လယ်ဝေးမြို့နယ်၊ ၆၆(ဃ)အမှုတွဲမှ ဖမ်းဆီးခံ NLD ပါတီဝင်(၂)ဦး အာမခံဖြင့် ပြန်လွတ်

လယ်ဝေးမြို့နယ်၊ ၆၆(ဃ)အမှုတွဲမှ ဖမ်းဆီးခံ NLD ပါတီဝင်(၂)ဦး အာမခံဖြင့် ပြန်လွတ်
ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့်အမှုပေါင်း (၈၀)မှုအထိ ရှိနေသည်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၃၁ရက်၊ ၂၀၁၇)။ ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် လယ်ဝေးမြို့နယ်ရဲစခန်းတွင် ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် လယ်ဝေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ မြို့နယ်အလုပ်အမှုဆောင်(၂)ဦးအား လယ်ဝေးမြို့နယ်တရားရုံးက ပထမဆုံးအကြိမ်ရုံးထုတ်သည့် ယနေ့တွင် အာမခံပေးလိုက်သဖြင့် ရဲတပ်ဖွဲ့က ပြန်လွတ်ပေးလိုက်ပြီဖြစ်သည်။

“ရှေ့နေကနေ အာမခံ လျှောက်လဲချက် ပေးလိုက်တော့ တရားသူကြီးကလည်း အာမခံပေးလိုက်တာ။ နောက်ရုံးချိန်းကိုတော့ ၁၄ရက်နေ့ ပြန်ချိန်းတယ်” ဟု အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူ ကိုကျော်မျိုးလွင်က မဇ္ဈိမကို ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးအား လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားလုပ်သည်ဆိုသော စွပ်စွဲချက်ကို ဖေ့စ်ဘွတ်တွင် ရေးသားသူ လယ်ဝေးမြို့နယ်၊ အေလာမြို့နေ ဒေါ်သက်သက်မော်နှင့် ဒေါ်သက်သက်မော်၏ ရေးသားချက်ကို ဖေ့စ်ဘွတ်တွင် မျှဝေခြင်း Share လုပ်သူ ကိုကျော်မျိုးလွင်တို့ နှစ်ဦးအား ဇူလိုင် ၁၉ရက်နှင့် ၂၀ရက်တို့တွင် ပုဒ်မ၆၆(ဃ)ဖြင့် ရဲတပ်ဖွဲ့က အသီးသီး ဖမ်းဆီးခဲ့သည်။

၎င်းတို့ နှစ်ဦးအား ကျေးရွာရံပုံငွေ အလွဲသုံးစားမှုဖြင့် ကျန်းမာရေးအာခံရရှိကာ အမှုရင်ဆိုင်နေရသူ လယ်ဝေးမြို့မှ ၂၅ မိုင်ခန့်ဝေးသော ဒလန့်ချွန်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေး၏ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းဆိုသူက တရားလိုပြုလုပ်ကာ ပုဒ်မ ၆၆(ဃ)ဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စက တကယ်တမ်းကကျ သူတို့(တရားလိုဘက်က)လုပ်ကြံတိုင်ကြားပြီးတော့မှ လိုက်ကိုင်တဲ့သဘော၊ ကျွန်တော့ကို ပုဂ္ဂိုလ်ရေးမုန်းလို့ လုပ်တဲ့သဘော” ဟု ကိုကျော်မျိုးလွင်က ပြောသည်။

ကိုကျော်မျိုးလွင်၏ ဖခင်ဖြစ်သူ ဦးသန်းလွင်၏ ပြောဆိုချက်အရ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေး၏ ကျေးရွာရံပုံငွေအား အလွဲသုံးစားလုပ်သည်ဆိုသည့်အမှုကို ၎င်း၏သားဖြစ်သူက ရွာသား(၄၀)ဦးကို ဦးဆောင်ကာ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဦးတင်ဌေးသည် အုပ်ချုပ်ရေးမှူးဖြစ်စဉ်က လွှတ်တော်ရံပုံငွေထဲမှ ရွာလမ်းနှင့် ရေရရှိရေးအတွက် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်း ပေးအပ်သော ကျပ်သိန်း ၆၀ ကို အလွဲသုံးစားပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို ဒေါ်သက်သက်မော်က ၄င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသားထားခဲ့သည်။ စွပ်စွဲချက်တွင် အမှုနှင့် ပတ်သက်၍ မြို့နယ်အာဏာပိုင်တို့က အရေးယူမှုမပြုခဲ့ဟု သဘောသက်ရောက်သည့် “မြို့နယ်ထွေအုပ်နဲ့ပေါင်းပြီး ခွေထားခဲ့ကြတယ်” ဟုလည်း ပါရှိသည်။

ထိုသို့ ရေးသားခဲ့သူ ဒေါ်သက်သက်မော်အပါအဝင် သူမ၏ ရေးသားချက်ကို ဖေ့စ်ဘွတ်တွင် မျှဝေခြင်း share လုပ်သူ ဒလန့်ချွန်ရွာသား ကိုကျော်မျိုးလွင်တို့ နှစ်ဦးလုံးကို ဧပြီလကတည်းကပင် ပုဒ်မ ၆၆(ဃ)ဖြင့် ဦးမောင်ဝင်းဆိုသူက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့အမြင်အရ ပြောရရင်တော့ ဒါ (ဆက်သွယ်ရေး)ဥပဒေရဲ့ အားနည်းချက်လို့ ပြောရမယ် ခင်ဗျ။ အမှန်တရားကို လူတွေမပြောရဲအောင် လုပ်တယ်လို့ ကျွန်တော်က ယူဆတယ်” ဟု ဒေါ်သက်သက်မော်၏ ခင်ပွန်းဖြစ်သူ ဦးမျိုးလှိုင်ဦးက မဇ္ဈိမကို ဇူလိုင် ၂၀ရက်က ပြောဆိုထားသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။  

ဇူလိုင် ၃၀ရက်အထိ စာရင်းများအရ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှု စုစုပေါင်း (၈၀)မှုအထိ ရှိလာသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးဥပဒေအားပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly