ချေးငွေ ယူရိုငါးသန်းဖြင့် ကျောက်ဖြူနှင့် လေးတောင်သို့သွားလာနိုင်မည့် ကင်းချောင်းတံတား တည်ဆောက်မည်

ချေးငွေ ယူရိုငါးသန်းဖြင့် ကျောက်ဖြူနှင့် လေးတောင်သို့သွားလာနိုင်မည့် ကင်းချောင်းတံတား တည်ဆောက်မည်

ရခိုင်ပြည်နယ် ကမ်းရိုးတန်းမြို့များဖြစ်သည့် ရမ်းဗြဲကျွန်းအတွင်းရှိ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့နယ်ကို သွားလာနိုင်ရန် အတွက် ကင်းချောင်းတံတားကို နိုင်ငံခြားချေးငွေ ယူရိုငါးသန်းဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါတံတားမှာ အရှည်ပေ ၁၂၅၆ ပေရှိပြီး ဒီရေအထက်အမြင့်ပေ ၁၉ ဒသမ ၆ ခန့်ရှိမည်ဖြစ်ကာ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့၊ လေးတောင်နယ်သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဖောက်လုပ်ထားသည့် လမ်းဖြစ်ကြောင်း သိရသည်။

"တံတားတည်ဆောက်မှုက အခုစနေပါပြီ။ ဖေါင်ဒေးရှင်းကို ပြည်ထောင်စုရံပုံငွေနဲ့ ဆောက်လုပ်မှာဖြစ်ပြီးတော့ အပေါ်ပိုင်ကို သြစတေးလျချေးငွေနဲ့ ဆောက်လုပ်သွားမှာပါ။"ဟု ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံကပြောသည်။

ယင်းတံတားစီမံကိန်းအား ယခုနှစ်အတွင်း စတင်ဆောက်လုပ်နေပြီဖြစ်ကာ လေးတောင်နယ်မှာ ရမ်းဗြဲမြို့နှင့် သွားလာ ရေးခရီး ဝေးလွန်းသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ယခုတံတားတည်ဆောက်မှု ပြီးစီးသွားပါက ယင်းလမ်းမှ ကျောက်ဖြူမြို့နယ်သို့ သွားလာရေးလွယ်ကူသွား မည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များကိုလည်း ကျောက်ဖြူ စီးပွားရေးဇုန်အပါအဝင် တခြားဒေသများသို့ အလွယ်တကူတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

"လမ်းတံတားတွေ ကောင်းမွန်လာရင် ဒေသက အလိုလိုဖွ့ံဖြိုးလာတာပဲ။ လေးတောင်ဒေသက ရေမြေအနေအထား ကောင်းတော့ စိုက်ပျိုးရေးတွေဘာတွေ လုပ်ကိုင်လို့ကောင်းတာပေါ့။ အဲဒီဒေသကထွက်ကုန်တွေကို ကျောက်ဖြူ စီးပွားရေးဇုန်ကို အထောက်အပံ့ပေးလို့ ရတာပေါ့။"ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

တံတားတည် ဆောက်မှုမှာ သုံးနှစ်ခန့်ကြာမြင့်မည်ဖြစ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၈)မှ တာဝန်ယူ ဆောက်လုပ်လျှက်ရှိပြီး ယင်းတံတားပြီးစီးသွားပါက ကျောက်ဖြူမြို့အပြင် အဝေးပြေးလမ်းမနှင့်လည်း ဆက်သွယ်မှု ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလမ်းမမှာ ယခင်က ကျေးလက်ဒေသဦးစီးဌာန လက်အောက်တွင်ရှိသည့် လမ်းတစ်လမ်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှ စတင်ကာ ဆောက်လုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly