လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သူကို ၆၆(ဃ)ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်

လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သူကို ၆၆(ဃ)ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်

ပေါင်၊ ဇူလိုင် ၃၁။           ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည့်အပေါ် ၎င်းလွှတ်တော်ကိုယ်စား လှယ်က ဇူလိုင်လ(၂၇)ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တရားစွဲဆိုထား ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် မုတ္တမကျေးရွာအုပ်စု၊ ကော့စိုင်ရပ်ကွက်တွင် နေထိုင်သူ Lar Htar Kay အကောင့်ပိုင်ရှင် ဦးအောင်ဆန်းဦးသည် Facebook လူမှုကွန်ယက် စာမျက်နှာပေါ်တွင်  " အဆင့် အတန်းမရှိတဲ့၊ အရက်သမား၊ အရူးဘုံမြောက်" ဟု ရေးသားခဲ့သောကြောင့် အမှုဖွင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် အမှတ်၂မဲဆန္ဒနယ်မှ   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဇော်ထူးကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အား ဂုဏ်သိက္ခာကျဆင်း၊ အသရေပျက်အောင် ရေးသားတင်ခဲ့သည့် အတွက် Paung Group Page တွင်လူဦးရေ(၂)သောင်းကျော်ခန့်နှင့် Share သူ(၅၁)ဦး ခန့်ရှိခဲ့တဲ့အတွက် တစ်နိုင်ငံလုံး အနှံ့အပြားသိရှိခဲ့ရပြီး ဆန္ဒမဲပေးရွေးချယ်ခဲ့သည့်ပြည်သူလူထုကို လည်း "အရူး"ဟု ခိုင်းနိုင်း ပြောဆိုရာ ကျရောက်ခဲ့သဖြင့် ၎င်း၏ဂုဏ် သိက္ခာများစွာ ကျဆင်းခဲ့ရခြင်းကြောင့် အမှုဖွင့်တရားစွဲ ဆိုရခြင်းဖြစ်သည်ဟု ပေါင်ရဲစခန်းမှ သိရသည်။

"ဇော်ဇော်ထူးကို စော်ကားရင်တော့အကြောင်းမဟုတ်ဘူး။ ခုဟာက ကိုယ်စားလှယ်ကို ဂုဏ်သိက္ခာ ထိခိုက်အောင် စော်ကားတာပါ။ နောက်ပြီးမဲပေးခဲ့တဲ့ပြည်သူလူထုကို "အရူး"နဲ့ခိုင်းနှိုင်းတဲ့ စကားလုံးက မသင့်တော်ပါဘူး။ ဒါကြောင့်မို့ ခုလိုဆက်သွယ်ရေးဥပဒေနဲ့စွဲဖြစ်သွားတာပါ။ ဥပဒေ လမ်းကြောင်း အတိုင်းပဲ သွားမှာပါ "ဟု ပေါင်မြို့နယ်၊အမှတ် (၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

" သူ့ကို ကျွန်တော်က ဒီကိစ္စကို ထိပ်တိုက်ရှင်းလင်းချင်လို့ ဆက်သွယ်ခဲ့တာ ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အရက်မူးပြီးလိုက်ပြောနေမယ်ဆိုရင် အရက်သမားနဲ့ အရူးဆိုတာ တူတူပဲ။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ဘုံပျောက်သလို၊ မှန်သလိုနဲ့လုပ်နေကြတာ။ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ဖို့ကမ်းလှမ်းတော့လည်း သူ့ဘက်ကရင်မဆိုင်ရဲဘူး။ သူနဲ့မျက်နှာချင်းဆိုင်ထိပ်တိုက် ရှင်းချင်လို့ ကျွန်တော့်ရဲ့ Facebook အကောင့်မှာ တရားဝင်မှန်မှန်ကန်ကန်တင်ခဲ့တာပါ "ဟု Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဂုဏ်သိက္ခာထိခိုက်ကျဆင်း၊ အသရေ ပျက်အောင် Online မှတဆင့် Facebookစာမျက်နှာပေါ်တွင်ရေးသားခဲ့သည့် Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးအား ပေါင်မြို့မရဲစခန်းက (ပ)၂၅၂/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပု်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ရဲမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly