွှဲအပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က မူးယစ်ဆေးစွဲနေသော မိဘများထံမှ သမီးကြီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးက ဦးဆောင်ပြီး ၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး၊ ၂ နှစ်နှင့် ရက် ၂ဝ အရွယ် မိန်းကလေးနှစ်ဦးကို ခေါ်ဆောင်ကာ မိုးမိတ်မြို့ထဲသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးလာသော ကလေး ၄ ဦးအနက် ၃ ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် အဒေါ်ဖြစ်သူ ကူညီမှုကြောင့် မိုးမိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံ ယူနေစဉ် ဇူလိုင်လ ၂၄ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် ၅ နှစ် အရွယ် ယောင်္ကျားလေးမှာ အာဟာရပြတ်လပ်သည့်ဒဏ်ဖြင့် သေဆုံးခဲ့သည်။

ထိုသို့ သေဆုံးခဲ့သည့်အတွက် ကျန်ရှိသည့် ကလေးငယ် ၃ ဦးအား မိုးမိတ်ရွှေပါရမီပရဟိတအသင်းနှင့် စေတ နာရှင်များက ကလေးအထူးကုရှိသည့် မိုးကုတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၆ နာရီတွင် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီခန့်အချိန်တွင် ၂ နှစ်အရွယ် မိန်းလေးငယ်တစ်ဦးမှာ ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထွက်ပြေးလာသူ ကလေး ၄ ယောက်အနက် ရက်သား အရွယ် မိန်းကလေး တစ်ဦးနှင့် မနန်းလှလှထွေးတို့သာ ကျန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required