ပြည်မြို့တရားရုံးအချုပ်ခန်းတွင် ဧည့်တွေ့ တင်းကျပ်လိုက်သည့်အတွက် အချုပ်သားများဆန္ဒပြ

ပြည်မြို့တရားရုံးအချုပ်ခန်းတွင် ဧည့်တွေ့ တင်းကျပ်လိုက်သည့်အတွက် အချုပ်သားများဆန္ဒပြ

ပြည်၊ ဇူလိုင် ၃၁ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တရားရုံးအချုပ်ခန်းကို ဇူလိုင် ၃၁ ရက်နေ့က စပြီး ဧည့်တွေ့တင်းကျပ်ခဲ့ သည့်အတွက် အချုပ်သားများ ဆန္ဒပြ တောင်းဆိုမှုများဖြစ်ခဲ့သည်။

၄င်းအချုပ်ခန်းသည် သံဇကာ နှစ်ထပ်ကာရံထားပြီး အတွင်းသံဇကာစည်း၏ အပြင်ဘက် တွင် ယခင်က ဧည့်တွေ့ရခဲ့သည်။ ယခုအခါ အပြင်သံဇကာစည်း၏ အပြင်ဘက်မှသာ ဧည့်သည်များလာရောက် တွေ့ဆုံရသည့်အတွက် အချုပ်သားများဆန္ဒပြခြင်းဖြစ်သည်။

“ထောင်မှာတောင်မှ တစ်ထွာလောက်ပဲ ခြားတယ်။ အခု ငါတို့ကို အပြင်ကတွေ့ခိုင်းတယ်။ ငါတို့က အကျဉ်းသား။ ငါတို့က တိရစ္ဆာန်မဟုတ်ဘူး။ ငါတို့မှာလည်း လူ့အခွင့်အရေး ဆိုတာရှိသေးတယ်”အချုပ်သား တစ်ဦးဖြစ်သူကိုထွန်းသန်းဦးကဆိုသည်။

အချုပ်သားများက ဧည့်တွေ့မတွေ့ခြင်း ၊ ရုံးထုတ်မထွက်ခြင်း ၊ ထောင်မပြန်ခြင်း များပြုလုပ်ကာ ဆန္ဒပြသွားလျှက်ရှိပြီး ရဲတပ်ဖွဲ့ နှင့် တရားရုံးတာဝန်ရှိသူများကိုလည်း အော်ဟစ်တောင်းဆို မှုများပြုလုပ်နေသည်။

“ဒီတိုင်းငါတို့ကိုတွေ့မပေးရင် ငါတို့ လုံးဝမထွက်ဘူး ။ ရုံးလည်း မထွက်ဘူး ။ ထောင်လည်းမပြန်ဘူး။ အပြင်က ဧည့်သည်တွေလည်း မတွေ့ဘူး”ဟုလည်း အချုပ်သားတစ်ဦး က ပြောသည်။

အတွင်းလျှောက်လမ်းသည် ယခု လုံခြံုရေးလိုင်းနေရာဖြစ်ပြီး လုံခြံုရေးလိုင်းကို အဝင်မခံတော့သည့်အတွက် အဝေးမှသာ ဧည့်တွေ့ရခြင်းဖြစ်ကြောင်း နှင့် ဧည့်တွေ့သူများရှိသလို မတွေ့သူများလည်းရှိကြောင်း  ပြည်ခရိုင်မှုခင်းမှတ်တမ်းရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ရုံးမထွက်ဘူးဆိုရင် တရားရုံးပျက်ကွက်ဖြစ်ပြီးသူတို့ပဲ နစ်နာမှာပေါ့။ ကျွန်တော်တို့က အထက်ကို တင်ပြပေးမယ်”ဟု ၄င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required